Book Review

မြို့ပြလူနေမှုဘဝတွေကို ပုံဖော်ထားတဲ့ စာအုပ်လေးနှစ်အုပ်အကြောင်း

ဖတ်ရင်းမျက်ရည်တောင် ကျမိပါရဲ့ ….

စာဖတ်ဝါသနာပါတဲ့ ယောင်းတို့ကို ဒီတစ်ခါ အက်ဒ်မင်ညွှန်းပေးချင်တာကတော့ စာရေးဆရာမနှစ်ယောက်ရဲ့ မြို့ပြလူနေမှုဘဝအကြောင်းကို ပုံဖော်ထားတဲ့ စာအုပ်နှစ်အုပ်ပဲဖြစ်ပါတယ်။ အဲဒီစာအုပ်နှစ်အုပ်ကို ရေးသားထားသူတွေကတော့ ဆရာမ မစန္ဒာနဲ့ ဆရာမ နုနုရည်(အင်းဝ) တို့ပါပဲ။ ဆရာမတို့ဟာ ဘဝသရုပ်ဖော်ကို ပိုင်နိုင်စွာရေးဖွဲ့နိုင်ကြသူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ စာအုပ်တွေထဲက ဇာတ်ကောင်တွေဟာ တကယ့်အပြင်လောက ကလူတွေနဲ့ထပ်တူကျပြီး ဘဝသရုပ်ဖော် ဇာတ်လမ်းကောင်းတွေ ဖြစ်နေတာပါ။

ဒီစာအုပ်တွေထဲမှာ လူနေမှုစရိတ်စကမြင့်မားလှတဲ့ မြို့ပြ၊ လူဦးရေနဲ့မဆန့်အောင် ကျဉ်းမြောင်းနေတဲ့ မြို့ပြလူနေမှုစနစ်၊ လိုက်မမီနိုင်တဲ့ ကုန်ဈေးနှုန်း၊ ကွာဟနေတဲ့ ဆင်းရဲချမ်းသာအဆင့်အတန်းတွေ ဒါတွေကြားမှာ ပျော်အောင်နေတတ်တဲ့ မြန်မာတို့ရဲ့စရိုက်လက္ခဏာ၊ တစ်ဦးကိုတစ်ဦး မနာလိုတာ၊ စပ်စုတာ၊ ငြိုငြင်ကြတာရှိသော်လည်း အရေးအကြောင်းရှိတိုင်း ကူညီဖေးမတတ်ကြတဲ့ လူတွေအကြောင်းကို သဘာဝအကျဆုံးဖြစ်အောင်ရေးသားပုံဖော်ထားပါတယ်။ ကန်ထရိုက်တိုက်အတွင်းရှိ တိုက်ခန်းတစ်ခန်းချင်းစီမှာနေထိုင်တဲ့ မိသားစုတစ်စုချင်း၊ အဲ့ဒီမိသားစုထဲမှာမှ တစ်ယောက်ခြင်းရဲ့ အကျင့်စရိုက်၊ နေထိုင်ပုံ၊ အနေအထိုင်အပြောအဆို စတာတွေကို ကွက်ကွက်ကွင်းကွင်း ရုပ်ရှင်ပြနေသလို၊ ကိုယ့်ရှေ့မှာ ဒီလူတွေကို မြင်တွေ့နေရသလို ထင်မြင်အောင် သရုပ်ဖော်ရေးသားထားပါတယ်။ ဘဝသရုပ်ဖော်ဇာတ်လမ်းဖြစ်တာနဲ့အညီ ဇာတ်ကောင်တွေဟာ တကယ့်ဘဝထဲကလူသားတွေလိုပဲ ချစ်ခင်တတ်၊ ကြင်နာတတ်၊ မုန်းတီးတတ်၊ မနာလိုတတ်၊ စပ်စုတတ် အစရှိတဲ့ လူထဲကလူတွေရှိတတ်တဲ့ အကျင့်လက္ခဏာတွေနဲ့ ရောပြွမ်းကာ အဆိုးကြီးပဲလည်းမဟုတ်၊ အကောင်းကြီးပဲလည်းမဟုတ်ကြတဲ့ သာမာန်လူသားတွေပါပဲ။

မြစိမ်းပြာကမာရွတ်

ပထမတစ်အုပ်ကတော့ ဆရာမ နုနုရည်(အင်းဝ)ရဲ့ “မြစိမ်းပြာ၊ ကမာရွတ်” ဆိုတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ မြစိမ်းပြာလမ်းမှာရှိတဲ့ ကန်ထရိုက်တိုက်တစ်လုံးမှာ မှီတင်းနေထိုင်ကြတဲ့ အိမ်ထောင်စုတွေအကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ 

ဘုဂလန့်လူကြီးနဲ့ ခင်မင်စရာကောင်းတဲ့ သူ့မိန်းမငယ်ငယ်လေးလင်မယား၊ ကြောင်တွေကိုချစ်ပြီး ကပ်စေးနဲတဲ့အပျိုကြီးတူဝရီး၊ အညာကို အမြဲလွမ်းနေတဲ့ အဘိုးကြီးနဲ့သူ့သား၊ နေရာတကာသြဇာပေးတတ်တဲ့ချွေးမနဲ့ မြေးတွေမိသားစု၊ ကလေးဘုစုခရုလေးတွေနဲ့ ကျူရှင်ဆရာမိသားစုနဲ့အတူနေတဲ့ အသစ်စက်စက်လင်မယားတစ်စုံနဲ့ မုဆိုးမယောက္ခမကြီးမိသားစု၊ စပ်စုတတ်တဲ့ မြေပိုင်ရှင် အမျိုးသမီးကြီးနဲ့ ဆွံ့အနားမကြားသော်လည်း ကူညီတတ်လို့ လူချစ်လူခင်ပေါတဲ့ သူ့ရဲ့သားလေး အစရှိတဲ့ ဇာတ်ကောင်တွေကို သိုင်းဝိုင်းချဲ့ထွင်ကာ စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားထားပါတယ်။ ဘဝရဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံကာရင်ဆိုင်ကြသော်လည်း မြစိမ်းပြာလမ်းမှ ကန်ထရိုက်တိုက်လေးထဲကမိသားစုတစ်စုချင်းစီဆီကို မထင်မှတ်ထားတဲ့ လောကဒဏ်ဆိုသည့်အရာက ဝင်ရောက်မွှေနှောက်လိုက်သောအခါ …….

ဒီမိသားစုတွေ လောကဒဏ်ကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာကိုတော့ မြစိမ်းပြာကမာရွတ်ဆိုတဲ့ စာအုပ်ထဲမှာ အဖြေရှာကြည့်ကြပါနော်။

Related Article >>> ဆယ်ကျော်သက် အရွယ်တိုင်း မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်နှစ်အုပ်

ဘဝအိပ်မက်ပန်းအိပ်မက်

နောက်ထပ်တစ်အုပ်ကတော့ ဆရာမ မစန္ဒာရဲ့ “ဘဝအိပ်မက်၊ ပန်းအိပ်မက်”ဆိုတဲ့စာအုပ်ပါ။ ဒီစာအုပ်မှာတော့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ဦးဖီးလမ်းမှာရှိတဲ့ ကန်ထရိုက်တိုက်တစ်လုံးက မိသားစုဝင်တွေအကြောင်းကိုရေးသားပါတယ်။ 

အဲ့ဒီကန်ထရိုက်တိုက်ထဲမှာ နေထိုင်ကြသူတွေကတော့ အရက်သမားအဖိုးကြီးနဲ့ သူ့သားမုဆိုးဖို၊ ပစိပစပ်များတဲ့အဘွားကြီးနဲ့ သူ့သမီးအပျိုကြီး၊ ကထိကလင်မယားနဲ့ သူတို့ရဲ့ကလေးသုံးယောက်တို့ဖြစ်ပါတယ်။ နောက်ထပ်တစ်ယောက်ကတော့ ထူးခြားပါတယ်။ သူဟာ ချမ်းသာကြွယ်ဝတဲ့ ဦးဘပွားဆိုသူ အငြိမ်းစားအရာရှိကြီးဖြစ်ပြီး သူ့ရဲ့သားသမီးတွေဟာ ပညာစုံ၊ ကြင်ယာစုံကာ နိုင်ငံရပ်ခြားမှာ အခြေချနေထိုင်နေကြသူတွေပါ။ အထီးကျန်ခြင်းကိုမခံစားနိုင်တဲ့ ထိုလူကြီးဟာရွှေတောင်ကြားမှာရှိတဲ့ အိမ်ကိုအခြားသူအားငှားရမ်းကာ စမ်းချောင်းကကန်ထရိုက်တိုက်မှာလာရောက်နေထိုင်တာပါ။ သို့သော်လည်း ကန်ထရိုက်တိုက်မှာရှိတဲ့ အခြားလူတွေနဲ့ သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံခြင်းမရှိဘဲ သီးသန့်နေထိုင်ပါတယ်။ အခြားမိသားစုဝင်တွေကတော့ တစ်ဦးနဲ့တစ်ဦး အမြင်ကြည်တာ၊ မကြည်တာရှိကြပေမဲ့ အရေးအကြောင်းရှိရင် မိသားစုလို ညီညာဝိုင်းဝန်းတတ်ကြသူတွေမို့ သူတို့နဲ့မရောနှောဘဲ သီးသန့်နေထိုင်တဲ့လူကြီးကို မနှစ်မြို့ကြတာအမှန်ပါ။

တစ်ရက်မှာတော့ မုဆိုးဖိုဖြစ်သူ ကိုကောင်းထက်ဟာ စွန့်ပစ်ခံရတဲ့ ကလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်လာကာမှ ဦးဘပွားဟာ သူတို့ထင်သလိုမဟုတ်ဘဲ စိတ်ရင်းကောင်းမွန်သူဖြစ်ကြောင်း သိလာရပါတော့တယ်။ ဒါ့အပြင် ဦးဘပွားမှာ သူတို့သိမထားတဲ့ လျှို့ဝှက်ချက်တစ်ခုက ရှိနေပြန်ပါသေးတယ်။

ဦးဘပွားရဲ့ လျှို့ဝှက်ချက်က ဘာလဲ …

တစ်သက်လုံးတင်းမာခဲ့တဲ့ ဦးဘပွားရဲ့နှလုံးသားကို အရည်ပျော်အောင်လုပ်နိုင်စွမ်းရှိသူလေးတွေက ဘယ်သူတွေလဲ …

ဒါတွေကို သိချင်ရင်တော့ ဆရာမ မစန္ဒာရဲ့ ဘဝအိပ်မက်၊ ပန်းအိပ်မက် ဝတ္ထုကို ဖတ်ကြည့်ကြပါနော်။

ဒီစာအုပ်နှစ်အုပ်စလုံးဟာ အမျိုးသားစာပေဆုရခဲ့တဲ့စာအုပ်တွေမို့ယောင်းတို့နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ အက်ဒ်မင်ဆို ဒီစာအုပ်နှစ်အုပ်ကိုဖတ်ပြီး မျက်ရည်တောင် ကျရလောက်အောင် ခံစားခဲ့ရတာပါ။ ယောင်းတို့လည်း အသဲမာသူတွေဟုတ်မဟုတ် သိချင်ရင်ဖတ်ကြည့်ကြပါနော်….

Sugar Cane(For Her Myanmar)

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *