Book Review

လမ်းညွှန်ဆိုတာထက် ပိုတဲ့ ဘဝနေနည်း စာအုပ် (၂)အုပ်

ခေါင်းစဉ်က အရမ်းလေးနေပေမဲ့ စာအုပ်ထဲမှာပါတဲ့စာတွေကတော့ ပေါ့ပေါ့ပါးပါးပါပဲ။

ဘဝဆိုတာ ဖြစ်လာပြီးတဲ့နောက်မှာတော့ ချမ်းသာဖို့၊ သူများနဲ့တန်းတူ သွားနိုင်၊ လာနိုင်သုံးနိုင်ဖို့ ဆိုတဲ့ ခေတ်ပေါ် ‘ဖို့’ တွေထက် ပျော်ရွှင်ဖို့က ပိုပြီး အရေးကြီးတယ် မဟုတ်လား။ အဲဒီလိုပျော်ရွှင်ဖို့ဆိုတာလည်း လူကြီးသူမတွေ ရှေ့မှာ နေတတ်ထိုင်တတ်မှ၊ သူငယ်အချင်းတွေ အချင်းချင်းလည်း ဆက်ဆံတတ်မှ၊ စကားပြော (သို့) စကားဝိုင်းကို ဦးဆောင်တဲ့ အခါမှာလည်း ပညာသားလေးကပါမှ၊ နောက်ဆုံး အခုခေတ်စားနေတဲ့ စိတ်ကျရောဂါကို တိုက်ထုတ်ဖို့ဆိုတာကလည်း လွှတ်ချသင့်တဲ့ကိစ္စတစ်ချို့ကို လွှတ်ချတတ်ဦးမှလေ။ နှင်းအခု ရီဗျူးရေးပေးမယ့် စာအုပ်နှစ်အုပ်ကတော့ တက်ကျမ်းတွေ၊ ချမ်းသာနည်းတွေမဟုတ်ဘဲ ဘာမဟုတ်တဲ့ သေးသေးသောသော ကိစ္စလေးတွေကို အရမ်းလိုက်မခံစားဖို့ တည့်တိုးတွေ ရေးပေးထားတဲ့ ‘ဂရုမစိုက်ခြင်း အနုပညာ’ ဆိုတဲ့ ဘာသာပြန်စာအုပ်ရယ်၊ လူအများကြားမှာ စကားပြောတဲ့အချိန် နုံအအကြီးဖြစ်မနေဖို့ စကားဝိုင်းထဲတိုးဝင်ပြီး ပြောတတ်စေမယ့် နည်းလမ်းတွေကို ရေးသားထားတဲ့ ‘ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တဲ့လူ’ ဆိုတဲ့စာအုပ်ရယ်ပါ။ မဝယ်ခင် ကိုယ်နဲ့သင့်တော်တဲ့စာအုပ်ဟုတ်မဟုတ် အမြည်းလေးတွေ အရင်ဖတ်ကြည့်ကြတာပေါ့…

ဂရုမစိုက်ခြင်းအနုပညာ (ဘာသာပြန် – ချမ်းမြေ့ဝင်း)

ကမ္ဘာကျော်စာအုပ်ဖြစ်တဲ့ ‘The Subtle Art Of Not Giving A F*ck’ (Mark Mason) ကိုဘာသာပြန်ထားတဲ့စာအုပ်ပါ။ ဒီစာအုပ်ထဲမှာတော့ ကိုယ်ဟာ ကမ္ဘာပေါ်မှာ နှစ်ယောက်မရှိတဲ့လူမို့ အရမ်းတန်ဖိုးရှိတဲ့လူတစ်ယောက်လို့ ခံစားစေမှာမဟုတ်ဘဲ ကိုယ်ဟာလည်း လူထဲက လူတစ်ယောက်ပဲမို့ သူလိုကိုယ်လိုပဲဆိုတာကို လက်ခံတတ်အောင် ရေးပြထားတာပါ။ လောကဓံ အတက်အကျ နှစ်ခုကြားက ရိုက်ချက်တွေကို ပုံမှန်သဘောထားနဲ့ပဲ ဖြတ်ကျော်နိုင်မယ့်နည်းတွေ၊ ကိုယ်ဟာ အားနည်းချက်တွေ အမှားတွေ ဗလပွဖြစ်နေသည့်တိုင် ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ သာသာယာယာလေး ဖြတ်ကျော်နိုင်မယ့် နည်းလမ်းတွေ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရှုပ်ပွနေတဲ့ဘဝကြီးကို နည်းနည်းဖြစ်ဖြစ် အမြင်ရှင်းသွားအောင် အဓိပ္ပာယ်ရှိရှိ ရှင်းထုတ်ပေးနိုင်တဲ့ စာအုပ်ပဲဖြစ်ပါတယ်။ အရာရာကို သေချာဂရုစိုက်နေရတဲ့ တစ်နေ့တာလောကထဲမှာ တချို့အရာတွေကို ကိုယ့်ပျော်ရွှင်မှုအတွက် ကွင်းလုံးကျွတ်လွှတ်ချနိုင်ဖို့ ရိုးရိုးလေးပြောပြထားတဲ့ စာအုပ်ပါပဲ။ အထူးသဖြင့် စိတ်ကျရောဂါခံစားနေရတဲ့ လူငယ်တွေအတွက် သွားလေရာဆောင်ပြီး စိတ်ဓာတ်ကျမယ်ကြံတိုင်းထုတ်ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။

book
ဂရုမစိုက်ခြင်းအနုပညာ (စာအုပ်ဖတ်နေတဲ့အကြောင်း ဂရုစိုက်ခံချင်လို့တော့ စာအုပ်ပုံရိုက်ပြီး မတင်နဲ့နော် 😛 )
book
ဒါကတော့ သူ့ရဲ့မူရင်းစာအုပ်

Related Article >>> မတူညီတဲ့ လူ့သဘာဝတွေကို လှလှပပပြသွားခဲ့တဲ့ စာအုပ်ကောင်း (၂) အုပ်

ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တဲ့လူ (ဆရာဖေမြင့်)

စကားပြောကောင်းတဲ့လူနဲ့ စကားပြောမကောင်းတဲ့လူကြား အကြီးကြီးကွာခြားသယောင်ဖြစ်နေတဲ့ အလွှာပါးပါးလေးကို ဖယ်ပြပေးထားတဲ့ စာအုပ်ပါ။ ဒီစာအုပ်ထဲမှာ အတတ်ပညာရှိပေမဲ့ လူမှုဆက်ဆံရေး သုညဖြစ်နေတဲ့လူတွေ၊ သူငယ်ချင်းအချင်းချင်းကြားမှာတောင် စကားအပြောမတတ်တဲ့လူလို့ အမည်နာမတပ်ခံထားရတဲ့ လူတွေအတွက် ပြောဆိုနည်းကို အသေးစိတ်လမ်းညွှန်ထားပါတယ်။ အခြေခံအကျဆုံးဖြစ်တဲ့ လူတစ်ယောက်စကားပြောနေတဲ့အချိန် နောက်တစ်ယောက်က ဖြတ်မပြောရဘူးဆိုတဲ့ စည်းမျဉ်းကနေစပြီး ပညာရှင်ဖြစ်လာတဲ့အချိန် လူအများကြား မိမိကိုယ်မိမိ ပိုပြီးမြှင့်တင်နိုင်ဖို့ ဘယ်လိုနေထိုင် ပြောဆိုရမလဲဆိုတဲ့ စည်းမျဉ်းတွေအထိ ဖော်ပြထားပါတယ်။ ဒီစာအုပ်ထဲမှာ ဖော်ပြထားတဲ့ နည်းလမ်းတွေက အပြောအဆို ကျွမ်းကျင် လိမ္မာတဲ့သူတွေ၊ ပါရဂူတွေရဲ့ လက်တွေ့နည်းနာတွေကို စုစည်းတင်ပြထားတာမို့ စာအုပ်ဖတ်ပြီးတာနဲ့ အပြင်မှာ လက်တွေ့ချက်ချင်းအသုံးချနိုင်မှာပါ။ (နှင်းတောင် လေ့လာပြီး လက်တွေ့လုပ်ကြည့်နေတယ် အဟီး။) နောက်ပြီး ငြင်းတဲ့နေရာမှာလည်း အရင်ကလို ပရမ်းပတာနဲ့ ခေါင်းတခါခါ လည်တရမ်းရမ်း ပိတ်ငြင်းနေတာမဟုတ်ဘဲ ပညာရှိနည်းနဲ့ ငြင်းလို့ ငြင်းမှန်းမသိအောင် ပြောဆိုတဲ့နည်းလည်းပါတာမို့ အထာကျကျရန်ဖြစ်ချင်ရင် ဝယ်ဖတ်ကြည့်ပါလို့ 😛

ဆရာဖေမြင့်ရဲ့ ပြောတတ်ဆိုတတ် ပေါင်းသင်းတတ်တဲ့လူ

Related Article >>> မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ စာအုပ် (၄) အုပ်

ဒီစာအုပ်တွေကတော့ ဘဝမှာပျော်ရွှင်ဖို့ ချမ်းသာနေမှ၊ အမြဲတမ်းစိတ်ချမ်းသာနေမှ မဟုတ်ဘဲ ကြုံနေရတဲ့အခက်အခဲတွေကနေ အမြတ်ထုတ်ပြီး နေတတ်ထိုင်တတ်အောင်၊ လူအများနဲ့ဆက်ဆံတဲ့အခါ ပြောတတ်ဆိုတတ်အောင် စသည်ဖြင့် ဘဝမှာနေတတ်ထိုင်တတ်အောင် လမ်းညွှန်ပေးထားတဲ့ စာအုပ်မျိုးတွေပါ။ လမ်းညွှန်ပေးထားတယ်ဆိုပေမဲ့ ဆရာက တပည့်ကို ဆုံးမနေသလိုမျိုး မဟုတ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ သူငယ်ချင်းအချင်းချင်း စကားပြောသလိုမျိုးပဲ ရေးထားတာမို့ စာအုပ်ကြီးသီးသန့် ဖတ်နေရသလို မခံစားရဘဲ ကိုယ့်သူငယ်ချင်းနဲ့ တိုင်တိုင်ပင်ပင် ပြောဆိုနေသလိုမျိုးပဲ ဖြစ်နေမှာပါ။ ဒါကြောင့် စာဖတ်ပျင်းတဲ့ ယောင်းယောင်းတွေလည်း ဖတ်ကြည့်ပါ.. ပျင်းစရာကောင်းတဲ့ စာအုပ်တွေလည်း မဟုတ်ရပါဘူးလို့… 

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *