အောင်မြင်တဲ့ အမျိုးသမီးတွေ သူတို့ပိတ်ရက်တွေကို ဘယ်လိုအသုံးချကြသလဲ?

သူတို့တွေက ပိတ်ရက်ဆို ဒီလိုလေးတွေ လုပ်သတဲ့ ……

အလုပ်တွေလည်း မနားမနေကြိုးစားကြရသလို နားရက်လေးကလည်း ရှိဦးမှနော်။ နားရက်ရှိလာရင်လည်း အဲဒီနားရက်က အကျိုးရှိရှိကုန်ဆုံးရတဲ့ ရက်လေးဖြစ်ရင်တော့ ပိုကောင်းတာပေါ့ ဟုတ်တယ်မလား။ အောင်မြင်နေတဲ့ အမျိုးသမီးတွေ သူတို့ပိတ်ရက်ကိုဘယ်လိုများကုန်ဆုံးကြလဲဆိုတာ စိတ်ဝင်စားစရာမကောင်းဘူးလား? ဘယ်သူတွေက နားရက်တွေကို ဘယ်လိုသုံးလိုက်ကြတယ်ဆိုတာ လေ့လာကြည့်ရအောင်နော်..

Beyonce

Beyonce

သူက အင်မတန် အလုပ်ကြိုးစားသူ၊ အလုပ်ကို ခုံမင်လွန်းသူပါ။ Beyonce ဟာ သီချင်းစာသားတစ်ကြောင်းကိုတောင် လုံးဝပြီးပြည့်စုံသည်အထိ ထပ်ခါထပ်ခါ လေ့ကျင့်တတ်သူပါ။ သူဟာ တစ်ပတ်ကို ခြောက်ရက် အလုပ်လုပ်တတ်ပြီး ကျန်တဲ့တစ်ရက်ကိုတော့ အပြည့်အဝအနားယူပါတယ်။ အနားယူတယ်ဆိုတာ ပိတ်ရက်မှာ သူတန်ဖိုးထားရတဲ့ မိသားစုကို အချိန်ပေးတာမျိုးပေါ့။

ပိတ်ရက်မှာလည်း စောစောထပြီး ဘုရားဆုတောင်းပါတယ်တဲ့။ ပြီးတော့ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းကို မပျက်မကွက်လုပ်တာပေါ့။ ပြီးရင်တော့ တစ်နေကုန်မိသားစုနဲ့အတူ သာယာတဲ့အချိန်လေးတွေဖန်တီးခြင်းဟာ သူ့ရဲ့ အနားယူခြင်းပါလို့ ဆိုထားပါတယ်။

Meghan Markle

Meghan Markle

သူလေးကို အကြောင်းမသိရင်တော့ ဘုရင်နဲ့ညားလို့ မိဖုရားဖြစ်တာဘာထူးဆန်းလို့လဲလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ သူတို့ဟာ အလွန်အလုပ်များ၊ အလွန်အလုပ်ကြိုးစားရသူတွေပါ။ ပြည်သူ့လစာစားရတဲ့ တော်ဝင်မျိုးနွယ်ဖြစ်လေတော့ ပြည်သူအတွက် ပြန်ပြီး အလုပ်လုပ်ပေးရပါတယ်။

နားရက်တွေမှာတော့ မီဂန်ဟာ မင်းသားဟယ်ရီနဲ့အတူ မနက်ခင်းတစ်ပိုင်းလုံး အားကစားတွေ၊ ယောဂတွေလုပ်ပါတယ်။ နေ့လယ်ပိုင်းမှာတော့ မိတ်ဆွေတွေနဲ့ အတူတူ နေ့လယ်စာတွေ စားလေ့ရှိပါသတဲ့။ ညနေပိုင်းရောက်ရင်တော့ ဇနီးမောင်နှံနှစ်ဦးဟာ နှစ်ဦးသားနှစ်သက်တဲ့ ရုပ်ရှင်တွေကြည့်ရင်း အားလပ်ကို ကုန်ဆုံးကြသတဲ့လေ။

Related Article >>> လုပ်ငန်းခွင်အောင်မြင်မှုကို တိုးတက်စေနိုင်မယ့် အချက် (၃)ချက်

Serena Williams

Serena Williams

ကမ္ဘာကျော် အားကစားမယ်ဖြစ်တဲ့ သူကတော့ ပိတ်ရက်ဆိုရင် မနက် ၇နာရီ ထလေ့ရှိပါတယ်။ ပြီးရင် မနက်စာစားပြီး တင်းနစ်လေ့ကျင့်ခန်း လုပ်ပါတယ်။ ပြီးရင်တော့ အကသင်တန်းတွေ၊ ခွန်အားကြံ့ခိုင်စေမယ့် လေ့ကျင့်မှုတွေ လုပ်ပါသတဲ့။ ညနေပိုင်းမှာတော့ ကွန်ပျူတာနဲ့ လုပ်ရတဲ့ အလုပ်တွေ၊ လူမှုကွန်ရက်တွေမှာ အချိန်ပေးလေ့ရှိပါတယ်။

Related Article >>> အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေမေးကြည့်ပါ။

Victoria Beckham

Victoria Beckham

လင်ရော မယားပါ အထူးအောင်မြင်တဲ့သူတို့စုံတွဲဟာ အတုယူစရာတွေအများကြီးပါ။ ဗစ်တိုးရီးယားဟာ ပိတ်ရက်ဖြစ်ရင်တောင် မနက်ခြောက်နာရီထလေ့ရှိပါတယ်။ ကလေးတွေရဲ့ မိခင်ဖြစ်တာမို့ ကလေးတွေ မထခင် အရင်ပြီးပြင်ဆင်စရာရှိတာတွေပြင်ဆင်တာပေါ့။ ပြီးရင်တော့ သူမရဲ့ အီးမေးလ်ကိုစစ်ပါတယ်။ ပြီးရင်တော့ သူမဘဝအတွက်အရေးကြီးဆုံးဖြစ်တဲ့ ကလေးတွေနဲ့ ချစ်လှစွာသော ခင်ပွန်းသည်ကို အချိန်ပေးပါသတဲ့။ ဒီလိုမိသားစုကို အရေးပေးတတ်သူမို့ ဒေးဗစ်နဲ့ ဗစ်တိုးရီးယားတို့ အိမ်ထောင်သက် ဒီအထိမြဲခဲ့တာလို့ ဆိုကြပါတယ်။ 

Julie Parker

Julie Parker

သြစတျေးလျနိုင်ငံရဲ့ အကယ်ဒမီကျောင်းတစ်ခုမှ CEO ဖြစ်သူ Julie Parker ဟာ အလုပ်လုပ်ရတဲ့နေ့တွေမှာ အခမ်းအနားတွေ၊ အစည်းအဝေးတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေနဲ့ အလုပ်ရှုပ်နေလေ့ရှိပါတယ်။ နားရက်မှာဆိုရင်တော့ သူဟာ အစားအသောက်တွေချက်ပြုတ်ရင်း အားလပ်ရက်ကိုအသုံးချပါတယ်။ စိုက်ခင်းတွေအထိ အသီးအရွက်တွေကို လတ်လတ်ဆတ်ဆတ် သွားဝယ်ပြီး ဟင်းလျာအသစ်အဆန်းတွေ ချက်ပြုတ်ပါသတဲ့။

ဒါကတော့ လက်ရှိအောင်မြင်နေတဲ့အမျိုးသမီးတွေ သူတို့ပိတ်ရက်ကို ဘယ်လိုအသုံးပြုလဲဆိုတာတွေပါပဲ။ ယောင်းတို့လည်း ပိတ်ရက်ကို ဘယ်လိုကုန်ဆုံးကြသလဲ၊ ပိတ်ရက်ကို အကျိုးရှိရှိအသုံးချဖို့ ဘယ်လိုစီစဉ်ထားလဲ အက်ဒ်မင့်ကိုပြောပြဦးနော်။

Sugar Cane (For Her Myanmar)

References : careergirldaily, dailyworth

No Comments Yet

Comments are closed