Content Writer (ဆောင်းပါးရှင်)တွေသာ သိနိုင်တဲ့အချက် (၇) ချက်

Content Writer ပါလို့များပြောမိရင် နောက်က ဖြေရှင်းရတဲ့ မေးခွန်းတွေက တောင်လိုပုံလို့…

ပထမဆုံး Content Writer ဆိုတာဘာလဲ အရင်ပြောပြပေးမယ်နော်။ နည်းပညာတွေတိုးတက်လာပြီး ကမ္ဘာကြီးက ရွာကြီးဖြစ်သွားတဲ့အချိန်မှာ လူမှုကွန်ရက်တွေလည်း ခေတ်စားလာတာ ယောင်းတို့အသိပါ။ ခု အက်ဒ်မင်ပြောတဲ့ ဆောင်းပါးရှင်ဆိုတာလည်း ဒီ အွန်လိုင်းမီဒီယာ ဘလော့ဂ်တွေခေတ်စားလာတာမို့ အဲဒီမီဒီယာတွေမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်းပါးတွေရေးပေးတဲ့ စာရေးဆရာတွေကို ဆောင်းပါးရှင်လို့ခေါ်တာပါရှင်။ အဲ့မှာလည်း အဲလိုဆောင်းပါးရှင်တွေ အချင်းချင်းပဲ နားလည်နိုင်တဲ့ အချက်လေးတွေ ရှိတယ်နော်.. အာ့လေးကို ယောင်းတို့ကို ပြောပြပါ့မယ်…

Content Writer ဆိုတာဘာကြီးလဲ? အာ့ဆို စာရေးဆရာမပေါ့ -_- 

ဒီမှာက အလုပ်ဆိုရင် ဆရာဝန်၊ အင်ဂျင်နီယာ၊ လုပ်ငန်းပိုင်ရှင်လောက် သိကြတော့ ရှင်းပြရတယ်ဆိုတာကို စိတ်မရှိပါဘူး။ ဒါပေမဲ့ ဘာလုပ်ရတာလဲ။ အဲ့လိုစာရေးရတာလည်း အလုပ်အနေနဲ့ရှိတာလား။ ဘယ်လောက်ရလဲ။ ဘာလို့အဲ့လို စာရေးဖို့ အလုပ်ခန့်တာလဲ စသည်ဖြင့် မေးလာတဲ့အခါ နည်းနည်းတော့ အောင့်သက်သက် ဖြစ်လာပါတယ်။

ရည်းစားစာလေး ရေးပေးပါလို့ ပြောင်စပ်စပ်နဲ့လာပြောရင် တအားစိတ်ဆိုးရပါတယ်။

၁၀၀ ဖိုး နိုင်သလောက် စာတွေရေးနေတဲ့ အလကားလူ မဟုတ်ရပါဘူးနော်။ ကိုယ်ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ အလုပ်လုပ်နေတဲ့ ပရော်ဖက်ရှင်နယ်လ် အလုပ်တစ်ခုပါ။ အဲ့တော့ အချင်းချင်း စနောက်တာကလွဲရင် အထင်အမြင်သေးသလိုလို၊ စသလိုလို ဘာလိုလိုနဲ့ ရည်းစားစာတွေ လာလာထိုးရေးပေးခိုင်းနေတဲ့လူတွေကို တအားစိတ်ဆိုးတာပါနော်။ ပညာရပ်တစ်ခုကို ကျွမ်းကျင်တဲ့ ပညာရှင်ချင်းအတူတူ လေးစားတတ်ကြပါစေ…

Related Article >>> ကိုယ့်ရဲ့ career မှာ ပျော်ရွှင်ဖို့အတွက် လက်လွှတ်လိုက်သင့်တဲ့ ယုံကြည်မှု ၃ခု

မုဒ်မပါရင် ဘာမှကို မလုပ်ချင်ဘူး။

စိတ်ပါရင်တော့ စာတစ်ပုဒ်ကို ခဏအတွင်း ရေးပြီးပေမဲ့ မုဒ်မရှိရင်တော့ တစ်ပိုဒ်လောက် ထွက်ဖို့တောင် မနည်းညှစ်နေရတဲ့ ကိုယ်တွေရဲ့ဘဝကို ကိုယ်တွေပဲ သိပါတယ်။ လိုတိုင်းထုတ်လို့မရတဲ့ ဆောင်းပါးတွေမို့ ဘယ်နှစ်ပုဒ်ကို ဘယ်နှစ်နာရီအတွင်းအပြီး လိုချင်တယ်လို့ လာလောလိုက်ရင် စိတ်ညစ်ရတဲ့အကြောင်းကတော့ ပြောမဆုံးပေါင်၊ တောသုံးထောင်ပါပဲ ယောင်းတို့ရေ…

အလုပ်လုပ်နေတဲ့အချိန် ဟိုခိုင်းဒီခိုင်းမခိုင်းစေချင်ဘူး။

လူတွေကလေ အလုပ်ဆိုရင် တစ်ခုခုတော့လှုပ်နေမှ။ ဒါပေမဲ့ သိကြတဲ့အတိုင်း စာမရေးခင် အိုင်ဒီယာလေးထုတ်၊ စဉ်းစားပြီး ငြိမ်နေတတ်တာမျိုးလည်း ရှိတာကိုး…  တစ်ခါတလေ အိမ်မှာ ကိုယ်က စာရေးမယ်လို့ လုပ်နေတဲ့အခါမျိုးတွေမှာ ဟိုဟာလေး ထလုပ်ပေးပါဦး၊ ဒါလေး ယူပေးပါဦးလို့ ပြောတဲ့အချိန် ဒီမှာအလုပ်လုပ်နေတယ်လို့ပြန်ပြော၊ အိမ်ကလူတွေကလည်း ထိုင်နေပြီးတော့များလို့ ပြန်ပြောရင် ကိုယ့်မှာ ဖြေရှင်းလို့မရတဲ့အခိုက်အတန့် ကိုယ်တွေ အချင်းချင်းပဲ နားလည်နိုင်တာပါ။

စာရေးရတာများ လွယ်လွယ်လေးပဲကို လို့ ခဏခဏအပြောခံရတယ်။

ဟုတ်တာပေါ့ ဟိုးငယ်ငယ်ကတည်းက ကျောင်းတက်တဲ့အချိန် စာရေးလာတာ လူတိုင်းရေးတတ်တယ်လေ။ ဒါပေမဲ့ ကိုယ့်ခေါင်းထဲမှာ ထွက်လာတဲ့ အိုင်ဒီယာတွေကို စာအဖြစ်ချရေးရတာ၊ စာလုံးပေါင်းဘာညာ၊ ဘယ်ဘောင်ထဲကနေပဲရေးရတာ စသည်ဖြင့်  စည်းကမ်းတွေကို လိုက်နာရပါတယ်။ အတတ်ပညာတစ်ခုဖြစ်လာပြီမို့ အရင်ကလို အပျော်တမ်းတွေ့ကရာ ချရေးလို့မရတော့ဘူးဆိုတာ လူတွေသိအောင်ရှင်းပြဖို့ အတော်ခက်ပါတယ်။

ဘာအကြောင်းပြောပြော ဆောင်းပါးဖြစ်ပါတယ် 😀 

သူငယ်ချင်းအချင်းချင်းတွေ့တယ်၊ ကိုယ်အပြင်သွားတယ် တစ်ခုခုတွေ့တယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခုခုတွေ့တယ် စသည်ဖြင့် တွေ့သမျှအကြောင်းတွေ အားလုံးဟာ ကုန်ကြမ်းတွေချည့် ဖြစ်သွားတော့တာပါပဲ။ သူတို့ပြောသမျှက ကိုယ်တွေအတွက်တော့ ဆောင်းပါးပဲ 😛  (သူငယ်ချင်းတွေကတော့ ပြောရှာပါတယ်။ နင့်အရှေ့ဆို စကားကိုမပြောရဲဘူးတဲ့။)

Related Article >>> Content Writer ခေါ် ဆောင်းပါးရှင် တစ်ယောက်ဖြစ်ချင်ရင်…

စာလေးပဲ ရိုက်ရတာ ဘာပင်ပန်းလို့လဲ လို့အပြောခံရတယ်။

လက်ကလေး တတောက်တောက်ပဲ ရိုက်နေရတာရဲ့နောက်ကွယ်မှာ သေမလို အလုပ်လုပ်နေရတဲ့ ဦးနှောက်လေးတစ်ခုရှိတာ ယူတို့မှမသိကြဘဲ။ ပုံမှန်တွေ့နေကျ အဖြစ်အပျက်တွေကို လူစိတ်ဝင်စားအောင်၊ သူများစိတ်ထဲနေပြီး ဘာခံစားလို့ခံစားရမှန်းမသိ ဖြစ်နေတာကို ‘သြော် ငါ့စိတ်ထဲမှာ ဒီလိုဖြစ်နေပါလားလို့’ တွေးမိသွားအောင် ရေးနိုင်ဖို့ဆိုတာကိုလည်း ကိုယ့်ဘက်က အားတွေ အများကြီးထုတ်ထားရပါတယ်။ အဲ့ဒါကြောင့် စာရေးတဲ့အလုပ်ကလည်း သူ့အတိုင်းအတာနဲ့သူ ပင်ပန်းပါတယ်လို့။

ဒါလေးတွေကတော့ ဆောင်းပါးရှင်အချင်းချင်းပဲ နားလည်နိုင်တဲ့အချက်လေးတွေပေါ့။ အမှန်တော့ စာရေးတယ်ဆိုတာလည်း ကျောင်းတုန်းကလို ဖတ်စာအုပ်ထဲက ကူးချလို့ရတာမျိုးတွေ မဟုတ်တဲ့အကြောင်း၊ အတတ်ပညာတစ်ခုပဲ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ ပရော်ဖက်ရှင်လုပ်ငန်း တစ်ခုဖြစ်တာကြောင့် ပြောင်သလို နောက်သလိုနဲ့ အထင်သေးတဲ့စကားတွေ မပြောသင့်ကြောင်း နည်းနည်းပါးပါးသိသွားရင်ပဲ ဒီဆောင်းပါးရေးရတာ ကျေနပ်ပါပြီ။

Hnin Ei Oo (For Her Myanmar)

No Comments Yet

Comments are closed