အင်တာဗျူးဖြေပြီးတိုင်း အဆင်ပြေ ၊ မပြေသိရဖို့ လုပ်ဆောင်သင့်တဲ့ အချက် (၅) ချက်

သေချာပေါက်အလုပ်ရဖို့နည်းလမ်းကောင်းတွေနော်….

ကျောင်းဝင်ခွင့်အင်တာဗျူးပဲဖြေဖြေ ၊ အလုပ်အတွက် အင်တာဗျူးပဲဖြေဖြေ ရလဒ်ကို တန်းပြီးကြေညာပေးတာ ရှားပါတယ်။ တချို့အလုပ်တွေမှာဆို အနည်းဆုံး အင်တာဗျူးနှစ်ကြိမ် ဝင်ပေးရပါတယ်။ အင်တာဗျူး မဝင်ရသေးရင်လည်း မဝင်ရသေးလို့မို့၊ ဖြေပြီးရင်လည်း ဖြေပြီးလို့မို့ စောင့်ရတဲ့ ဒုက္ခတွေက မသေးလှဘူးလေ…

အင်တာဗျူးဖြေပြီးတာနဲ့ အကြောင်းပြန်မယ့်နေ့ထိ လည်ပင်းရှည်ရှည်နဲ့ စောင့်ရသလို ကိုယ့်ဆီများ ဖုန်းဝင်လာမလားဆိုတဲ့ စိတ္တဇ နဲ့ဖုန်းကြည့်ရတာလည်း အမောပါပဲ။ ကုမ္ပဏီတော်တော်များများက အင်တာဗျူးအောင်တဲ့လူတွေပဲ အကြောင်းကြားပေးပြီး မအောင်တဲ့သူတွေကိုတော့ အကြောင်းမပြန်တတ်ပါဘူး။ ဒါကိုမသိဘဲ စောင့်ပဲ စောင့်နေမယ်ဆိုရင်တော့ အချိန်တွေ အလကား ကုန်သွားမှာဖြစ်ပြီး အခွင့်ကောင်းတွေကိုလည်း လက်လွှတ်ရတတ်ပါတယ်နော်..

 

ဒီတော့ အင်တာဗျူး ဖြေခဲ့ပြီးပြီပဲဆိုပြီး အေးဆေး နေလို့တော့ မရတော့ဘူးနော်… အလုပ်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အင်တာဗျူးဖြေခဲ့ပြီးချိန်တိုင်းမှာ ဒါလေးတွေ လုပ်ကြည့်ရင်ကတော့ ကိုယ်က ဘယ်လောက် ပရော်ဖက်ရှင်နယ်ဆန်လဲဆိုတာ သူတို့သိနိုင်မှာဖြစ်သလို ကိုယ့်အတွက် အခွင့်အလမ်းတွေလည်း ပိုရလာနိုင်ပါတယ်နော်… ဒီလိုဆို ဘယ်အချက်တွေကို လုပ်ကြည့်ရမှာလဲ?

၁။ နှစ်ရက်အတွင်းကျေးဇူးတင်ကြောင်း အီးမေးလ်ပို့ပါ။

အင်တာဗျူးပေးခဲ့တဲ့ ဘယ်သူ့ကိုမဆို အင်တာဗျူးဖြေပြီး ၂၄ နာရီအတွင်း ဖြစ်ဖြစ် ဒါမှမဟုတ် ဖြေပြီး နောက်တစ်နေ့မှာပဲဖြစ်ဖြစ် ကျေးဇူးတင်ကြောင်း မေးလ် (Thank you email) ပို့ပါ။ အင်တာဗျူးပေးခဲ့တဲ့ တစ်ယောက်ချင်းစီရဲ့ email ကိုသိရင် သပ်သပ်စီခွဲပြီး ပို့တာအကောင်းဆုံးပါပဲ။

၂။ နှစ်ပတ်အတွင်း follow up လုပ်ပါ။ (ပြန်လည်စုံစမ်းပါ)

ကျေးဇူးတင်ကြောင်း အီးမေးလ် ပို့ပြီးတာနဲ့ နှစ်ပတ်အတွင်း follow up email ပို့ပါ။ Follow up email ပို့တဲ့အခါ မှာ အရေးအကြီးဆုံးက subject linesပါပဲ။  အကောင်းဆုံးကတော့ အင်တာဗျူးဖြေဖို့ အချိန်နဲ့ နေရာကို အကြောင်းကြားပေးခဲ့တဲ့ email ကိုပဲ reply mail ပြန်ပို့တာပါ။ Subject line ကိုတော့ (ဥပမာ -ကြာသပတေးနေ့ ၁၀ နာရီမှာအင်တာဗျူးခဲ့တာဆိုရင်)  “ Re:Interview on Thursday at 10 AM” ဆိုပြီး ရေးတာမျိုးပေါ့။

မေးလ်ထဲမှာတော့ အလုပ်အင်တာဗျူးအတွက် follow up လုပ်တာဖြစ်တဲ့အကြောင်း ရေးသားပါ။ လျှောက်ထားတဲ့ အလုပ်ရာထူး ၊ အင်တာဗျူးဖြေခဲ့တဲ့နေ့ နှစ်ခုစလုံးကို ထည့်ဖော်ပြပါ။ ဒီရာထူးကိုစိတ်ဝင်စားပြီး အင်တာဗျူးမှာ သိရှိခဲ့ရတာတွေက စိတ်လှုပ်ရှားဖို့ကောင်းကြောင်း ၊ နောက်ထပ်တစ်ဆင့် တက်လှမ်းဖို့အတွက် စိတ်အားထက်သန်နေကြောင်း ထည့်ရေးနိုင်ရင် ပိုကောင်းပါတယ်။ သူတို့ဘက်ကပေးလာမယ့် ဘယ်လိုအဖြေမျိုးကိုမဆို ကျေနပ်လက်ခံမှာဖြစ်လို့ သတင်းထူးရင် အကြောင်းကြားပေးဖို့ စောင့်မျှော်နေကြောင်း  ရေးပါ ယောင်းရေ။ သတိထားဖို့က တိုတိုနဲ့လိုရင်းပဲရေးပြီး စာလုံးပေါင်းသတ်ပုံ မှန်ကန်မှုရှိမရှိ သေချာစစ်ပြီးမှ မေးလ်ပို့ဖို့ပါပဲ။

Related Article >>> Introvert (ဘာသိဘာသာနေတတ်သူ) ယောင်းတို့အတွက် အသင့်လျော်ဆုံးဖြစ်မယ့် အလုပ်အကိုင်များ

၃။ လူမှန်ကိုပဲ ဆက်သွယ်ပါ

တွေ့သမျှ ကုမ္ပဏီကလူတိုင်းကို စိတ်လောပြီး လိုက်မေးနေစရာမလိုပါဘူး။ ကိုယ့်အလုပ်နဲ့ သက်ဆိုင်တဲ့ဌာနကလူကိုပဲ တိုက်ရိုက်မေးသင့်ပါတယ်။ အင်တာဗျူးဖြေရင်း နောက်ထပ်တစ်ဆင့်ကို ဘယ်လိုအကြောင်းကြားပေးပြီး ဘယ်သူက အကြောင်းပြန်ပေးမလဲဆိုတာကိုပါ တစ်ခါတည်း မေးခဲ့ပါနော်။ များသောအားဖြင့်တော့ ဌာနမန်နေဂျာ ဒါမှမဟုတ် HR မန်နေဂျာတွေဆီ မေးတာ အကောင်းဆုံးပါပဲ။ အနှောင့်အယှက်ပေးသလို မဖြစ်အောင်တော့ ဂရုစိုက်ပေါ့ ယောင်းတို့ရေ..

၎။ ဆက်သွယ်ရေးနည်းလမ်း တစ်ခုကိုပဲ အသုံးပြုပါ

ကိုယ့်ကိုအင်တာဗျူးတဲ့လူက ဖုန်းဆက်ပြောရတာ ပိုပြီးအားသာလား? ဒါမှမဟုတ် မေးလ်ပို့မှကြိုက်တာလား သိထားရပါမယ်။ တတ်နိုင်သမျှ သူတို့ကြိုက်တဲ့ ဆက်သွယ်ရေးနည်းလမ်းကို သုံးရပါမယ်။ သူက ကိုယ့်ကို မေးလ် နဲ့ဆက်သွယ်ရင် မေးလ် နဲ့ ပြန်အကြောင်းကြားတာမျိုး ဖုန်းဆက်ပြီးပြောလာတဲ့အခါ ဖုန်းနဲ့ပဲ လှမ်းမေးတာမျိုးပေါ့နော်..

၅။ စကားအသုံးအနှုန်းဂရုစိုက်ပါ။

စကားလုံးကို ပညာသားပါပါ ရွေးချယ်ပြီး ကိုယ့်စကားလုံးတွေက စောင့်ရလို့ စိတ်မရှည်တဲ့လေသံ ပေါက်နေလား ဒါမှမဟုတ် တစ်ဖက်လူအပေါ် အတင်းကြီး တွန်းအားပေးနေသလား သတိထားရပါမယ်။ အင်တာဗျူးမှာ ရွေးချယ်ပေးရတဲ့ မန်နေဂျာတွေမှာလည်း ဆုံးဖြတ်ချက်ချဖို့ အချိန်လိုသလို နောက်ထပ်အင်တာဗျူးဖို့ လူတွေကျန်နေသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ရှည်သည်းခံမှုက လိုကိုလိုပါတယ်နော်…

အင်တာဗျူးရလဒ်ကို စောင့်နေရတဲ့ အချိန်အတောအတွင်းမှာ ဒီတိုင်းကြီးပဲ ထိုင်စောင့်မနေနဲ့ဦးနော်..  နောက်ထပ် အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေထားပါဦး ကုမ္ပဏီတစ်ခု ရာထူးတစ်ခုတည်းမှာပဲ ကိုယ့်ရဲ့အချိန်တွေကိုပြုံပြီး အကုန်မခံသင့်ပါဘူး။ အင်တာဗျူးမအောင်ခဲ့ရင်လည်း ကိုယ်ဘာမှားပြီး မှန်တယ်ဆိုတာ ပြန်လည်သုံးသပ်သင့်သလို ပထမအင်တာဗျူး အောင်တဲ့သူတွေကလည်း ဒီအတိုင်းမနေဘဲ ဒုတိယအင်တာဗျူးမှာ မေးနိုင်ချေရှိတာတွေ လေ့လာထားသင့်ပါတယ်။

ဒီအချက် ၅ ချက်အတိုင်း လုပ်နိုင်မယ်ဆိုရင်တော့ဖြင့် အင်တာဗျူးတိုင်း အောင်ပြီး အလုပ်ရနိုင်ချေတွေလည်း များပြီပေါ့ ယောင်းတို့ရေ….

With love

Ei Mon (For Her Myanmar)

References: Balance Careers , Career Sidekick

No Comments Yet

Comments are closed