သူဖန်ဆင်းတဲ့ ကျွန်မကမ္ဘာ ( အပိုင်း – ၆)

ခပ်နွေးနွေးလေတစ်ချို့ သူမပါးနားက ဖြတ်သွားပြီးချိန်တွင် တစ်စုံတစ်ခုကို သတိရလို့ နောက်ကိုဆုတ်လိုက်ပေမယ့် … မအောင်မြင်တော့ … သူမ နှုတ်ခမ်းလေး ရုတ်တရက် နွေးသွားရသည် ။

ခဏနေတော့ သူပြန်ရောက်လာခဲ့သည် ။ သူမ နဲ့စကားပြောရင်း လင်းညိုက ဘေးမှာ ဆက်ထိုင်နေခဲ့တာမို့ သူတို့နှစ်ယောက်ပြန်ဆုံချိန်တွင် စိတ်ထဲ ထင့်ခနဲ ဖြစ်သွားရသည် ။ ခုနလေးတင်ကမှ နှစ်ယောက်သား ထော်လော်ကန့်လန့်တွေ စကားပြောခဲ့ကြတာမလား …
နောက်တစ်ခါထပ်ပြီး ကြားမညှပ်ချင်သည်မို့ သူတို့နှစ်ယောက်ကြားက ဘယ်လိုရှောင်ထွက်ရင်ကောင်းမလဲ စဉ်းစားနေချိန်တွင် … သူက လင်းညိုကို တစ်ချက်ကြည့်ကာ သူမဘက်ပြန်လှည့်ပြီး …

” မေရီ ပြန်လို့ရပြီ ။ ကိုယ် ဒီနေ့ လေလံမဆွဲဖြစ်တော့ဘူး ။ မင်းလည်း အပြန်ညဥ့်နက်ရင် အဆင်မပြေလောက်ဘူး ။ အခုပဲပြန်လိုက်တော့ ။ ကိုယ် လိုက်ပို့မယ် ။ ”

မထင်မှတ်ထားဘဲ သူပြောတဲ့ စကားက ထူးဆန်းပေမယ့် သူမ ခေါင်းညိတ်ရုံအပြင်မရှိ ။ ပြန်ဖို့ လင်းညို ကိုနှုတ်ဆက်တော့ လင်းညို က ရုတ်တရတ် သူမဖုန်းလေးကို ယူပြီး နံပါတ် တစ်ခု ရိုက်ထည့်ကာ ခေါ်လိုက်တဲ့အခါ လင်းညို ဖုန်းမြည်လာသည်ကိုကြားလိုက်ရသည် ။
သူက ဖုန်းပြန်ပေးရင်း …

” ကျွန်တော့်ဖုန်းနံပါတ် ပါ ။ နောက်မှ ကျွန်တော်ဖုန်းဆက်လိုက်မယ်နော် ။ ခုတော့ လိုက်ပို့ချင်ပေမယ့် မင်းညိုက လိုက်ပို့မယ်ဆိုတော့ နောက်နေ့မှပဲ အားတဲ့တစ်ရက် အပြင်မှာချိန်းပြီး ထမင်းအတူစားကြတာပေါ့ ။ ကျွန်တော်ဖိတ်တာပါ ။ ”

” ဟုတ်ကဲ့ လင်းညို … ကျေးဇူးတင်လို့ ကျွန်မက ဖိတ်ကျွေးရမှာပါ ။ နောက်မှတွေ့ကြမယ်နော် ”

နှုတ်ဆက်ပြီး သူဋ္ဌေးနောက် လိုက်ခဲ့တော့ သူဋ္ဌေးက ခုနပြတ်သွားသည့် စကားစကို ဆက်မေးမယ်လို့ ထင်ပေမယ့် ကားနားရောက်သည်အထိ ဘာမှမပြောဘဲ တိတ်ဆိတ်နေသည့် သူဋ္ဌေးက ပင်လယ်ပြင်မှာ မုန်တိုင်းမလာခင် ငြိမ်သက်နေသလိုမျိုး …
သူမနောက်ခန်းတံခါးကို ကိုင်လိုက်တော့ …

” ရှေ့ ခန်းမှာပဲ ထိုင် ”

Related Article >>> သူဖန်ဆင်းတဲ့ ကျွန်မကမာ

ပြတ်တောင်းတောင်းနဲ့ သူဋ္ဌေးရဲ့ စကားသံကြောင့် သူဋ္ဌေးကို တစ်ချက်မော့ကြည့်လိုက်ပေမယ့် သူပြောတဲ့ အတိုင်းရှေ့ ခန်းထဲပဲ ၀င်ထိုင်လိုက်သည် ။ ခါတိုင်း အထက်စီးက စကားပြောတတ်ပေမယ့် ခပ်ရင့်ရင့် မပြောတတ်တဲ့ သူဋ္ဌေးဆီက ခုလို မာကျောကျော စကားသံကို ကြားရတော့ မေရီ သိပ်တော့ သဘောမကျ ။ သူ့ ဝန်ထမ်းဆိုပေမယ့် ဘာအပြစ်မှမရှိဘဲ ဒီလို မာကျောကျော စကားမပြောသင့်ဘူးလို့ ထင်တယ်လေ ။ မေရီ သိပ်မကျေနပ်တာမို့ ထွေထွေထူးထူး စကားမဆိုဘဲ ခပ်တည်တည်ပဲ ထိုင်နေခဲ့လိုက်သည် ။ သူဆီကလည်း ဘာသံမှမကြားရ ။ စကားမပြောဘဲ ကားကို ဂရုစိုက်မောင်းနေသလားဆိုတော့လည်း မဟုတ် ။ ကားမောင်းကြမ်းလိုက်ပုံက အကွေ့တွေ အ၀ိုက်တွေမှာ မေရီ လက်ကိုင်ကွင်းကို ယောင်ယောင်ကိုင်မိသည်အထိ လန့်ရသည် ။ သို့ပေမယ့် လည်း မေရီလဲ သူ့ကို စကားမပြောချင် ။ မသိချင်ယောင်သာဆောင်ပြီး ဘုရားစာရွတ်နေလိုက်သည် ။ သူ့ဟာသူမောင်းချင်သလိုမောင်းပါစေ မတတ်နိုင်ဘူးလေ … နောက် သူမောင်းတဲ့ကားမစီးဖြစ်အောင် ရှောင်ရုံပေါ့ ။
အိမ်ကိုဘယ်နားလဲ မမေးဘဲ မောင်းနေပေမယ့် လမ်းတွေကိုကြည့်တော့လည်း တကယ်အမှန် မေရီအိမ်ဘက်ကို ဦးတည်နေတာ ။ CV Form မှာလိပ်စာကို အသေအချာကြည့်ထားပုံရသည် ။ သူဋ္ဌေးပီပီ စေ့စပ်လိုက်တာမှ … အဲတော့လဲ ပိုကောင်းတာပေါ့ ။ စကားမပြောချင်တာနဲ့ အတော်ပဲလေ ။

ဝှီးခနဲ ရုတ်တရတ် ကားထိုးရပ်လိုက်တော့ လန့်ပင်သွားရသည် ။ အပြင်ကိုကြည့်တော့ အိမ်ကိုမရောက်သေး ။ ဘာဖြစ်မှန်းမသိလို့ သူ့ဘက်လှည့်ကြည့်တော့ မျက်မှောင်ကြုံ့ကာ သူမကို စူးစိုက်ကြည့်နေသော သူဋ္ဌေးကို မြင်ရသည် ။

” သူဋ္ဌေး ဘာဖြစ်လို့လဲဟင် ”

” ခုတော့ မင်းစကားပြောပြီပေါ့ ။ ”

” ရှင် ”

” ဟုတ်တယ်လေ … ကိုယ် ဒီလောက်ကားမောင်းကြမ်းတာတောင် မကြောက်မရွံ့နဲ့ အသံတစ်ချက်မထွက်လို့ ကိုယ့်ကားပေါ်ပါလာတာ လင်းညိုနဲ့တုန်းက စကားတွေအရမ်းပြောတဲ့ မေရီမှ ဟုတ်ရဲ့လားလို့ ကားရပ်ပြီးသေချာပြန်ကြည့်တာ ။ ”

လာပြန်ပြီ လင်းညို ။ ညီအကိုလိုရင်းနှီးတဲ့ သူငယ်ချင်းသာပြောတယ် ။ သူဋ္ဌေးတစ်ယောက် ဘာလို့ လင်းညိုကိုပဲသွားခလုတ်တိုက်နေသလဲမသိ ။ ဘာပဲဖြစ်ဖြစ် သူဋ္ဌေးဆိုတော့လည်း အဆင်ပြေအောင်ကြည့်ကျက်ပြောရမှာပဲလေ …

” သူဋ္ဌေး ကားမောင်းကျွမ်းကျင်တယ်ဆိုတာ ယုံပြီးသားမို့ပါ ။ သူဋ္ဌေးက ဒီလောက်တော်တာ ကိုယ့်ကိုကိုယ်တော့ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးလေ ။ အဲဒီတော့ သူဋ္ဌေးနဲ့ အတူရှိနေတဲ့ ကျွန်မလည်း မထိခိုက်နိုင်ဘူးဆိုတာ သိနေတော့ သူဋ္ဌေး စိတ်တိုင်းကျ မောင်းတာကို ဘာမှပြောစရာမရှိလို့ပါ ”

အမှန်တော့ မပြောချင်တာရယ် … မပြောရဲတာရယ် စုသွားတာ ဆိုတာ သူသိလို့တော့မဖြစ် မှင်သေသေနဲ့ပဲ ကြည့်ကောင်းအောင်ပြောရတော့မည်လေ … ။

” ကိုယ့်ကို ယုံတယ်ပေါ့ ”

” ဟုတ်ကဲ့ ယုံပါတယ် ။ ”

” အဲဒါဆို မျက်လုံးမှိတ်လိုက် ။ ”

” ဟင် … ဘာလို့လဲ ”

” ကိုယ့်ကို ယုံတယ်ဆို ကိုယ်ပြောသလိုလုပ်လေ ။ ”

Related Article >>> သူဖန်ဆင်းတဲ့ ကျွန်မကမ္ဘာ ( အပိုင်း – ၅ )

သူမကို စူးစိုက်ကြည့်နေတဲ့ သူ မျက်လုံးကိုပြန်ကြည့်မိတော့ လိုရာခိုင်းစေနိုင်တဲ့ စိတ်ညှို့စွမ်းအားတစ်ရပ် ကိုခံစားမိလိုက်သလို အလိုလို သူမ မျက်လုံးမှိတ်လိုက်မိသည် ။
ခပ်နွေးနွေးလေတစ်ချို့ သူမပါးနားက ဖြတ်သွားပြီးချိန်တွင် တစ်စုံတစ်ခုကို သတိရလို့ နောက်ကိုဆုတ်လိုက်ပေမယ့် … မအောင်မြင်တော့ … သူမ နှုတ်ခမ်းလေး ရုတ်တရက် နွေးသွားရသည် ။
ထိုအခိုက်အတန့်မှာ နှလုံးခုန်သံများရပ်တန့်သွားသလိုပင် ။ သူ့အသက်ရှူသံကလွဲ အခြားဘာတစ်ခုမှ မကြားရတော့ ။ သတိဝင်ဝင်ချင်း သူ့ကို တွန်းထုတ်လိုက်မိပြီး ရှက်လွန်းလို့ မျက်ရည်များပင် ၀ဲတက်လာသည်အထိ ။
သူ့ အငွေ့အသက်တွေနဲ့ နွေးနေဆဲ နှုတ်ခမ်းလေးကို လက်ခုံနဲ့ ပိတ်ကာထားရင်း …

” ရှင် ရှင် … ဘာလို့ ဒီလိုလုပ်တာလဲ ”

” ကိုယ့်ကို ညာလို့ ဒဏ်ပေးတာ ။ ”

” ရှင် ”

” မင်းကိုယ့်ကို မယုံဘူး ။ မင်းတစ်လမ်းလုံး ဘုရားစာရွတ်လာတာ ကိုယ်မြင်တယ် ။ မင်း ကို ကိုယ် လင်းညို ဆီက ခေါ်ထုတ်လာပြီး ကားရှေ့ ခန်းမှာထိုင်ဖို့ပြောထဲက မင်းကိုယ့်ကို မကျေလည်တာ ။
ကိုယ်အဖတ်တတ်ဆုံးက မင်းရဲ့ မျက်နှာပဲ ။ မင်း က ကိုယ်နဲ့ အပြိုင်ရွဲ့ နေတာ ။ မင်းကိုယ့်ကို စကားမပြောလို့ ကိုယ်ကားကို တမင် ကြမ်းကြမ်းတမ်းတမ်းမောင်းမှန်း သိသိကြီးနဲ့ မသိချင်ယောင်ဆောင်ပြီး ဆက်မပြောဘဲနေတာ ။  ကိုယ့်ကိုစကားမပြောချင်တာထက် လင်းညိုကိုကျတော့ စကားပြောပြီး ကိုယ့်ကို မင်းပစ်ထားသလို ခံစားရတာက ပိုဆိုးတယ် ။ ”

သူပြောတဲ့ စကားတွေနောက်က သူ့နာကျင်မှုတွေကို ခံစားမိလိုက်ချိန်တွင် ထွက်နေသော ရှက်ဒေါသများပင် ရုတ်တရတ် ရပ်တန့်သွားမိသည် ။ အမေတစ်ယောက်ထဲက စောင့်ရှောက်ခဲ့တယ် ဆိုပေမယ့် သားအရင်းနဲ့ သားအရင်းမဟုတ်တဲ့သူ ဘယ်လိုတွေတောင် ကွာခြားမှုတွေရှိခဲ့သလဲ ။ ဒါတွေက စိတ်ဒဏ်ရာတွေဖြစ်ခဲ့ပြီး တချိန်လုံး နာကျင်နေခဲ့တာလား …

” သူဋ္ဌေး … ”

” မင်းနဲ့ လင်းညို နဲ့ က ဘယ်လိုပတ်သတ်တာလဲ ? ကိုယ့်ကိုပြော … ”

ကြိုတွေးထားသည့်မေးခွန်း … နှစ်ယောက်စလုံးကိုဘက်မလိုက်ဖြစ်အောင် ဘယ်လိုဖြေရမလဲ အကြံထွက်စမ်းပါ …
သူမ အကြံထုတ်ရင်း ငြိမ်သွားသည်ကို သူက သတိထားမိပုံနဲ့

” ညာတော့မပြောနဲ့ ။ နောက်ထပ် ဒဏ်ခတ်ဖို့ ကိုယ် ၀န်လေးနေမှာမဟုတ်ဘူး ။ ”

သူ့ပြောစကားအဆုံးမှာ သူမမျက်နှာပူသွားရသည် ။ သူကတော့ ဘာမှမဖြစ်တဲ့အတိုင်း ။ တော်တော်အနိုင်ကျင့်တဲ့ သူဋ္ဌေးပဲ … ။ အဲဒီကိစ္စကိုမကျေနပ်ပေမယ့် ခုချိန် lock ချထားတဲ့ သူ့ကားထဲရောက်နေတာမို့
သူ့ပိုင်နက်ကမလွတ်မချင်း ရှင်းလို့မဖြစ်သေး နောက်မှ ရှင်းမယ်လို့ မေရီစိတ်ထဲတေးရင်း … လင်းညိုရေ … အားတော့ နာပေမယ့် အနီးကပ် အန္တရယ်ကို ရှောင်ဖို့ ကတိမတည်နိုင်တာ ခွင့်လွှတ်ပါ …

” မိတ်ဆွေတွေပါ ။ ကျောင်းတက်ခဲ့တုန်းက သြစတြေးလျမှာဆုံခဲ့တာ ။ ကျွန်မ ရုတ်တရက် နေမကောင်းဘဲ ဆေးရုံရောက်တုန်းက မြန်မာအချင်းချင်း ဆိုပြီး သူကူညီခဲ့တဲ့ကျေးဇူးရှိခဲ့ဖူးတယ် ။ ”

” ဒါကြောင့် ခု မင်းက ကျေးဇူးဆပ်တဲ့ အနေနဲ့ ထမင်းဖိတ်ကျွေးဖို့ ပြင်နေတာပေါ့ ။ ”

” ပြန်တွေ့ မယ်လို့ မထင်ခဲ့ပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့နေမှတော့ ထမင်းလောက်တော့ ဖိတ်ကျွေးချင်တယ် ။ ကျွန်မ အကူအညီလိုနေတဲ့အချိန်မှာ သူအနားမှာရှိနေပေးခဲ့တာ ဒီလောက်တော့ ကျွန်မ ပြန်လုပ်ပေးမှ ကောင်းမှာပေါ့ ။ ”

” တကယ်ကျေးဇူးတင်ရုံသက်သက်ပဲလား … ”

အနည်းငယ်စိတ်ပျော့ညံ့သွားတဲ့ အရှိန်နဲ့ သူမေးသမျှ ယောင်ယမ်းဖြေနေမိသည့်အဖြစ်ကို သတိဝင်လာသည်နှင့် …

” ဒီမှာ … သူဋ္ဌေး ကျွန်မက တရားခံလား … ဘာမှအပြစ်မလုပ်ထားဘဲနဲ့ တရားခံစစ် လာစစ်နေတယ် ။ ဒါကျွန်မရဲ့ Personal ကိစ္စတွေပါ ။ ဘာလို့ အကုန်လိုက်သိချင်နေတာလဲ ”

” ကိုယ်သိဖို့ လိုအပ်လို့ မေးနေတာ … ”

” ကျွန်မကတော့ လိုအပ်တယ်မထင်ဘူး ။ ”

” အိုကေလေ … အဲဒါဆို ကိုယ့်ဘာသာကိုယ် သိအောင်လုပ်ရမှာပေါ့ ။ ” ပြောရင်းနဲ့ ကားဆက်မောင်းတဲ့ သူ့ကို မျက်နှာမလွှဲနိုင်သူကတော့ မေရီဖြစ်ခဲ့သည်လေ …
မေရီနှစ်ခြိုက်တဲ့ သူ့ နှုတ်ခမ်းပေါ်က အပြုံးပြေပြေလေးက ခုတစ်ခါမှာတော့ လှောင်ပြုံးလေးအဖြစ် ပြောင်းလဲသွားခဲ့သည် ။
ဘာတွေလဲ ကိုမင်းညိုရောင်ရယ် … ရှင်ကတော်တော်နားလည်ရခက်တဲ့ ယောက်ျားတစ်ယောက်ပါလား …

အသဲကျော် ( For Her Myanmar )

AThae Kyaw
AThae Kyaw

အသဲ ကတော့ For Her Myanmar မှာ အသုပ်စုံပါ ။ အလုပ်ခွင်အကြောင်းတွေလဲရေးသလို အလှအပအကြောင်းတွေလဲ စိတ်ကူးပေါက်ရင် ရေးတာပဲ ... စာအုပ်တွေ အကြောင်းလဲရေးတယ် ... Mood ၀င်တဲ့နေ့တွေဆို ၀တ္ထုတိုတွေလည်း ရေးဖြစ်တယ် ။ စာဖတ်သူကို motivation ဖြစ်စေမယ့် စာလေးတွေရေးရတာ သိပ်သဘောကျတယ် ။ နေ့တိုင်း ရုပ်ရှင်မကြည့်တဲ့နေ့မရှိတဲ့ ရုပ်ရှင်ဝါသနာအိုးဆိုတော့ Movie Review နဲ့ အနုပညာရေးရာသတင်းတွေ ရေးရတာကို အကြိုက်ဆုံးပဲ ... ။ မကျွမ်းကျင်ဆုံးကတော့ အချစ်ရေးအချစ်ရာတွေပါ ... အာ့မို့ အချစ်ရေးကိစ္စတွေမှာဆို အသဲ လက်ရာဆောင်းပါး ကို တွေ့ရခဲပါတယ် ဟီး အကောင်းဆုံးကြိုးစားသွားမှာမို့ အသဲရဲ့ စာလေးတွေကို အားပေးကြပါဦး ယောင်းတို့ရေ .