Career

ပျိုမေတို့ကမ္ဘာရဲ့ အလုပ်ခွင်ဆိုတာ…

အက်ဒ်မင်မမတွေ အလုပ်ပင်ပန်းတာတောင် ဘာလို့ အမြဲတမ်းခွီနိုင်နေတယ်လို့ ထင်လဲ?

ပျိုမေတို့ရဲ့ကမ္ဘာမှာ အလုပ်အတွက် နေရာအသစ်တွေ ခေါ်နေပြီနော်။ ယောင်းတို့သိကြတဲ့အတိုင်း ပျိုမေတို့ရဲ့ကမ္ဘာရဲ့ အက်မင်တွေဆိုတာ အကုန်လုံးသွက်သွက်လက်လက်နဲ့ လုပ်ဖော်ကိုင်ဖက်တွေအချင်းချင်း ကူညီပေးကြတဲ့ အမျိုးသမီးလေးတွေပေါ့။ ဒီမှာအလုပ်လာလုပ်မယ်ဆိုရင်တော့ နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်နေတဲ့ အလုပ်ခွင်ပတ်ဝန်းကျင်ကို ရရှိမှာဖြစ်ပြီး တစ်နေ့လုံးကို အချိန်ဘယ်လိုကုန်လို့ ကုန်သွားလဲမသိတဲ့အထိ ခွီနေရပါလိမ့်မယ်။ (တစ်ခုတော့ရှိတယ် ခွီလည်းခွီ အလုပ်လည်းပြီးရမှာပေါ့နော်။ ခွီချည့်ခွီနေရင်တော့ ဘယ်ဖြစ်မလဲ နော့်..) ဒါပေမဲ့ အလုပ်ခွင်မှာ ပိုပိုပြီးပျော်ရဖို့အတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေကိုတော့ နှင်းကကပ်တိုးလေးတွေ ပြောပြပေးမယ်လေ…

(၁) မုန့်ကိုဝှက်ပြီးမစားရ။

အိတ်ထဲမှာပါသမျှမုန့်တွေ တစ်ယောက်ထဲဝှက်မစားပါနဲ့။ အကုန်လုံးကို ဘာမုန့်ဖြစ်ဖြစ် ချကျွေးရပါမယ်။ နောက်ပြီး ကိုယ်ဝယ်စားသမျှကိုလည်း ကိုယ်တစ်ယောက်ထဲဟာလို့ မသတ်မှတ်ဘဲ ဘုံပိုင်အဖြစ်သတ်မှတ်ပြီး သူ့ဟာကိုယ်စား ကိုယ့်ဟာသူစားနဲ့ မိသားစုတွေလို လုစားကြပါတယ်။ (အရေးကြီးဆုံးအချက်မို့ ဒါကိုလက်ခံနိုင်မှ ကျယ်မတို့ဘဝထဲဝင်ခဲ့ပါစင်။)

(၂) မကြိုးစားကြည့်သေးဘဲနဲ့ မလုပ်နိုင်ဘူးလို့မပြောပါနဲ့။

ပျိုမေတို့ကမ္ဘာက အခုမှ အရွယ်ရောက်ကာစ အပျိုပေါက်ဆိုတော့ လုပ်စရာတွေတအားများသလို အသစ်သစ်တွေလည်း အများကြီးလုပ်ရပါတယ်။ အဲ့လိုစိန်ခေါ်မှုအသစ်တွေကို မလုပ်ကြည့်ရသေးဘဲ၊ မကြိုးစားကြည့်ရသေးဘဲ ‘No’ လို့မပြောပါနဲ့။ အတတ်နိုင်ဆုံးကြိုးစားကြည့်ပါ။ လုံးဝမလုပ်နိုင်ရင်လည်း ငြင်းခွင့်တော့ရှိပါတယ်။ သိတယ်ဟုတ်? အက်ဒ်မင်မမတွေက သဘောကောင်းတယ်လေ… 

Related Article >>>  လုပ်ငန်းခွင်အတွင်းမှာ ဒေါသကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းကြီး (၄) သွယ်

(၃) Office Romance (ရုံးတွင်းချစ်ရေးချစ်ရာ) အကြောင်းယောင်လို့တောင်မစဉ်းစားပါနဲ့။

တစ်ရုံးလုံးမှာ ယောကျာ်းလေးဆိုလို့ မူးလို့တောင်ရှူစရာမရှိတဲ့ အက်မင်တို့ဘဝထဲကို ဝင်လာချင်သပါ့ဆိုလည်း ဝင်လာခဲ့ပါ။ သေချာတာတော့ ရုံးတွင်းချစ်ရေးချစ်ရာဆိုလို့ မိန်းကလေးချင်းစိတ်ဝင်စားတတ်ရင်တော့ လက်ဂျန်ဒွီ အက်ဖ်အေ (လို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ထားတဲ့) မမ နှစ်ယောက်တော့ရှိပါတယ်။ မောင်လေးတွေ၊ ကိုကိုတွေလည်း စိတ်ဝင်စားသပါ့ဆို လာလျှောက်လို့ရပါတယ်။ (ဒီမိန်းမတစ်အုပ်ထဲ အသားကျလိမ့်မယ်လို့ ခံစားရမယ်ဆိုရင်ပေါ့။)

(၄) သင်ယူမှုမှာ အသက်အရွယ်က အဓိကမဟုတ်ပါဘူး။

အက်မင်တို့ဆီမှာ သက်ကြီးပိုင်း၊ သက်လတ်ပိုင်း၊ သက်ငယ်ပိုင်း စသည်ဖြင့် အသက်အပိုင်းအခြားအစုံ ရှိပါတယ်။ ဒါပေမဲ့ အကုန်လုံးက သူငယ်ချင်းညီအစ်မတွေကို တိုင်ပင်ဖော် တိုင်ပင်ဖက်တွေချည်းပါပဲ။ အချင်းချင်းလေးစားသမှုရှိကြပေမဲ့ အရမ်းကြီးသတိထားဆက်ဆံနေတာမျိုးမဟုတ်ဘဲ အတိုင်းအတာလေးနဲ့ ပွင့်ပွင့်လင်းလင်းနေကြပြီး ပျော်စရာကောင်းတဲ့ကမ္ဘာလေးတစ်ခုကို တည်ဆောက်နေကြတာပါ။ ဒါကြောင့် ပေါ့ပေါ့ပါးပါးနေတတ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။

(၅) အင်္ဂလိပ်စာစကေးလေးတော့ နည်းနည်းကြွယ်ဖို့လိုပါမယ်။

နိုင်ငံခြားသားတွေနဲ့ အလုပ်တွဲလုပ်နေရတာမို့ အင်္ဂလိပ်စာကို အုတ်ရောရောကျောက်ရောရော ဆိုရင် သူပြောသမျှ ‘Yes’ တစ်လုံးနဲ့ အမြဲပြီးနေလို့မရပါဘူး။ မျက်နှာချင်းဆိုင် ဖြေရှင်းရတဲ့ကိစ္စတွေမှာလည်း  ပြန်မပြောတတ်ရင် (ကြားလူက ဝင်စကားပြန်ပေးရင်လည်း အချိန်ပုပ်တယ်လေ။) အမြဲတမ်းအတွက်  အဆင်မပြေနိုင်တာမို့ အရမ်းကြီး ဂျွတ်ပလွတ်မနေရင်တောင် သူတို့ပြောတာနားလည်ပြီး ပြန်တုပ်တတ်အောင်တော့ ကြွယ်ထားဖို့လိုအပ်ပါတယ်။

 အကုန်ချုပ်ပြောရရင်တော့ ဒီမှာအလုပ်လုပ်နေကြတဲ့ အက်မင်တွေအကုန်လုံးက စိတ်တူကိုယ်တူနဲ့ ဝါသနာကိုအရင်းခံပြီး လုပ်နေကြတဲ့လူတွေချည်းပါပဲ။ တစ်ခါတလေမှာ ကတောက်ကဆလေးတွေရှိတတ်ကြပေမဲ့ ခဏနေ ပြန်အဆင်ပြေသွားတတ်တာမျိုးပါ။ အလုပ်ကိစ္စကြောင့် ဖြစ်တဲ့ ပြဿနာတွေကိုလည်း ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝထဲ ယူမလာတတ်တဲ့ အကျင့်တွေလည်း ရှိကြတယ်ပေါ့နော်.. ဒါကြောင့်လည်း ပျော်စရာလုပ်ငန်းခွင်လေးဖြစ်နေတာပေါ့။ ဖိအားတွေလည်းရှိတတ်ပေမဲ့ အချင်းချင်း ရင်ဖွင့်ဖေးမကြရင်း ဒီနေ့ဒီအချိန်ထိ မိသားစုတွေလို တစ်ယောက်အတွက် တစ်ယောက် ရှိနေပေးကြတာမို့ ဒီလိုစိတ်ထားလေးတော့ ထားတတ်ဖို့လိုပါလိမ့်မယ်။ ဒီလိုလေးတွေ နေတတ်ထိုင်တတ်တယ်ဆိုရင်တော့ ဘာကြည့်နေတာလဲ မြန်မြန် Cv form တင်လိုက်တော့လေ။

အလုပ်နေရာလေးတွေကိုတော့  ဒီလင့်ခ် ထဲဝင်ကြည့်လို့ ရတယ်နော်… 

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *