မက်စ်စီကိုနိုင်ငံက ကျောချမ်းဖွယ် အရုပ်ကျွန်း

Annabelle ရုပ်ရှင်ချစ်သူတွေ ဒီကျွန်းမှာ တစ်ညလောက်နေကြည့်ချင်ဘူးလား??

ဒီကျွန်းရဲ့ ရာဇဝင်အစကတော့ ဒွန်ဂျူလီယမ် ဆန်တာနာ ဘာရီရာလို့ခေါ်တဲ့ လူကနေစခဲ့တာပါ။ ဘာရီရာက မက်စ်စီကိုနိုင်ငံက လျှိုချီမီကိုတူမြောင်းမှာ တည်ရှိတဲ့ ကျွန်းငယ်လေးပေါ်မှာ နေထိုင်ပါတယ်။ သူက လူထူးလူဆန်း… တစ်ချို့လူတွေက အထီးကျန်လို့သေပါတော့မယ်ဆိုတဲ့ အချိန်မှာ သူက ဘယ်လိုတောင် တစ်သီးပုဂ္ဂလကြိုက်လဲ မသိ.. တစ်ယောက်တည်းနေချင်လွန်းလို့ဆိုပြီး လူသူမနေတဲ့ ဒီကျွန်းပေါ်ကို ပြောင်းလာခဲ့တယ်တဲ့လေ။ သူကတစ်ကောင်ကြွက်မဟုတ်ပါဘူး.. ဇနီးနဲ့ကလေးရှိပါတယ်။ ဒါဆို မိသားစုကိုပစ်ပြီးတော့လာရအောင် ဆွဲဆောင်နိုင်တဲ့အရာတစ်ခုခု ရှိလို့လားဆိုတော့.. အဲဒီလိုလည်းမဟုတ်ဘူး။ ဒီအတိုင်း ကျွန်းပေါ်မှာ သူတစ်ယောက်တည်းကြီး။ ကြာတော့လည်း ကျွန်းစောင့်တစ်ယောက်လို ဖြစ်လာတာပေါ့နော်။

ဒွန်ဂျူလီယမ် ဆန်တာနာ ဘာရီရာ

ဒီလိုနဲ့.. သူနေချင်တဲ့ ဆိတ်ငြိမ်အေးချမ်းတဲ့ ဘဝကို တစ်ဦးတည်း ဖြတ်သန်းနေရာက တစ်နေ့တော့ လမ်းလျှောက်ရင်း ကမ်းစပ်မှာ တစ်ခုခု ပေါလောမျောနေတာ တွေ့လို့ သွားကြည့်တော့ ကလေးအလောင်းတစ်လောင်းကို တွေ့ခဲ့ပါတယ်။  ကလေးက မိန်းကလေး.. ငါးနှစ်ခြောက်နှစ်အရွယ်လောက်ပဲ ရှိဦးမယ်။  ကျွန်းမှာ နေထိုင်သူဖြစ်ပေမယ့် ဒီလို ကလေးငယ်တစ်ဦး ကြေကွဲဖွယ်ရာ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာကို အချိန်မီမကယ်ဆယ်လိုက်နိုင်ဘူးဆိုတဲ့အသိက ဘာရီရာကို အနည်းနဲ့အများ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်ဖြစ်စေခဲ့ပါတယ်။ နောက်တစ်နေ့ အဲဒီကလေးရေနစ်သေတဲ့ နေရာကိုသွားကြည့်တော့ အရုပ်ကလေးတစ်ရုပ်ကို ထပ်တွေ့ခဲ့တယ်။ အရုပ်က ကလေးမလေးပစ္စည်းဖြစ်မှာပဲ ဆိုပြီး သူ့ဝိညာဉ်ကို နှစ်သိမ့်တဲ့အနေနဲ့ ဘာရီရာက အဲဒီအရုပ်ကလေးကို သစ်ပင်တစ်ပင်မှာ ချိတ်ထားလိုက်ရော။

ချိတ်ဆွဲထားတဲ့အရုပ်တွေ

ဒါပေမဲ့ ကိစ္စက ဒါနဲ့မပြီးဘူး။ အဲဒီအချိန်ကစပြီး ဘာရီရာတစ်ယောက် အေးအေးချမ်းချမ်းမနေရတော့ပါဘူး။ လူသူမရှိတဲ့ကျွန်းမှာ ညညဆို ခြေသံတွေကြားတဲ့အပြင် မိန်းကလေးတစ်ယောက်ရဲ့ ညည်းသံတွေ၊ ငိုသံတွေကိုပါ ကြားရပါတယ်။ နောက်ထပ်ထူးဆန်းတာက ကျွန်းပေါ်မှာ အရုပ်တွေ တစ်ရုပ်ပြီးတစ်ရုပ်ကောက်ရပါလေရော။ တစ်ချို့က အကောင်းအတိုင်းပဲ.. တစ်ချို့အရုပ်တွေကျတော့ ဟောင်းနွမ်းစုတ်ပြတ်နေတာပေါ့။  အရုပ်တွေကောက်ရလာလိုက်တာ နောက်တော့ ကျွန်းပေါ်မှာ အရုပ်လိုက်ရှာတာ သူ့ရဲ့ နေ့စဉ်အလုပ်တောင် ဖြစ်လာပါတယ်။ ဒါပေမဲ့ ပျော်လို့ကောက်တာမဟုတ်ပါဘူး၊ သရဲအခြောက်ခံရလွန်းလို့ ဘာရီရာက ဝိညာဉ်ကျေနပ်အောင်ဆိုပြီး အရုပ်တွေကို  နေရာအနှံ့မှာ ချိတ်ဆွဲထားတာပါ။ ခြုံပုတ်ထဲ၊ နွံထဲ၊ ရေထဲ၊ မြောင်းထဲ..နေရာအစုံက အရုပ်တွေကို ကောက်တယ်၊ ဒါပေမဲ့ ကောက်ပြီးရင် ဆေးကြောတာတွေဘာတွေမလုပ်ဘူး၊ ဒီအတိုင်းကျွန်းအနှံ့က သစ်ပင်တွေမှာ တန်းပြီးလိုက်ချိတ်တော့တာပဲ။

Related Article >>> ကလေးသရဲ တူရူးလ်

သွေးပျက်စရာ

အဲဒီတော့ အရုပ်တွေက ကြည့်လိုက်ရင်မလှတဲ့အပြင် ညစ်ညစ်ပတ်ပတ်ကြီးတွေ၊ ဆံပင်စုတ်ပြတ်ပြတ်ကြီးတွေ၊ ခြေပြတ်လက်ပြတ်ကြီးတွေနဲ့ပေါ့။  အချိန်ကြာလာတာနဲ့အမျှ ဘာရီရာက  ကလေးမလေးရဲ့ ဝိညာဉ်ကို အလွန်အမင်းကြောက်ရွံ့လာပါတယ်။  မကျွတ်လွတ်တဲ့ ကလေးဝိညာဉ် ကိုပူဇော်တဲ့အနေနဲ့ အရုပ်တွေကို အိမ်သေးသေးလေးတစ်လုံးဆောက်ပြီး နတ်ကွန်းတစ်ခုလိုတောင် ထားခဲ့ပါသေးတယ်။  အထဲထဲမှာတော့ Annabelle လို အရုပ်တွေနဲ့ ပြည့်လို့..။ သူ့ရဲ့ မိသားစုဝင်တွေပြောတာကတော့ နတ်ကွန်းဆောက်တဲ့ အချိန်မှာ ဘာရီရာက တော်တော်လေးမူမမှန်ဖြစ်နေပါပြီ။ မကြာလိုက်ပါဘူး..။  တစ်ရက်တော့ သူကိုယ်တိုင် အဖြစ်ဆိုးနဲ့ ကြုံရပါတော့တယ်။ ကလေးမလေးရေနစ်သေတဲ့ နေရာမှာပဲ ဘာရီရာရဲ့ တူဖြစ်သူက သူ့အလောင်းကို မှောက်လျက်အနေအထားနဲ့ ရှာတွေ့လိုက်ရတော့တာပါပဲ။

အရုပ်လေးထည့်ထားတဲ့ နတ်ကွန်းလိုနေရာ

ဘာရီရာရဲ့ ကျောချမ်းစရာသေဆုံးမှုအပြီးမှာ အဲဒီကျွန်းဟာ ပိုပြီး နာမည်ကြီးလာပါတယ်။ သူ့မိသားစုဝင်တွေက အဲဒီနေရာကို ချင်မ်နန်မ်ပက်စ်ဧရိယာ လို့ နာမည်ပေးပြီး ခရီးသွားဧည့်သည်တွေ လေ့လာနိုင်တဲ့ နေရာအဖြစ် ထားရှိခဲ့တယ်။  ခရီးသွားတွေက အဲဒီကျွန်းကို လာတဲ့အခါ သူတို့နဲ့အတူ အရုပ်တွေကို ယူဆောင်လာပြီး သစ်ပင်တွေမှာ ချိတ်လေ့ရှိတယ်၊ ပြီးရင် အရုပ်တွေဆီကနေ တီးတိုးပြောသံကို နားထောင်ကြပါတယ်။ ဆယ်စုနှစ်တွေကြာအောင် နေဒဏ်လေဒဏ်တွေ ထိပါများတော့ အရုပ်တွေက ပျက်စီးယိုယွင်းနေလိုက်တာ အကောင်းအတိုင်းကျန်တဲ့အရုပ်ဆိုလို့မရှိသလောက်ပါပဲ။

Related Article >>> ဖိလစ်ပိုင်နိုင်ငံမှ သရဲအခြောက်ဆုံး နေရာများ

အများကြီးပဲ

အရုပ်တွေကို ကျွန်းအနှံ့က သစ်ပင်တွေမှာတင်မကဘူး၊ ဘာရီရာရဲ့ တဲ ပတ်ဝန်းကျင်မှာ ကြိုးတန်းတွေ သွယ်ပြီး အဝတ်လှန်းသလို ချိတ်ထားတာကို တွေ့ရမှာပါ။ အစိတ်အပိုင်းအစုံအလင်မရှိတော့တဲ့အပြင် တစ်ချို့အရုပ်တွေဆို ခေါင်းချည်းပဲ ချိတ်လျက်သားကျန်နေပါတော့တယ်။ ဆံပင်စုတ်ပြတ်ပြတ်ကြီးတွေ၊ ရယ်နေတဲ့ မျက်နှာမှာ ပါးစပ်ပေါက်တွေ မျက်လုံးပေါက်တွေထဲက အကောင်တွေ တိုးထွက်နေတာကို ကြည့်လိုက်ရင် မကြောက်တတ်ဘူးဆိုတဲ့လူကိုတောင် ကျောထဲစိမ့်ခနဲဖြစ်သွားစေပါတယ်။

ကြောက်စရာနော်

ယူနက်စကိုက ချင်မ်နန်မ်ပက်စ်ဧရိယာကို ၁၉၈၇ ခုနှစ်မှာ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာအဖြစ် ကြေညာခဲ့ပါတယ်။ အဲဒီကျွန်းက အခုဆိုရင် မက်စ်စီကိုနိုင်ငံရဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာတစ်နေရာဖြစ်နေပါပြီ.. သွားတဲ့လူတိုင်းကို စိတ်ထဲမသိုးမသန့်ဖြစ်စေဖို့တော့ ကျိန်းသေအာမခံတဲ့ နေရာတစ်ခုပါ။ ကျွန်းကိုရောက်ဖို့အတွက် နှစ်နာရီကြာအောင် လှေစီးရပေမယ့် စွန့်စားရတာကို ကြိုက်တဲ့ ခရီးသွားတွေ၊ ဓာတ်ပုံဆရာတွေအတွက်တော့ ဒီနေရာက မက်စ်စီကိုရဲ့ မဖြစ်မနေသွားသင့်တဲ့ နာမည်ကြီး ဧရိယာတစ်ခုပါ။ ကျွန်းပေါ်ရောက်တာနဲ့ အရုပ်တွေက ကိုယ့်ကိုစိုက်ကြည့်နေသလို ခံစားရလို့ တော်တော်ကို စိတ်ကသိကအောက် ဖြစ်စေတဲ့ နေရာလို့ ခရီးသွားတွေက ပြောကြပါတယ်။

သေချာတာတစ်ခုကတော့.. အဲဒီနေရာကိုရောက်ရင် Annabelle ကမ္ဘာကြီးထဲကို ရောက်သွားသလို ခံစားရမှာပါ။ လူသူမရှိတဲ့ အဲဒီကျွန်းမှာ ညဘက်တစ်ယောက်တည်း နေရမယ်လို့ စိတ်ကူးကြည့်လိုက်ရင်တော့…။

For you.

Bori ( For Her Myanmar )

References: Isladelasmunecas , Mysterious FactsDaily Mail, Google

Bori
Bori

I love food and cats, and do things at my own pace.. 'no hurry and always at ease' As a writer from For Her Myanmar, I am trying to help Myanmar ladies promote their knowledge in different aspects.

error: Content is protected !!