အလုပ်ရှာတော့မယ်ဆိုရင်

လခများများ၊ အလုပ်ကောင်းကောင်းတစ်ခုရဖို့ ဒါတွေကြိုတင်ပြင်ဆင်ထားရပါမယ်။

ယောင်းတို့ရေ အခု တို့နိုင်ငံမှာ အလုပ်အကိုင်ဈေးကွက်က ပြောင်းလဲနေပြီနော်။ အရင်ကလို မိတ္တူဆိုင်က ဝယ်ထားတဲ့ CV လေးမှာဖြည့်ပြီး ထောက်ခံစာတွေ လိုက်တောင်းရတဲ့ခေတ် မဟုတ်တော့ဘူးလေ။ အခုဆိုရင် အလုပ်ရှာပေးတဲ့ website တွေကနေ အလုပ်လျှောက်မလား၊ အီးမေးကတဆင့် လျှောက်မလား။ နေရာကမထဘဲ အလုပ်လျှောက်လို့ ရနေပြီ။

Related article >>> ကုမ္ပဏီဝန်​ထမ်းလား freelancer လား

အလုပ်လျှောက်ရတာ လွယ်သလောက် အလုပ်ရဖို့ကျ ခက်သွားတယ်ပြောရမယ်။ နိုင်ငံခြားကုမ္ပဏီတွေက လခတော့များပါရဲ့ သူတို့ပေးမယ့် လခနဲ့ ကိုက်ညီအောင်လို့ မိုးပျံအောင်တော်နေတဲ့ ဝန်ထမ်းကို လိုချင်ကြတာလေ။ ဒီတော့ သူတို့လိုချင်တဲ့ အရည်အချင်းနဲ့ကိုက်အောင် ကိုယ်တွေက ကျောင်းတွေတက်၊ စာတွေဖတ်၊ အတွေ့အကြုံတွေယူကြရတော့တာပေါ့။

ဒီလိုမျိုးအလုပ်အတွက် ပြင်ဆင်ကြရာမှာ မသိသူကျော်သွား၊ သိသူဖော်စားဆိုသလို ဒီအချက်ကလေးတွေ သိထားမယ်ဆိုရင် သူများထက်ပိုပြီး အလုပ်ရဖို့ အခွင့်အရေးများတယ်တဲ့။

ပထမဦးဆုံးအနေနဲ့ကတော့ အခြေခံအရည်အချင်းတွေဖြစ်တဲ့ အင်္ဂလိပ်စာနဲ့ ကွန်ပြူတာ ကျွမ်းကျင်နေပါစေ။ ဒီခေတ်ကြီးထဲမှာ ဒီနှစ်ခုမတတ်ရင် အလုပ်ကောင်းကောင်းရမှာ မဟုတ်ပါဘူး။ ဒီနှစ်ခုအပြင် ကိုယ့်အလုပ်နဲ့ပတ်သတ်မယ့် တတိယဘာသာစကားနဲ့ AutoCAD တို့လို၊ photoshop တို့လို၊ တခြား accounting software တို့လို အထူးပြုကွန်ပြူတာစကေးတွေပါ လေ့လာထားရင် အခွင့်အရေးပိုများပါလိမ့်မယ်။

ဘွဲ့တွေ၊ ဒီဂရီတွေက အရေးကြီးပါတယ်။ တချို့တွေက ပြောကြလိမ့်မယ် ဟာ ဒီစာရွက်တွေက အလကားပါကွာ၊ ကိုယ်တတ်ဖို့ပဲလိုတာဆိုပြီး။ တကယ်ကတော့ အလုပ်ရဖို့ ပထမဆုံးခြေလှမ်းအနေနဲ့က အင်တာဗျူးအခေါ်ခံရမှ ဖြစ်မှာပါ။ အင်တာဗျူးအခေါ်ခံရဖို့ဆိုတာ သူတို့တောင်းထားတဲ့ အရည်အချင်းတွေရှိနေကြောင်း သက်သေပြနိုင်မယ့် ဘွဲ့လက်မှတ်တွေ ရှိထားရပါမယ်။ တစ်ခုတော့ရှိတာပေါ့ ပေါပေါများများရတဲ့ မှိုလိုပေါက်နေတာတွေ တက်ရင်တော့ မထူးဘူးလေ။ တကယ့်ကျောင်းကောင်းကောင်းမှာ၊ တကယ်တတ်အောင်သင်ထားရတဲ့ လက်မှတ်ကတော့ တကယ်ကိုပေးရတဲ့ပိုက်ဆံနဲ့ တန်အောင်ပြန်ရမှာပါ။

အလုပ်သင်လုပ်ပါ။ အခုဆို နိုင်ငံတကာအဖွဲ့အစည်းတွေက အလုပ်သင်ခေါ်ကြတာတွေ များလာပါပြီး။ သုံးလ၊ ခြောက်လ၊ တစ်နှစ် စသည်ဖြင့် သူတို့လုပ်ငန်းလိုအပ်ချက်၊ ကိုယ်ပေးနိုင်မယ့် အချိန်တို့အပေါ်မူတည်ပြီး လုပ်လို့ရပါတယ်။ အလုပ်တွေက အတွေ့အကြုံတောင်းလွန်းလို့ စိတ်မပျက်လိုက်ပါနဲ့။ ဒီလိုအလုပ်သင်တွေ လိုက်လုပ်ရင်း သူတို့တောင်းတဲ့ အတွေ့အကြုံကို ပေးနိုင်အောင်လုပ်ပါ။

ကျောင်းတက်နေတုန်း၊ အလုပ်သင်လုပ်နေတုန်းမှာ ကိုယ့်ကွန်ရက်ကို ဖြန့်ပါ။ သိသင့်တဲ့သူတွေနဲ့ ဆက်သွယ်ဖို့ဖုန်းနံပတ်တွေ၊ အီးမေးတွေ ဖလှယ်ထားပါ။ ကိုယ့်အရည်အချင်းကို သူတို့သိနေပါစေ။ ကိုယ်တစ်ခုခု အကူအညီလိုရင် တောင်းလို့ရသလို၊ သူတို့ပတ်ဝန်းကျင်မှာ အလုပ်ခေါ်တာရှိရင်လဲ ကိုယ့်ကိုအရင်ဆုံးသတိရအောင် အဆက်အသွယ်မပြတ်ပါစေနဲ့။

Related article >>> အလုပ်ရဖို့အတွက် အရေးအကြီးဆုံး ဆောင်ရန် (၅) ချက်

နောက်တစ်ခုက ပိုက်ဆံနောက်မလိုက်ပါနဲ့။ လခများများလိုချင်တာ နားလည်ပါတယ်။ ဒါပေသိ ငယ်တုန်းရွယ်တုန်းမှာ အတွေ့အကြုံကောင်းကောင်းရမယ့်၊ ဆရာသမားကောင်းရှိတဲ့ အလုပ်မျိုးကိုပဲလုပ်ပါ။ လခများပြီး အနှစ်မရှိ၊ တက်လမ်းမရှိတဲ့အလုပ်ကို မရွေးလိုက်ပါနဲ့။ အတွေ့အကြုံရလာပြီဆို ပိုက်ဆံက နောက်ကနေ အလိုလိုလိုက်လာပါလိမ့်မယ်။

အလုပ်ကောင်းကောင်းတစ်ခုရဖို့ ပထမအရေးအကြီးဆုံးက ကိုယ်ပိုင်အရည်အချင်းပါ။ နောက်တစ်ခုက လူမှုဆက်ဆံရေး အသိမိတ်ဆွေကွန်ရက်ပေါ့။ ကိုယ့်ဝမ်းစာကိုယ် အပြည့်ဖြည့်ထားပြီး မျက်စိဖွင့်နားဖွင့်နဲ့ ဖျတ်ဖျတ်လတ်လတ်ရှိနေမယ်ဆိုရင် အလုပ်ကောင်းကောင်းတစ်ခုကို ရဖို့ဆိုတာ သိပ်မဝေးတော့ပါဘူး။

တို့ယောင်းတွေအားလုံးလဲ စမတ်ကျတဲ့ business women တွေ ဖြစ်အောင်တူတူကြိုးစားကြမယ်နော်။

Khine (For Her Myanmar)

Reference : Forbes 1 | Forbes 2 | Brighter Monday

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။