Book Review

စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် စာအုပ်လေးနှစ်အုပ်

သူတို့တွေရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်ဟာ လေးစားစရာ …

ဒီတစ်ခေါက်စာအုပ်အညွှန်းအစီအစဉ်မှာ အက်ဒ်မင်ညွှန်းပေးချင်တာက ယောင်းတို့တွေစိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်လေးနှစ်အုပ်ကိုပါ။ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာအုပ်ဆိုပေမဲ့ တက်ကျမ်းတွေ၊ လမ်းညွှန်စာအုပ်တွေတော့ မဟုတ်ဘဲ ရသစာပေဝတ္ထုနှစ်အုပ်ဖြစ်ပါတယ်။
ပထမစာအုပ်ကတော့ ဆရာမနုနုရည်(အင်းဝ)ရဲ့ တက်ကျိုးတော့လက်ထိုးလှော်မယ် ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။

တက်ကျိုးတော့လက်ထိုးလှော်မယ်

ဒီစာအုပ်ရဲ့အဓိကဇာတ်ကောင်က ရီထွေး ဆိုတဲ့ မိန်းမငယ်လေးဖြစ်ပြီး သူလေးဟာမွေးရာပါခြေမသန်သူလေးဖြစ်ပါတယ်။ ခြေမသန်တဲ့ ဘဝမှာ ရီထွေးတစ်ယောက် စိတ်အားငယ်ခြင်းများစွာ၊ စိတ်ဓာတ်ကျခြင်းများစွာရင်ဆိုင်ရပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့တောင်ကြံရွယ်ခဲ့သည်အထိဖြစ်ခဲ့ရပါတယ်။ ရီထွေး ရဲ့ကံကြမ္မာမျက်နှာသာပေးဖို့ဖြစ်လာတာကတော့ သူ့ရဲ့ခြေထောက်တွေကိုခေတ်မီနည်းပညာနဲ့ အောင်မြင်အောင်ကုသနိုင်ပြီဆိုတဲ့ သတင်းကောင်းပဲဖြစ်ပါတယ်။ ခြေထောက်တွေကောင်းလာရင် ဘဝကိုဘာပဲဖြစ်ဖြစ်ရင်ဆိုင်မယ်ဆိုတဲ့ သတ္တိတွေမျှော်လင့်ချက်တွေနဲ့ ရီထွေးတစ်ယောက် …
တကယ်ပဲ ရီထွေးခြေထောက်တွေပြန်ကောင်းလာမှာလား …..
အဲဒီလိုပြန်ကောင်းလာပြီးတဲ့နောက် ရီထွေးဘဝမှာ ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့ရဦးမှာလဲ ….
ဒါတွေကို သိချင်ရင်တော့ ဆရာမ နုနုရည် (အင်းဝ) ရဲ့ တက်ကျိုးတော့လက်ထိုးလှော်မယ် ဆိုတဲ့စာအုပ်မှာဖတ်ရှုနိုင်ပါတယ်နော်။

Related Article >>> အရောင်ပြောင်းလဲတတ်တဲ့ အချစ်အကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်(၂) အုပ်
နောက်ထပ်တစ်အုပ်ကတော့ ဆရာ တာရာမင်းဝေ ရဲ့ အရှေ့မြို့ရိုးပေါ်မှ မိုးရေစက်များ ဆိုတဲ့ စာအုပ်ပါ။

အရှေ့မြို့ရိုးပေါ်မှ မိုးရေစက်များ

ဒီစာအုပ်ဟာ ဆရာတာရာမင်းဝေရဲ့ ဂန္တဝင်လက်ရာ စာတစ်ပုဒ်ဖြစ်ပြီး လူငယ်တော်တော်များများကိုစိတ်ဓာတ်ခွန်အားပေးနိုင်ခဲ့တဲ့ စာအုပ်လည်းဖြစ်ပါတယ်။
ဒီစာအုပ်အမျိုးအစားဟာ မြန်မာ့စာပေလက်ရာထဲမှာ ရှားပါးလက်ရာဖြစ်ပြီး သရုပ်ဖော်ပုံကောင်းလွန်းလို့ ဇာတ်လမ်းကထူးခြားလွန်းလို့ နိုင်ငံခြားစာအုပ်ကို မှီး ထားတာလားလို့ မေးခံခဲ့ရတယ်လို့ အင်တာဗျူးတစ်ခုမှာ ဆရာတာရာမင်းဝေကဖြေခဲ့ဖူးပါတယ်။ တကယ်ကတော့ ဒီဇာတ်လမ်းဟာ ဆရာ့ရဲ့ပင်ကိုယ်လက်ရာဖြစ်ပါတယ်။
ဇာတ်လမ်းဟာ စက်ရုပ်တွေအံ့မခန်းတိုးတက်လာပြီး လူသားတွေနဲ့တောင်အားပြိုင်လာနိုင်တဲ့ အနာဂတ်ကာလကိုအခြေခံရေးဖွဲ့ထားတာပါ။
အဲ့ဒီခေတ်မှာ တစ်ခေတ်မှာတစ်ယောက်ဆိုသလိုပေါ်ထွန်းလာတဲ့ လူသား ကချေသည်လေး ဂျူနို ..
အကကောင်းပါတယ်ဆိုတဲ့ လူသားတွေကိုအနိုင်ယူပြမယ်ဆိုတဲ့ စက်ရုပ်ကချေသည်လေး လိုင်ရာ ..
သူတို့နှစ်ဦးရဲ့ အားပြိုင်မှုဟာ တကယ်တော့ အနာဂတ်မှာတကယ်ဖြစ်လာမယ့် စက်ရုပ်နဲ့ လူသားတို့ရဲ့ အားပြိုင်မှုကိုရည်ညွှန်းထားတာဖြစ်ပါတယ်။
ကမ္ဘာဦးမှာကတည်းက ယနေ့အထိ သူ့ထက်ခွန်အားကြီးပါတယ်ဆိုတဲ့ သတ္တဝါတွေကိုအနိုင်ယူလာတဲ့ လူသားတွေဟာ အနာဂတ်မှာ သူတို့ကိုယ်တိုင်ဖန်တီးထားတဲ့ စက်ရုပ်တွေကိုအနိုင်ယူပြနိုင်ဦးမလားဆိုတဲ့ မေးခွန်းကိုဒီစာအုပ်ကဖြေပေးနိုင်မှာ မဟုတ်ဘူးဆိုရင်တောင် စက်ရုပ်တွေမှာမရှိတဲ့အရာ လူသားတွေမှာ တွေ့နိုင်ပာတယ်ဆိုတာပြောပြပေးနိုင်မယ်လို့ယုံကြည်ပါတယ်။
အခုပြောခဲ့တာတွေကတော့ ယောင်းတို့အတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စာအုပ်လေးတွေပါ။ ဒီစာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ ဇွဲတွေ၊ သတ္တိတွေ၊ ဘဝကိုအရှုံးမပေးချင်တဲ့ အားမာန်တွေက ယောင်းတို့ကိုစိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်နော်။

Sugar Cane (For Her Myanmar)

Sugar Cane
Sugar Cane
ကျွန်မက Sugar Cane ပါ။ မကြံပင်ပေါ့။ စာဖတ်ခြင်းကို ရူးသွပ်သလို စာရေးခြင်းကို ခုံမင်လှသူပါ ။ ယောင်းတို့ အတွက် လိုအပ်သမျှ သုတ/ ရသ အစုံကို For Her Myanmar ကနေ မျှဝေပေးသွားမယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *