Book Review

သင်္ကြန်အငွေ့အသက်လေးတွေကိုခံစားရမယ့်စာအုပ်လေးနှစ်အုပ်

တစ်နှစ်မှ တစ်ခါခံစားရမယ့် သင်္ကြန်အငွေ့အသက်လေးတွေကို စာဖတ်ရင်း ခံစားကြည့်ကြမယ်ဆို… 

ဒီတစ်ခါတော့ သင်္ကြန်လဲနီးပြီဆိုတော့ ယောင်းတို့ သင်္ကြန်အငွေ့အသက်လေးတွေခံစားရစေမယ့် စာအုပ်လေးနှစ်အုပ်ကို အက်ဒ်မင်က ညွှန်းပေးချင်ပါတယ်နော်။

ဒီစာအုပ်လေးနှစ်အုပ်က ထွက်ခဲ့တာလဲကြာပြီဆိုပေမယ့် သင်္ကြန်အချိန်ရောက်တိုင်း ဘယ်အချိန်ပြန်ဖတ်ဖတ်မရိုးနိုင်ပါဘူး။

ပထမတစ်အုပ်ကတော့ အက်ဒ်မင်တို့ ကလေးဘဝထဲကနေ အခုလူကြီးဖြစ်ချိန်အထိ စွဲစွဲလမ်းလမ်းဖတ်ခဲ့ရတဲ့ ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ “လွမ်းရစ်တော့လေ သင်္ကြန်နွေ” ဆိုတဲ့စာအုပ်ပါပဲ။ဒီစာအုပ်လေးဟာ ဆရာဆွေမင်း(ဓနုဖြူ) ရဲ့ တွတ်ပီစာအုပ်တွေရဲ့ မူအတိုင်း ကျေးလက်သဘာဝ၊ ကြုံတိုင်းရွာသားတွေရဲ့ ဖြူစင်ရိုးသားမှုတွေအပေါ်အခြေခံတဲ့ ကျေးလက်ဟာသလေးများကို ခံစားရပြီး တခြားစာအုပ်တွေနဲ့မတူတာကတော့ ဒီစာအုပ်မှာ မြန်မာ့ရိုးရာသင်္ကြန်ကို ကျေးလက်သဘာဝဆင်နွှဲကြပုံတွေကို ထည့်သွင်းထားတာပဲဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ မိန်းမကြောက်ရတဲ့ ဦးတွတ်ပီကြီး ဒေါ်သေးမျှင်ခေါ်ရာ ဘုန်းကြီးကျောင်းကို ကြောက်ကြောက်နဲ့ လိုက်ခဲ့ရပေမဲ့ ရပ်ရွာလူကြီးပီပီ အတာသင်္ကြန်ကိစ္စတွေကိုတာဝန်ယူထားရလေတော့ ဒေါ်သေးမျှင်ကြီး ဆူတာခံရပုံ၊ ဗိုက်ကလေးနဲ့ စောတင်မောင်တို့ သင်္ကြန်မှာ မိန်းမပိုးဖို့အားသန်နေကြပုံတွေကို ဟာသဆန်ဆန်ရေးဖွဲ့ထားပြီး ဇာတ်ကိုဖွင့်ထားပါတယ်။

Related Article >>> ရိုးရိုးအချစ်ဝတ္ထုမဟုတ်တဲ့ အချစ်ဝတ္ထုတစ်ပုဒ်

လွမ်းရစ်တော့လေ သင်္ကြန်နွေ

ဒီနှစ်ကြုံတိုင်းရွာသင်္ကြန်မှာ ထူးထူးခြားခြားမြို့ကအလည်လာတဲ့ ဦးတွတ်ပီရဲ့ သူငယ်ချင်းဦးမျိုးအောင်ရောက်နေပြီး သူရဲ့ သားနဲ့ သမီးနှစ်ယောက်တို့ ရှိပါတယ်။ ထုံးစံအတိုင်း မြို့သူချောချောလေးနှစ်ယောက်ကို ဗိုက်ကလေးနဲ့ စောတင်မောင်တို့ အပြိုင်ပိုးကြတာတွေကလဲ ရယ်စရာပါ။

ဦးတွတ်ပီသူငယ်ချင်းရဲ့သား မြို့သားလူချောလေးနဲ့ ရွာခံပညာတတ်၊ဥစ္စာပေါ ရုပ်ချောအမျိုးသမီးလေးတို့တွေ့ဆုံကြတဲ့အခါ ရင်ခုန်ဖွယ်ရာဇာတ်လမ်းလေးတွေဖြစ်လာတော့တာပေါ့။

ဒါပေမယ့် သင်္ကြန်မှာ အပျော်လွန်ရာကနေ အပျက်ဖြစ်လာပြီး သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးကြားကို ကြမ္မာဆိုးဝင်ရောက်လာတဲ့အခါ ………..

မြန်မာ့ရိုးရာသင်္ကြန်မှာ ပျော်ကြတာကောင်းပေမယ့် အပျက်မဖြစ်အောင် သတိနဲ့ဆင်ခြင်ကြဖို့ ပညာပေးထားတဲ့ ဒီဇာတ်လမ်းလေးကို သင်္ကြန်မတိုင်ခင်ဖတ်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်နော်။

နောက်တစ်အုပ်ကတော့ ဆရာနီကိုရဲရေးသားခဲ့တဲ့ ဝတ္ထုစာအုပ်လေးတစ်အုပ်ပါ။ ဒီဝတ္ထုကိုတော့ ရုပ်ရှင်အဖြစ် “ယောက္ခမဆိုတာတစ်ခါတုန်းကသမက်ပါပဲ” ဆိုတဲ့ နာမည်နဲ့ အသက်သွင်းခဲ့ပြီး အောင်မြင်မှုတွေလဲရခဲ့ပါတယ်။ ဒီစာအုပ်ရဲ့နာမည်ကတော့ သိကြားနဲ့ အသူရာပါတဲ့။

Related Article>>> အတိတ်ကိုအလည်လိုက်ပို့မယ့်စာအုပ်လေးတွေ

သိကြားနဲ့ အသူရာ

ဒီဇာတ်လမ်းက သမီးကိုအရမ်းချစ်တဲ့ဖခင်နဲ့ သမီးရဲ့ချစ်သူနှစ်ယောက်ကြား ယောက္ခမနဲ့ သားမက်တို့ဘုနဲ့ဘောက်ဖြစ်ကြပုံကို ဟာသနှောပြီးရေးဖွဲ့ထားတဲ့ ဟာသ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။

ဇာတ်လမ်းရဲ့အမည်ဖြစ်တဲ့ သိကြားနဲ့ အသူရာဆိုတာက ဟိန္ဒူရိုးရာပုံပြင်ဖြစ်တဲ့ နတ်ပြည်က သိကြားမင်းနဲ့ သူရဲ့ယောက္ခမ အသူရာတို့ နှစ်စဉ်စစ်ခင်းကြပုံကိုအခြေခံပြီး ပေးထားတဲ့နာမည်ပါ။ သိကြတဲ့အတိုင်း သိကြားနဲ့ အသူရာ စစ်ခင်းလို့ မိုးရွာကြတယ်ဆိုတာကိုး.. တည့်လည်းမတည့်ဘူးလေ..

ဒီဇာတ်လမ်းထဲမှာ သင်္ကြန်အချိန်ရောက်တော့ ဖခင်ဖြစ်သူကသင်္ကြန်ထွက်လည်ချင်၊ သမီးဖြစ်သူကလဲ သင်္ကြန်ထွက်လည်ချင်၊ ဖြစ်ကြပေမယ့် မိခင်ကတော့ တရားစခန်းဝင်ချင်နေတော့ အားလုံးကတရားစခန်းသွားမယ်လို့ပဲ ပြောကြပါတယ်။

ဒါပေမယ့် တကယ်တရားစခန်းမဝင်ဘဲ သင်္ကြန်မှာလျှောက်လည်ရင်း သမီးနဲ့ သူ့ရဲ့ချစ်သူကို မဏ္ဍပ်ထိုင်နေတဲ့ ဖခင်ကတွေ့သွားပါတော့တယ်။ ဖခင်က သမီးကိုဆူပူချင်ပေမယ့် သူသင်္ကြန်မှာ ကဲနေတာကို မိန်းမသိသွားမှာစိုးတာကြောင့် ထွေးမနိုင်အံမရဖြစ်ရပုံတွေကတော့ မပြုံးဘဲ ဝါးလုံးကွဲ ရယ်မိစေမှာပါ။

ဘုနဲ့ ဘောက်ဖြစ်နေတဲ့ သမီးနဲ့ ယောက္ခမတို့ အမြဲပဲဘုနဲ့ဘောက်ဖြစ်နေမှာလား၊ ပြေပြေလည်လည်ဖြစ်သွားကြမလားဆိုတာသိချင်ရင်တော့ ဆရာနီကိုရဲရဲ့ သိကြားနဲ့ အသူရာစာအုပ်ကိုဖတ်ကြည့်ကြပါနော်။

ဟာသဝတ္ထုဆိုပေမဲ့ ဆရာနီကိုရဲရဲ့ ထုံးစံအတိုင်း ဒီဝတ္ထုဟာ ပေါ့ပေါ့ပါးပါး ဖတ်လို့ကောင်းတဲ့ စာပေါ့ အမျိုးအစားပါ။ ဒါပေမဲ့ စာပေါတော့ မဟုတ်ပါဘူး။ ဆိုတော့ ဟင် ဟာသဝတ္ထုများဆိုပြီး အရင်နှာခေါင်းမရှုံ့လိုက်ပါနဲ့ယောင်းရေ.. အတင်းကလိထိုးထားတာလည်း မပါသလို ဆရာ့ထုံးစံ သဘာဝကျကျ အလွဲတွေကကို ရယ်နေရတာမို့ ဒါလေးလည်း ဖတ်စေချင်ပါတယ်ကွယ်..

ကဲ ဒါဆိုရင်တော့ ယောင်းတို့လည်း ငယ်ဘဝလေးတွေကို ပြန်တမ်းတနေမိလောက်ပြီထင်ပါတယ်။ ဒီစာအုပ်လေးတွေကို ယောင်းတို့နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။

နှစ်ကူးသင်္ကြန်ကို အေးချမ်းမှုတွေနဲ့ ဖြတ်ကျော်နိုင်ပါစေကွယ်..

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *