Book Review

ဘဝအချိုးအကွေ့များခဲ့တဲ့ အနုပညာရှင်တို့ရဲ့ အတ္ထုပ္ပတ္တိ

စာဖတ်နေရင်း အချိန်ဆိုတာလေ ကုန်လို့ကုန်သွားမှန်းတောင်မသိဘူး ဖြစ်သွားစေရမယ် အာမခံတယ်

စာအုပ်ဖတ်တဲ့အခါ အချစ်၊ အမုန်း၊ အလွမ်းတွေလောက်ပဲ တွေ့နေရတာများတော့ ဖတ်ရတာပျင်းနေပြီလားယောင်းတို့။ ဒါဆိုရင်တော့ ဒီတစ်ပတ်ရဲ့ စာအုပ်အညွှန်းဆောင်းပါးထဲမှာ အတ္ထုပ္ပတ္တိစာအုပ်လေးတွေကို ညွှန်းပေးချင်ပါတယ်။ အတ္ထုပ္ပတ္တိဆိုတာက ယောင်းတို့သိတဲ့အတိုင်း ဒီလူတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းအားလုံးကို ဒိုင်ယာရီသဖွယ် ရေးသားထားတဲ့ စာအုပ်လေးတွေပါ။ သူ့ရဲ့ဘဝမှာ ကြုံတွေ့ခဲ့သမျှအရာအားလုံးကို အဖွဲ့အနွဲ့ ရသစုံနဲ့ အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။  ဒီဆောင်းပါးထဲမှာတော့ ဘာသာပြန်စာအုပ်တစ်အုပ်နဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်အုပ်ကို ရွေးချယ်ထားပါတယ်။

(၁) သူလိုလူ (ဂျာနယ်ကျော်မမလေး)

စာရေးဆရာမဂျာနယ်ကျော်မမလေးက သူ(မ) ရဲ့ခင်ပွန်းဖြစ်သူ ဂျာနယ်ကျော်ဦးချစ်မောင် (ရွှေလင်းယုန်) ရဲ့တစ်ဘဝလုံးကြုံတွေခဲ့ရတဲ့ အချိုးအကွေ့နဲ့ ဖြတ်သန်းခဲ့သမျှကိစ္စအားလုံးကို အတ္ထုပ္ပတ္တိစာအုပ်အနေနဲ့ ရေးသားထုတ်ဝေခဲ့တာဖြစ်ပါတယ်။

ဒီစာအုပ်လေးရဲ့အစမှာ ဂျာနယ်ကျော်မမလေးက သူ(မ) ရဲ့ဘဝဖြတ်သန်းပုံအကြောင်းနဲ့ အစချီထားပြီး ဖြတ်လတ်သွက်လက်တဲ့ စိတ်ထားရှိသူ သူ(မ)နဲ့ အေးအေးဆေးဆေး နေတတ်တဲ့သူ(မ) ရဲ့ခင်ပွန်းဖြစ်လာမယ့် ဦးချစ်မောင်တို့ ဘယ်လိုစပြီးတွေ့ဆုံခဲ့လဲ ဆိုတာလေးကနေ အစပြုထားပါတယ်။

မိန်းမသားတစ်ယောက်အနေနဲ့ ဉာဏ်ပညာထက်မြက်လွန်းတဲ့ သူ(မ)ကို လေးစားတဲ့အကြောင်း စာရေးသူအာဘော်တွေကို တိတိကျကျဝေဖန်နိုင်စွမ်းရှိတဲ့ သူ(မ)ကို သူ့ရဲ့ဝတ္တုတွေပို့၊ ဖတ်ပြီးဝေဖန်ခိုင်းရင်း တစ်စတစ်စ သံယောဇဉ်တွေငြိတွယ်လာရတဲ့ အကြောင်းကိုရေးထားတာက အရမ်းကြည်နူးစရာကောင်းပါတယ်။ (ရည်းစားစာရေးထားတာ ကြွေရချက်ပဲ :P)

အတူလက်ထပ်ပေါင်းသင်းတဲ့အချိန်မှာလည်း သာမန်အယ်ဒီတာတစ်ယောက်ဘဝနဲ့ သူချစ်တဲ့မိန်းမကို တင့်တောင့်တင့်တယ်မထားနိုင်လောက်တာမို့ ဒီထက်ပိုကောင်းတဲ့ဘဝကို ထပ်ပြီးတက်မယ်ဆိုတဲ့စိတ်ဓာတ်၊ ကိုယ့်မယားဖြစ်သူရဲ့ အိပ်မက်၊ စိတ်ကူးအားလုံးကို အတွင်းကျကျဝင်ကြည့်ပြီး တစ်နေ့ရအောင်ဖြည့်ဆည်းပေးမယ် ဆိုတဲ့စိတ်ထားရင်း အပတ်တကုပ်ကြိုးစားတတ်တဲ့ စိတ်ဓာတ်၊ ကိုယ့်အလုပ်ကိုယ် လုပ်စရာရှိတာလုပ်ပြီး လူအများကြား ဂုဏ်မဆာတတ်တဲ့ စိတ်ဓာတ်စသည်ဖြင့် ယောကျာ်းကောင်း ယောကျာ်းမြတ်တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်တွေအပြင် ဇနီးသည်မကြိုက်တဲ့  အလုပ်နဲ့ကိုယ်ပိုင်အချိန် မခွဲခြားဘဲ အလုပ်ကြီးပဲဖိလုပ်နေတတ်တဲ့ အပြုအမူတွေကိုလည်း တညည်းညည်းတညူညူနဲ့ ပြုပြင်ပေးရှာတဲ့ လူရိုးလူအေးကြီးရဲ့ အိမ်ထောင်သည်ဘဝကို ဖတ်ရတာလည်း စိတ်ထဲတော်တော် ကြည်နူးပီတိဖြစ်ရပါတယ်။

ဖဆပလခေတ်မှာလည်း ကလောင်လက်စွမ်းနဲ့ တစ်နိုင်တစ်ပိုင် တိုက်ပွဲဝင်ခဲ့ပြီး နောက်ဆုံးမှာတော့ ဇနီးသည်ရဲ့ လက်ပေါ်တင် ဘဝခရီးလမ်းကဆုံးသွားခဲ့တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ ဘဝဇာတ်လမ်းနောက်ပိုင်းဟာ အတ္ထုပ္ပတ္တိဆိုပေမဲ့ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေ ပျော်ဝင်နေတာမို့ မဖြစ်မနေဖတ်ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

Related Article >>> မတူညီတဲ့ လူ့သဘာဝတွေကို လှလှပပပြသွားခဲ့တဲ့ စာအုပ်ကောင်း (၂) အုပ်

(၂) မိုက်ကယ်အိန်ဂျလို – ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့ ဘာသာပြန်

မိုက်ကယ်အိန်ဂျယ်လိုဟာ အီတလီနိုင်ငံဖွား ပန်းပုအနုပညာရှင်တစ်ဦးဖြစ်ပြီး လီယိုနာဒို ဒါဗင်ချီတို့နဲ့ ခေတ်ပြိုင်အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ဒီ အတ္ထုပ္ပတိစာအုပ်မှာ ငယ်စဉ်ကတည်းက အနုပညာကိုရူးသွပ်တဲ့ ကောင်လေး မိုက်ကယ်အကြောင်းကနေစပြီး စိတ်ဝင်စားဖွယ်ပုံဖော်ထားပါတယ်။

ပန်းပုပညာဆိုတာ ခေတ်မရှိဘူး၊ ဒီပညာနဲ့ အသက်မွေးလို့မဖြစ်နိုင်ဘူးဆိုသူတွေ၊ အနုပညာသည်လုပ်ရင် ထမင်းငတ်မှာပဲ ဆိုပြီး ပိတ်ပင်တဲ့ ဖခင် သူတို့တွေကို ဆန့်ကျင်ပြီး သူရူးသွပ်တဲ့ ပန်းပုပညာကို ကြိုးစားလေ့လာသူ မိုက်ကယ်ရဲ့ ငယ်ဘဝကလည်း ထူးခြားပါတယ်။ ပန်းပုပညာမှာ ပါရမီပါသလောက် ဆရာကောင်းနဲ့ တွေ့ရသလို၊ မိုက်ကယ်ပန်းပုပညာ သင်ယူခွင့်ရဖို့ ပံ့ပိုးပေးတဲ့ ကျေးဇူးရှင်နဲ့ တွေ့ခွင့်ရခဲ့ပုံကလည်း တကယ်စိတ်ဝင်စားစရာကောင်းပါတယ်။ နာမည်ကျော်ပန်းပုပညာရှင်ဖြစ်ခွင့်ရရှိပြီးမှ အာဏာရှင်တွေ၊ ပုပ်ရဟန်းမင်းကြီးတွေရဲ့ အလိုကျရပ်တည်ရတဲ့ အဲဒီခေတ်က အနုပညာရှင်တွေရဲ့ အခက်အခဲတွေကိုလည်း အဲဒီခေတ်က အီတလီနိုင်ငံရဲ့ နိုင်ငံရေးလူမှုရေး အခင်းအကျင်းနဲ့အတူ စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာပါ။

Related Article >>> ပဒေသရာဇ်ခေတ်က အမျိုးသမီးတွေ ဘဝကို ပေါ်လွင်စေတဲ့ သမိုင်းစာအုပ် (၂)အုပ်

ခု အက်ဒ်မင်ညွှန်းထားပေးတဲ့ အတ္ထုပ္ပတ္တိစာအုပ်နှစ်မှာ မတူညီတဲ့ လူနှစ်ယောက်ရဲ့ မတူညီတဲ့စရိုက်သဘာဝ၊ ဘဝအချိုးအကွေ့တွေနဲ့ အဖြစ်အပျက်တွေဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။ အနုပညာရှင်တွေရဲ့ ဘဝဟာလည်း နာမည်ကသာ အနုပညာရှင် ဘဝခရီးလမ်းကတော့ဖြင့် ကြမ်းတမ်းလိုက်တာဆိုတဲ့ အတွေးကိုလည်း ဖတ်ပြီးရင် ယောင်းတို့ တွေးမိကြမယ်လို့ ထင်ပါတယ်နော်.. တကယ်တမ်း အတ္ထုပ္ပတ္တိစာအုပ်တွေဟာ အနည်းငယ် ပျင်းရိငြီးငွေ့ဖွယ်ကောင်းပေမဲ့ ဒီစာအုပ်နှစ်အုပ်ကတော့ ထင်သလောက် ပျင်းစရာမကောင်းတဲ့အပြင် ပိုင်နိုင်တဲ့ အဖွဲ့အနွဲ့ နဲ့ ဘာသာပြန်စွမ်းရည်တွေကြောင့် ဖတ်နေရင်း အချိန်ကုန်လို့ကုန်သွားမှန်းတောင် သိမှာမဟုတ်ပါဘူးနော်။ ကိုယ်တိုင်မတွေ့ကြုံရပေမဲ့ အတွေ့ကြုံအသစ်တွေ အများကြီးရမှာလေ။ နောက်အပတ်တွေမှာလည်း စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်လေးတွေကို ဆက်ပြီး ညွှန်းပေးဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးနော်… 

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo
အလှအပ၊ ဖက်ရှင်၊ gym နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အချစ်ရေး စတဲ့ကဏ္ဍတွေကို အဓိကထားရေးတဲ့ စာရေးသူပေါက်စလေး တျောက်ပါ 😁 အခွီနဲ့ စိတ်ဓာတ်ခွန်အားပေးစာတွေကိုလည်း ဒဲ့တိုးတွေ ရေးတတ်ပါသေးတယ် 😛

Leave a Reply

Your email address will not be published. Required fields are marked *