ပိတ်ရက်မှာ ဖတ်စရာ ခွန်အားဖြစ်စေမယ့် စာလေးများ

ကဲ.. ဒီတစ်ပတ်မှာတော့ဖြင့် ယောင်းတို့ကို အင်အားဖြစ်သွားစေမယ့် စာအုပ်လေးတွေ ညွှန်းပေးပါရစေ.. ဖတ်ကြည့်ပြီး ဘယ်လိုထင်လဲ လာပြောပေးကြဦးနော်… 

အက်ဒ်မင်တို့တွေ ယောင်းယောင်းတို့အတွက် စာအုပ်လေးတွေ ရွေးပေးတဲ့အခါ တစ်ပတ်နဲ့တစ်ပတ် မရိုးရအောင် ရွေးပေးနေတယ်ဆိုတာ ယောင်းတို့လည်း အသိပါနော်.. တစ်ခါတစ်ခါ ကိုယ်ဖတ်ထားတာက အများကြီးပေမယ့် သူများကို ညွှန်းဖို့ကျ ဘယ်လို ညွှန်းရမယ်မှန်း မသိတာမျိုးတွေ ရှိသား။ အဲ့အတွက် စာဖတ်ညွှန်းရေးတဲ့ အက်ဒ်မင်တွေ တော်တော်ခေါင်းခဲရမယ်ထင်ပါတယ်။ (သူများတော့မသိဘူး။ ကိုယ်တော့ ခေါင်းခဲတာကိုး :D)အဲ့လိုခေါင်းခဲခံပြီး စာဖတ်ညွှန်းလေးတွေ ရေးပေးရင်း အက်ဒ်မင်တို့ညွှန်းတဲ့ စာအုပ်လေးတွေ ဖတ်ဖြစ်တယ်ဆိုရင်ကို ကျေနပ်လှပါပြီလို့…  ဒီတစ်ပတ်မှာတော့ ပေါ့ပေါ့ပါးပါးလေးတွေပဲ သွားကြရအောင်နော်.. ပေါ့ပေါ့ပါးပါးဆိုတာက စာအုပ်အလေးချိန်ကို ပြောတာပါ :3 ပါးပါးလေးတွေ ဖတ်ကြည့်ကြတာပေါ့။

ဒါတော့ မူရင်းစာအုပ်ပေါ့..

ဒီအတွက် အက်ဒ်မင် ပထမဆုံးညွှန်းချင်တဲ့ စာအုပ်ကတော့ “နန်းဟာဗီး” ပါ။ ဒီစာအုပ်ကို ရန်ကုန်ဘဆွေက ရေးသားခဲ့ပြီး ခုတလောလေးတင်မှ ဒုတိယအကြိမ် ပြန်ထုတ်ထားတာဆိုတော့ ရှာရလည်း လွယ်မှာပါ။ ပြောရရင်တော့ ဒီစာအုပ်ကို ရေးသားခဲ့သူက အမျိုးသမီးအခွင့်အရေးကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တိုက်ပွဲဝင်လာတယ်ဆိုရမှာပေါ့။ ဘာကြောင့်ဆို နန်းဟာဗီး စာအုပ်က အမျိုးသမီး အခွင့်အရေးတွေ ဖော်ထုတ်ထားတဲ့ စာအုပ်ဖြစ်နေသကိုး.. စကားမစပ်.. နန်းဟာဗီးဆိုတာ မြန်မာစကားမဟုတ်ဘူးနော်… ပိန်းကူးစကားဖြစ်ပြီး.. ကျားအပျိုမလို့ နာမည်ရပါတယ်တဲ့…

ဒါက ဒုတိယအကြိမ်ထုတ်ထားတဲ့ စာအုပ်အဖုံးပါ။

မြို့ပေါ်မှာနေတဲ့ ပိန်းကူးအမျိုးသမီးလေးတစ်ယောက် ရွာကိုပြန်လာတဲ့အချိန်မှာ ရွာက သူထင်ထားသလို မဟုတ်နေပါဘူး။ ယောက်ျားတွေဟာ သူတို့ သဘောကျသမျှ အပျိုဖြစ်ပြီဆိုတဲ့ မိန်းမတိုင်းကို တရားဝင် မုဒိမ်းကျင့်ခွင့်ရနေတဲ့ ဓလေ့၊ မိဘမောင်ဘွားရှေ့မှာ မျက်လုံးကစားရင် ရှက်စရာကောင်းတယ်လို့ ခေါင်းဖြတ်ခွင့်ရှိတဲ့နေရာဒေသမှာ မိဘမောင်ဘွားကွယ်ရာတော့ မိန်းမပျိုလေးတွေကို မုဆိုးသားကောင်လိုက်သလို လိုက်ပြီး အပျော်တမ်းအမဲဖျက်ခွင့်၊ ဘဝဖျက်ခွင့်ရှိပြီး တစ်ယောက်ယောက်တွေ့သွားရင် လျော်ကြေးယူလို့ ကျေနပ်ပေးလိုက်တာက အရိုးစွဲနေတဲ့ ဓလေ့.. ဒီလို ဓလေ့ပေါင်းများစွာမှာ ဘယ်မှာလဲ အမျိုးသမီး အခွင့်အရေး.. ဘယ်မှာလဲ ကိုယ်ကျင့်သိက္ခာ (ဒါကတော့ သူ့အမြင်လေနော်.. ရွာမှာက ဒါဟာ ဓလေ့ဖြစ်နေတာမို့ ကိုယ်ကျင့်သိက္ခာတွေ ဘာတွေလည်း ဘယ်ထည့်တွက်မလဲ ရိုးနေပြီဟာကို :'( ) ဘယ်မှာလဲ လူ့အခွင့်အရေး၊ ဘယ်မှာလဲ လူ့ဂုဏ်သိက္ခာ ..

ဒီနေရာမှာတင်ပဲ ဒီ ပိန်းကူးအမျိုးသမီးလေးဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် သူကိုယ်တိုင် အသက်နဲ့ရင်းပြီး တော်လှန်ပါတော့တယ်… သူ(မ)ရဲ့ တော်လှန်ရေး အောင်မြင်မှာလား။ ဘယ်လို အခက်အခဲတွေ၊ ဘယ်လို ရက်စက်မှုတွေနဲ့များ ကြုံတွေ့ရဦးမှာလဲ ဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရမှာဖြစ်ပြီး အမျိုးသမီးတွေ အတွက် တန်းတူညီမျှရေး၊ အခွင့်အရေးဆိုတာတွေကို မျက်မြင်လက်တွေ့ တွေ့သွားနိုင်မယ့် စာအုပ်ကောင်း တစ်အုပ်ပါလို့ အက်ဒ်မင်က ညွှန်းလိုက်ပါရစေ…

Related Article >>> မိန်းကလေးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ စာအုပ် (၄) အုပ်

Jonathan Livingston Seagull

ဒုတိယတစ်အုပ်အနေနဲ့ ” ယောနသံ စင်ရော်” ဆိုတဲ့ စာအုပ်လေးကို ညွှန်းပါရစေ.. ဒီစာအုပ်ကတော့ ရစ်ချတ်ဘခ် ( Richard Bach) ရဲ့ Jonathan Livingston Seagull ဆိုတဲ့ စာအုပ်ကို ဓမ္မိက ဦးဘသန်းက ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ မူရင်းအရေးအသားနဲ့ ဘာသာပြန်အရေးအသား တွဲလျက်ပါတာမို့ အင်္ဂလိပ်စာကို လေ့လာချင်တဲ့ ယောင်းတို့ အတွက်လည်း အဆင်ပြေနိုင်မှာပါ။ နောက် သူ့အရေးအသားကလည်း လွယ်ကူရိုးရှင်းတဲ့ အင်္ဂလိပ်စာကို အသုံးပြုထားတာမို့ ခက်ခက်ခဲခဲဖတ်နေရမှာ မဟုတ်ဘဲ အလွယ်တကူ နားလည်နိုင်မှာပါ။

အင်္ဂလိပ်စာအကြောင်း နောက်ထားပြီး စာအုပ်အကြောင်း ပြောရမယ်ဆိုရင်တော့ ဇာတ်လမ်းက ဘာမှမဟုတ်ပါဘူး။ စင်ရော်လေး တစ်ကောင်အကြောင်းပါ.. ဟင်. စင်ရော်အကြောင်းများ လို့ နှာခေါင်းရှုံ့တော့မလို့လား ယောင်းရေ.. စိတ်ဝင်စားစရာမကောင်းဘဲနဲ့တော့ ဘယ်မှာ ကမ္ဘာကျော်ပါ့မလဲနော်.. စင်ရော်ဆိုပေမယ့် သာမန်စင်ရော်တော့ မဟုတ်ဘူး ယောင်းတို့ရဲ့.. သာမန်စင်ရော်လေးတွေလို သင်္ဘောပေါ်က ခရီးသည်တွေဆီက ပေါင်မုန့်အပိုင်းအစလေးတွေစား၊ ငါးလေးတစ်ကောင်ကို အုပ်လိုက် ထိုးသုတ်လိုသုတ်နဲ့ ဗရုတ်သုက္ခဖြစ်နေတဲ့ အဖြစ်မျိုးကို ဘယ်လိုမှ သဘောမတွေ့နိုင်ဘဲ အမြင့်ဆုံးပျံတဲ့ စင်ရော်က အဝေးဆုံးကိုမြင်ရတယ်ဆိုတဲ့ အတွေးရှိတဲ့ စင်ရော်လေး တစ်ကောင် အကြောင်းပေါ့..

သာမန်စင်ရော်တွေ နိမ့်နိမ့်ပျံနေတဲ့ အချိန်မှာ သူက မြင့်သည်ထက် အမြင့်ကို ရောက်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေတယ်။ သာမန်စင်ရော်တွေ အစားတစ်လုတ်အတွက် ရန်ဖြစ်နေချိန်မှာ သူကတော့ အပျံလေ့ကျင့်ရင်း ခန္ဓာကိုယ်က မီးဟုန်းဟုန်းတောက်မတတ် ပင်ပန်းဆင်းရဲဒဏ်ကို ခံနေရပြန်ပါတယ်။ တန်လို့လား? မေးခဲ့ရင်.. ဟုတ်ကဲ့ တန်ပါတယ်လို့ ဖြေရမှာပါ။ အသက်ဝိဥာဉ် လွင့်ပါးမတတ် အသည်းအသန်ကြိုးစားပြီးမှ ရလာတဲ့ အောင်မြင်မှုက ဘာနဲ့မှ အဖိုးမဖြတ်နိုင်ဘူး မဟုတ်လား.. သူလည်း ဒီလိုပါပဲ. သူ့အောင်မြင်မှုဟာ ဘုံဘဝချင်းမတူတဲ့ စင်ရော်တွေကတောင် လာချီးမြှောက်ရတဲ့ အဆင့်ထိပါပဲ…

ဒီလို ပိုပြီး အဆင့်မြင့်တဲ့ ဘဝကို ရောက်သွားတော့ရော.. သူနားလိုက်သေးလား..No ပါ… သူဆက်ကြိုးစားပါတယ်.. ဟိုးအရင်က သူအထင်ကြီးခဲ့တဲ့ စင်ရော်ဖြူတွေတောင် သူ့ကို စေ့စေ့မကြည့်ရဲဘဲ အလေးအမြတ်ထားရတဲ့ အဆင့်ထိ ရောက်အောင်ပေါ့.. ဒီစာအုပ်လေးဟာ တကယ်ကို စိတ်ဓာတ်ခွန်အားတွေ ပေးစွမ်းနိုင်တဲ့ စာအုပ်လေးပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ ကိုယ်ဖတ်လိုက်တဲ့ အချိန်နဲ့ ကိုယ့်အခြေအနေပေါ်မူတည်ပြီး မတူညီတဲ့ ခံစားမှုတွေနဲ့ အင်အားတွေကို ပေးစွမ်းနိုင်တာပါပဲ.. ဒါကြောင့်လည်း အက်ဒ်မင်က အက်ဒ်မင်ချစ်ရတဲ့ ယောင်းလေးတို့ကို ဒီစာအုပ်လေး ညွှန်းပေးတာပေါ့.. ကိုယ့်ယောင်းလေးတွေ စိတ်ဓာတ်ကျနေတဲ့အချိန်မှာ အားဖြစ်အောင်.. သိမ်ငယ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပြန်ရလာအောင် ဒီစာအုပ်လေးက စွမ်းဆောင်ပေးနိုင်တာမို့ မဖြစ်မနေဖတ်ကြည့်ကြဖို့ အက်ဒ်မင်က တိုက်တွန်းလိုက်ချင်ပါတယ်…

ကဲ… ဒီလောက်ဆိုရင်တော့ ယောင်းလေးတို့ ပိတ်ရက်အတွင်းမှာ ဘာဖတ်ရမလဲ ခေါင်းခဲနေစရာ မလိုတော့ဘူးပေါ့နော်…

အင်အားတွေ ဖြစ်ကြပါစေရယ်လို့..

Libra ( For Her Myanmar )

Wathun
Wathun

နာမည်ရင်းတွေ ဘာတွေထက် Potterhead တစ်ယောက်ပါ။ အဲ့လို မှော်လောကတွေ၊ အလှအပကလွဲပြီး ကျန်တဲ့အရာတွေ အားလုံးကို စိတ်ဝင်စားလို့ ဆောင်းပါးတွေထဲ မှော်တွေ၊ magical creatures တွေပါလာရင်တော့ တခြားသူမတွေးပါနဲ့ ကျွန်မပါပဲလို့... :*