ဗိုက်ဗိုက်နဲ့ လုပ်ငန်းခွင်

လုပ်ငန်းခွင်ဝင်နေတဲ့ ဗိုက်ဗိုက်လေးတွေ အတွက်… 

တစ်ယောက်တည်း သွားလာလုပ်ရှားရသလို မလွယ်ကူတော့ဘဲ ရင်သွေးလေးကို လွယ်ထားရတဲ့ ဗိုက်ဗိုက်တစ်ယောက်ရဲ့ အလုပ်လုပ်နေတဲ့အချိန်တွေမှာ ကြုံရတဲ့ အခက်အခဲတွေ၊ ခံစားရတဲ့ ခံစားချက်တွေ၊ လုပ်သင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်တယ် ယောင်းရေ…

ပထမဆုံး ဗိုက်ကြီးသည် တစ်ယောက်က ဘာတွေကြုံတွေ့ခံစားရလဲဆိုတော့…

ကိုယ်ဝန်သုံးလကျော်မှာ ပင်ပန်းတာ သိပ်မရှိနိုင်တော့ပေမဲ့ ကိုယ်ဝန်အစပိုင်းမှာတော့ ပင်ပန်းနွမ်းနယ်တာ၊ မကြာခဏ အိပ်ငိုက်နေတာ၊ စိတ်ခံစားချက် ပြင်းထန်တာတွေ ရှိတတ်ပါတယ်… အလုပ်လုပ်နေတဲ့ ဗိုက်ဗိုက်တွေအတွက်တော့ ဒီလိုဝေဒနာတွေက အလုပ်လုပ်ရတဲ့အချိန်မှာ ခက်ခဲတဲ့ အနေအထားတစ်ခု ဖြစ်စေပါတယ်…

ကိုယ်ခန္ဓာ ပင်ပန်းတဲ့ ဒဏ်

ကိုယ်ဝန်ရှိတဲ့ ဗိုက်ဗိုက်အနေနဲ့ အလုပ်လုပ်မယ်ဆိုရင် ပေါ့ပါးတဲ့အလုပ်မျိုးကိုပဲ လုပ်ပါ… ကိုယ့်အတွက် အရမ်းခက်ခဲပြီး လေးလံတဲ့အလုပ်မျိုးကို ရှောင်ပါ… ကိုယ့်အတွက် ခက်ခဲနိုင်တဲ့အလုပ်ကို အကူအညီတောင်းပါ၊ ဆွေးနွေးညှိနှိုင်းပြီးလုပ်ပါ… တစ်နေကုန် ထိုင်ပြီး လုပ်နေရတဲ့ အလုပ်မျိုးဆိုရင်လည်း ညောင်းညာမှုကို ခံစားရတတ်တာကြောင့် မကြာခဏ လမ်းထလျှောက်ပေးသင့်ပါတယ်… မတ်တပ်ရပ်ပြီး လုပ်ရတဲ့အလုပ်မျိုးကို လုပ်ကိုင်တဲ့ယောင်းတို့ဆိုရင် ခြေထောက်သွေးဆင်းပြီး ဖောယောင်လာတတ်ပါတယ်။ ဒါကြောင့် ရပ်နေရတယ်ဆိုလည်း မကြာမကြာထိုင်ပါ။ အိမ်ပြန်ရောက်ပြီဆိုရင်တော့ ရေနွေးနွေးလေးနဲ့ စိမ်ပေးလိုက်ပါဦး။

စိတ်ဖိစီးမှုများတဲ့အလုပ်

ဗိုက်ဗိုက်ရဲ့ တွေးခေါ်တဲ့ စိတ်နေသဘောထားက ဗိုက်ထဲက ရင်သွေးလေးဆီကို ကူးစက်စေတယ်လို့ ပြောကြတယ်လေ… ဗိုက်ဗိုက်ရဲ့ စိတ်ဖိစီးမှုများတဲ့အလုပ်က ကလေးလေးအတွက်လည်း စိတ်ဖိစီးမှုဖြစ်စေနိုင်တယ် ဒါကြောင့် အလုပ်ရဲ့ဖြစ်ပေါ်လာတဲ့စိတ်ဖိစီးမှုတွေလျော့ကျအောင် တရားထိုင်ပေးပါ… ငြိမ်သက်နေတဲ့နေရာလေးတွေ၊ စိမ်းလန်းတဲ့နေရာတွေမှာ အနားယူပါ ကလေးလေးအတွက် ပျော်ရွှင်စရာတွေတွေးပေးပါနော်…

မကြာခဏအိပ်ငိုက်နေတဲ့ဗိုက်ဗိုက်

ကိုယ်ဝန်စဆောင်ပြီဆိုတာနဲ့ ပင်ပန်းတယ် အိပ်ငိုက်တယ်ဆိုတာက ဖြစ်တတ်ပါတယ်… ဗိုက်ဗိုက်ရဲ့ နေ့လည်ထမင်းစားချိန်မှာ ခဏတာ အိပ်စက်ပေးသင့်တယ်… မအိပ်လိုက်ရတာထက် စာရင် ခဏအိပ်စက်ပေးတာက အားပြန်လည်ပြည့်စေမှာပါ…

Related Article >>> ဗိုက်ဗိုက်လေးအစား စိတ်ပူကြသူများ

အစားအစာနဲ့အားဖြည့်ပါ

အလုပ်လုပ်နေတဲ့ ဗိုက်ဗိုက်ရဲ့ ပင်ပန်းမှုကို အနားယူ အစားအသောက်ကို မျှတအောင်စားပြီး အားပြန်ဖြည့်ရပါမယ်… ဗိုက်ဗိုက်တစ်ယောက်က ဗီတာမင်၊ အာဟာရမျှတအောင် စားသုံးရမှာဖြစ်ပြီး လိုအပ်တဲ့အာဟာရတွေကို ပြန်လည်ဖြည့်တင်းပေးရမှာဖြစ်ပါတယ်… အစိမ်းရောင်ပါတဲ့ အသီးအရွက်တွေ၊ သံဓာတ်ပြည့်ဝစေတဲ့ အသားငါး၊ ပဲ စတာတွေကို စားသုံးရမှာပါ… အသီးအနှံ၊ကျက်အောင် ချက်ပြုတ်ထားတဲ့ဥအမျိုးမျိုးနဲ့ နွားနို့၊ ပဲနို့၊ ဒိန်ချဉ်တွေကိုလည်း စားသုံးပေးသင့်ပါတယ်… ဗိုက်အဆာမခံဘဲ နေ့လယ်နေ့ခင်း အလုပ်ထဲမှာလည်း မုန့်နဲ့ စားစရာတွေကို ဆောင်ထားသင့်ပါတယ်… ရေများများသောက်ပေးဖို့လည်း လိုအပ်ပါတယ်… ရေဘူးနဲ့ မုန့်ကို အလုပ်စားပွဲမှာဆောင်ထားပါလို့…

လုပ်ငန်းခွင်ရဲ့ကောင်းကျိုး

ကိုယ်တကယ်စိတ်ဝင်စားတဲ့ အလုပ်ကို လုပ်ကိုင်နေရတဲ့အတွက်၊ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တစ်နေကုန် တွေ့ဆုံပြောဆိုနေရတဲ့အတွက် ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေကို မေ့လျော့ထားနိုင်ပြီး စိတ်ရွှင်လန်းမှုကို ရစေနိုင်ပါတယ်… လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ကိုယ့်ထက် အတွေ့အကြုံရှိတဲ့ မိခင်တွေ ရှိနိုင်တဲ့အတွက် လိုအပ်တဲ့ ဗဟုသုတတွေကို မေးမြန်းနိုင်တယ်… လုပ်ငန်းခွင်ထဲက အပေါင်းအသင်းတွေရဲ့ ဂရုစိုက်မှုလေးတွေကလည်း ပျော်ရွှင်စေတဲ့ ခံစားမှုကို ခံစားစေနိုင်မှာပါ… ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးစေတယ်… အလုပ်လုပ်နေတဲ့အတွက် ကိုယ့်ရဲ့ မွေးလာမယ့်ကလေးအတွက် မိခင်တစ်ယောက်အနေနဲ့ ကြိုတင်ပြင်ဆင်ပေးနိုင်တဲ့ ငွေကြေးအခြေနေတစ်ခုကို စုဆောင်းနိုင်တဲ့အတွက် မွေးလာမယ့် ကလေးအပေါ်မှာ မိခင်တစ်ယောက်အနေနဲ့ ယုံကြည်မှု တိုးစေပါတယ်…

ကိုယ့်ရဲ့အထက်လူကြီးကို ဗိုက်ဗိုက်ရဲ့ ကျန်းမာရေးနဲ့ ဗိုက်ထဲက ကလေးရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်းပြောပြထားသင့်ပါတယ်… ဒါမှသာ သူလည်း ခိုင်းသင့်၊ မခိုင်းသင့် ချိန်ဆပေးနိုင်မှာပါ… အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ… အကောင်းဆုံးတွေသာ တွေးတောပါ… အကောင်းမြင်စိတ်လေးတွေ မွေးမြူပါ… အသွားအလာအနေအထိုင် ဂရုစိုက်ပါ… လုပ်ငန်းခွင်မှာ အန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စွာအလုပ်လုပ်နိုင်အောင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင့်မြတ်အောင်နေပါ…

လုပ်ငန်းခွင်က ဗိုက်ဗိုက်တို့လည်း ကျန်းမာပျော်ရွှင်ပြီး အောင်မြင်မှုများရရှိပါစေ..

May ( For Her Myanmar )

No Comments Yet

Comments are closed