ကွဲပြားခြင်းရဲ့ အလှတရား

ကျွန်မသိတာပေါ့။ ကျွန်မက မိန်းကလေးတော်တော်များများနဲ့ ကွဲပြားနေတယ်ဆိုတာကို။ ဒါပေမဲ့ ဒီအတွက်တော့ နောင်တမရပါဘူး။

ကျွန်မအတွက်တော့ ပျော်ရွှင်ခြင်းဆိုတာ အခြားသူဖန်တီးပေးမှ ရနိုင်မယ့်အရာမဟုတ်ဘူး။ ချစ်ရတဲ့ကြင်ဖော်မရှိလို့လည်း ဝမ်းမနည်းပါဘူး။ ကျွန်မကိုယ် ကျွန်မချစ်တယ်ဆိုရင် ပြည့်စုံပြီပေါ့။

ကျွန်မရဲ့ အဘိဓာန်မှာ ပျော်ရွှင်မှုရဲ့အဓိပ္ပါယ်က ကိုယ့်ခြေထောက်နှစ်ချောင်းပေါ်မားမားမတ်မတ်ရပ်ပြီး ကိုယ့်ကိုကိုယ် ဦးစားပေးခြင်း တဲ့။

ယောက်ျားတွေရဲ့ အာရုံစိုက်ခံရမှုကို မက်မောတဲ့ မိန်းကလေးအမျိုးအစားထဲမှာ ကျွန်မမပါဘူး။ ဒါပေမဲ့ ကျွန်မမိတ်ဆွေအသစ်တွေကို မက်မောတယ်။ ကျွန်မနဲ့ အမှတ်တရတွေအတူဖန်တီးမယ့် မိတ်ဆွေတွေ၊ တန်ဖိုးရှိတဲ့ အချိန်တွေကို အတူဖြတ်သန်းမယ့် သူငယ်ချင်းကောင်းတွေ . . . သူတို့ကို ကျွန်မမက်မောတယ်။

Related article >>> တူညီသောမတူညီမှုများ

အေးဆေးတဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာထိုင်ပြီး ကော်ဖီခါးခါးကို တစိမ့်စိမ့်သောက်ရင်း ကျွန်မချစ်တဲ့ စာအုပ်တွေထဲမှာ နစ်မြောနေရင် နစ်မြောနေမယ်။ ဒါမှမဟုတ် ကဗျာလေးတွေစပ်ရင်း စိတ်ကူးယဉ်နေမယ်။ ဒါမှမဟုတ်လည်း စိတ်တူကိုယ်တူ သူငယ်ချင်းအသစ်တစ်ယောက်လောက်ရဖို့ ကော်ဖီခွက်လေးကိုင်ရင်း သူစိမ်းတွေနဲ့လည်း စကားစမြည်ပြောချင်ပြောဖြစ်မှာပေါ့။ ကျွန်မကအဲ့လို စိတ်ကိုဘောင်ခတ်မထားတတ်တဲ့ မိန်းကလေး။

ကျွန်မက အခြားသူတွေပြောပြတဲ့ သူတို့ဘဝဇာတ်လမ်းတွေကို နားထောင်ရတာကြိုက်တယ်။ သူတို့ရဲ့ အချစ်ပုံပြင်တွေမှာ ကိုယ်တိုင်စီးမျောရတဲ့ ခံစားချက်ကို သဘောကျတယ်။ သူတို့ရဲ့ ဟာသတွေမှာ ရယ်သံတွေထပ်ထည့်ပေးချင်တယ်။ သူတို့ရဲ့ အမှတ်တရတွေကို ထပ်တူတန်ဖိုးထားပေးချင်တယ်။ ဟုတ်တယ်.. ကျွန်မက စကားပြောရတာထက် နားထောင်ရတာကို ပိုကြိုက်တယ်။

ကိုယ်တန်ဖိုးထားတဲ့ သူတွေအတွက် ကိုယ့်ရဲ့ရှားပါးတဲ့ အချိန်တွေကိုဖဲ့ပေးဖို့ ဝန်မလေးဘူး။ ကိုယ့်ကိုတန်ဖိုးထားတဲ့ သူတွေကိုလည်း အချစ်တွေခွဲဝေပေးဖို့ မတွန့်တိုဘူး။ သူတို့ကြောင့်ပဲ အပြုံးဆိုတာ ကျွန်မနှုတ်ခမ်းတွေပေါ်မှာ တွဲလွဲခိုနိုင်တာလေ။ ကျေးဇူးတင်ရပါတယ်။

အခုအချိန်မှာ ဝိညာဉ်ဖက်ဆိုတာ မရှိသေးလို့လည်း ကျွန်မထွေထွေထူးထူး အားမငယ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့ထိုက်တန်တဲ့ သူတစ်ယောက်ကတော့ တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်မဘဝထဲကို ဖိတ်ခေါ်စရာမလိုဘဲ ရောက်လာမယ်ဆိုတဲ့ ယုံကြည်ချက်ရှိတယ်လေ။

Related article >>> ငါနဲ့မတူ ငါ့ရန်သူ

အဲ့အချိန်မတိုင်ခင်တော့ ကျွန်မမှာ လုပ်စရာတွေအများကြီးရှိသေးတယ်။ ကျွန်မနားက လူတွေကို တန်ဖိုးထားပေးရမယ်။ သူတို့ကျွန်မကို ချစ်တဲ့အတွက် နောင်တမရဘူးဆိုတာကို သက်သေပြပေးမယ်။ ကျွန်မကို မှီခိုနေတဲ့လူတွေအတွက် ယုံကြည်မှုတွေ တည်ဆောက်ပေးမယ်။ ကျွန်မအတွက် ဂုဏ်ယူပေးနေတဲ့လူတွေအတွက် စိတ်မပျက်ရအောင် ကြိုးစားမယ်။

ကျွန်မက အခြားမိန်းကလေးတွေနဲ့ မတူပါဘူး။ ဒါပေမဲ့ ကျွန်မကျေနပ်တယ်။ ဘာလို့လဲဆိုတော့ ကွဲပြားမှုဆိုတာ အခြားသူတွေမှာ မရှိတဲ့ ဝိသေသတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ သဘောပဲလေ။ ဒါကြောင့်ပဲ ကျွန်မကိုသေချာနားလည်တဲ့ သူတွေသာ မစွန့်ခွာဘဲ ကျွန်မနားမှာနေနိုင်တာ။ တကယ်တော့ ကျွန်မလိုတာကလည်း ဒီလို စိတ်ရင်းမှန်နဲ့ကျွန်မကို ချစ်ပေးတဲ့လူတွေ ဝန်းရံထားတဲ့ ကမ္ဘာတစ်ခုပါပဲ။

ကျွန်မလို အခြားသူတွေနဲ့ ကွဲပြားနေတဲ့ အမျိုးသမီးလေးတွေကိုလည်း ဒီကနေပဲ အားပေးလိုက်ပါရဲ့။ ညီမလေးတို့ရေ . . . ညီမလေးတို့က ရှားပါးတဲ့ အဖိုးတန်လေးတွေပါ။ လွယ်လွယ်နဲ့ရှာမတွေ့နိုင်မယ့် အစစ်မှန်ဆုံး၊ စိတ်အားအထက်သန်ဆုံး၊ အကြင်နာတတ်ဆုံး၊ အံ့သြစရာအကောင်းဆုံး၊ အထက်မြက်ဆုံး အမျိုးသမီးက ညီမလေးတို့ ကိုယ်တိုင်ပါပဲကွယ်။ ။

Myat (For Her Myanmar)

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤

error: Content is protected !!