Career

ကိုယ်မပျော်တဲ့အလုပ်မှာ ဘယ်လိုပျော်အောင်နေကြမလဲ

အလုပ်သွားဖို့ကို ငရဲတွင်းထဲ ဆင်းရမလောက် စိတ်ဆင်းရဲနေမိပြီလား ….

ကိုယ့်ဘဝအရေးအတွက် လုပ်နေတဲ့အလုပ်ဆိုတာ ပျော်တာလည်းရှိ၊ မပျော်တာလည်း ရှိပေါ့နော်။ လုပ်ငန်းခွင်ဆိုတာ ပန်းပွင့်လေးတွေ၊ လိပ်ပြာလေးတွေ၊ သက်တံလေးတွေနဲ့ အမြဲသာယာနေတဲ့ နိဗ္ဗာန်ဘုံလေးမှ မဟုတ်တာနော်။ တစ်ခါတစ်ရံတော့ ပျော်ရွှင်ရသလို၊ တစ်ခါတစ်ရံတော့ စိတ်ဆင်းရဲရတာ ပုံမှန်သဘာဝပါပဲ။ ဒါပေမဲ့ အလုပ်သွားရတာ ငရဲပြည်သွားရမလောက် စိတ်ဆင်းရနေရပြီဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ ဒီလိုစိတ်ဆင်းရဲစရာကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုမှာရောက်နေပြီဆိုရင်တော့ ရွေးချယ်မှုကနှစ်ခုရှိပါတယ်။ အလုပ်ထွက်လိုက်တာရယ်၊ အဲ့ဒီအလုပ်မှာ ပျော်အောင်နေတာရယ်ပါ။

အလုပ်ထွက်ဖို့မဖြစ်နိုင်တဲ့ အခြေအနေမျိုး (ငွေရေးကြေးရေးကြောင့်၊ ဒါမှမဟုတ် ဒီအလုပ်က ကိုယ့်ဘဝတက်လမ်းကို အထောက်အကူပေးနိုင်တာမျိုး) မှာဆိုရင်တော့ အလုပ်ထွက်တာထက် ဒီအလုပ်မှာ ကိုယ်ပျော်အောင်၊ ဒါမဟုတ် ကိုယ်ထွက်နိုင်တဲ့ အခြေအနေ အချိန်အခါတစ်ခုထိရောက်အောင် ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားဖို့ပဲ လိုအပ်ပါတော့တယ်။ ဒါဆိုရင် ကိုယ်လုံးဝမပျော်တဲ့အလုပ်တစ်ခုမှာ ဘယ်လို အဆင်ပြေအောင်နေကြမလဲဆိုတော့ …

၁။ ကိုယ့်ရည်မှန်းချက်ကို မမေ့ပါနဲ့။

ကိုယ် မလုပ်ချင်တဲ့အလုပ်ကို လုပ်နေရတဲ့အခါ၊ ကိုယ်မပျော်တဲ့ လုပ်ငန်းခွင်တစ်ခုမှာ လုပ်နေရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အားပေးနိုင်ဖို့က ကိုယ့် ဘဝရည်မှန်းချက်နဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေရင် ဒီအလုပ်မှာ ဘာပဲဖြစ်ဖြစ် ငါပျော်အောင်နေမယ်ဆိုတဲ့ ခံယူချက်ဖြစ်လာမှာပါ။

၂။ အဆိုးတွေထဲက အကောင်းကိုစဉ်းစားပါ။

ဘယ်လောက်ပဲ ဆိုးဝါးတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါစေ။ မြင်အောင်ကြည့်တတ်ရင် ကောင်းတဲ့အချက်လေး တစ်ချက်တစ်လေ ရှိတတ်ပါတယ်။ ကိုယ်က ဒီအခြေအနေကနေ လွတ်မြောက်အောင် မလုပ်နိုင်သေးသမျှ အဆိုးတွေကိုပဲ တွေးပြီး စိတ်ဆင်းရဲနေမယ့်အစား ကောင်းတာလေးတွေ ကြံဖန်တွေးကြည့်ရင် စိတ်သက်သာရာရလာမှာပါ။

Related Article >>> လုပ်ငန်းခွင်အောင်မြင်မှုကို တိုးတက်စေနိုင်မယ့် အချက် (၃)ချက်

၃။ ဒီအလုပ်မှာ ကိုယ်က တစ်သက်လုံး လုပ်နေမှာ မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့။

ကိုယ်လုံးဝမပျော်တဲ့အလုပ်မှာ အခုချက်ချင်း မထွက်နိုင်သေးဘူးဆိုပေမဲ့ ကိုယ်က ဒီအလုပ်မှာတစ်သက်လုံး လုပ်နေမှာ မဟုတ်ဘူးလေ။ ကိုယ်ထွက်နိုင်တဲ့ အခြေအနေအချိန်အခါရောက်ရင် ကိုယ်လွတ်မြောက်ရာကို ရှာမှာပဲ မဟုတ်လား။ အဲဒီတော့ ငါ ဒီမှာအမြဲနေမှာမဟုတ်ဘူးဆိုတာလေးတွေးပြီး ကိုယ် ဒီအလုပ်က ထွက်နိုင်မယ့် တစ်နေ့အကြောင်းတွေးလိုက်ရင် အလိုလိုပျော်လာမှာပါ။

အလုပ်မှာမပျော်တော့ လူကအမြဲဒီလိုဖြစ်နေရော ..

၎။ အလုပ်မှာ မိတ်ဆွေကောင်းတစ်ယောက်ရှာပါ။

ဘယ်လိုပဲ ပျော်စရာမကောင်းတဲ့ လုပ်ငန်းခွင်ဖြစ်ပါစေ။ ကိုယ်နဲ့ စိတ်တူကိုယ်တူ ရင်ဖွင့်ဖော်တစ်ယောက်လောက်ရှိရင် အလုပ်ခွင်မှာ နည်းနည်းတော့ စိတ်သက်သာရာ ရတာပေါ့နော်။ အဲဒီတော့ အလုပ်မှာမပျော်ဘူးဆိုပြီး ဘယ်သူနဲ့မှ စကားမပြော၊ အဆက်အဆံမလုပ်ဘဲ မနေဘဲ အားလုံးနဲ့ အတတ်နိုင်ဆုံး အဆင်ပြေအောင်နေ၊ လုပ်ဖော်ကိုင်ဖက်တွေထဲက ကိုယ်နဲ့ ရင်ဘတ်ချင်းနီးစပ်သူတစ်ဦးနဲ့ မိတ်ဆွေဖွဲ့ထားလိုက်ပါ။

၅။ အလုပ်ပြင်ပမှာ ပျော်ပျော်နေပါ။

အလုပ်မှာ မပျော်နိုင်ဘူးဆိုရင်တောင် အလုပ်ပြင်ပမှာ ကိုယ်ကြိုက်တာလေး စား၊ ကိုယ်ချစ်တဲ့သူတွေ (မိသားစု၊ သူငယ်ချင်း၊ ချစ်သူ) တွေနဲ့ တွေ့ဆုံပြီး သာယာကြည်နူးဖွယ်ရာ အချိန်လေးတွေကို ဖန်တီးပါ။ ဒီလို သာယာမှုလေးတွေက ယောင်းကို နောက်တစ်နေ့ ကိုယ်မပျော်တဲ့လုပ်ငန်းခွင်ထဲ ပြန်ဝင်နိုင်ဖို့ လုံလောက်တဲ့ခွန်အားတွေပေးမှာပါ။

ဘွဲ့လည်းရ၊ လုပ်ငန်းခွင်ထဲလည်း ဝင်နေပြီဆိုတဲ့ ယောင်းတို့ဟာ လူကြီးဖြစ်ပြီဆိုတာ မမေ့နဲ့နော်။ ကလေးဘဝ မိဘအိမ်မှာနေသလိုတော့ အရာရာမသာယာသလို၊ ကိုယ့်စိတ်တိုင်းကျလည်း ဖြစ်နေမှာ မဟုတ်ပါဘူး။ အဆိုးတွေထဲက အကောင်းကို မြင်အောင်ရှာလို့ ယောင်းတို့ စိတ်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းပေးရင်း ….

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *