Biographies Biography Knowledge Women News

ကက်သရင်း ဂရေဟမ် သို့မဟုတ် လွှမ်းမိုးမှုအရှိဆုံး အာဂအမျိုးသမီးတစ်ဦး

အမျိုးသားတွေ ကြီးစိုးတဲ့ ခေတ်ဖြစ်လေတော့ ကက်သရင်းရဲ့ အဖေဟာ သူပိုင်တဲ့ သတင်းစာတိုက်ကို သူ့သမီးအရင်းကို မပေးခဲ့ဘဲ သမက်ဖြစ်သူ ဖိလစ်ဂရေဟမ်ကိုသာ လွှဲအပ်ခဲ့ပါတယ်။

ထူးချွန်ရဲရင့်တဲ့ အမျိုးသမီးစွမ်းဆောင်သူတွေအကြောင်းကို ပြောကြမယ်ဆိုရင် ကက်သရင်း ဂရေဟမ်ကို ချန်ထားခဲ့လို့မရပါဘူး။

ကက်သရင်းဂရေဟမ်ဟာ အမျိုးသားတွေပဲ ကြီးစိုးခဲ့တဲ့ ဂျာနယ်ထုတ်လုပ်ရေးမှာ ပထမဆုံး အမျိုးသမီး ဂျာနယ်ထုတ်ဝေသူအဖြစ် ရပ်တည်လာခဲ့သူဖြစ်ပြီး သူ့ရဲ့ ရဲရင့်တဲ့ ဆောင်ရွက်ချက်တွေကြောင့် သမိုင်းတွင်ခဲ့သူ ဖြစ်ပါတယ်။

အဲ့ဒါကတော့ အမေရိကန်အစိုးရတစ်ရပ်လုံး တုပ်လှုပ်ချောက်ချားသွားစေတဲ့ လျှို့ဝှက်သတင်းအချက်အလက်တွေကို ပြည်သူတွေသိအောင် ချပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို လုပ်ဖို့အတွက် ကက်သရင်းဟာ သူ့ရဲ့ အသက်နဲ့ လောင်းကြေးထပ်ခဲ့ရတာပါ။

ကက်သရင်းဂရေဟမ်ရဲ့ ဘဝကို အရင်ဆုံးပြောရရင် သူဟာ ၁၉၁၇ခုနှစ်မှာ မွေးဖွားခဲ့တာမို့ ပထမကမ္ဘာစစ်ကော ဒုတိယကမ္ဘာစစ်ကော မီခဲ့သူလို့ ဆိုရမှာပါ။ သူ့ရဲ့ ဖခင်ကတော့ Washington Post သတင်းစာတိုက်ရဲ့ ပိုင်ရှင်ပါ။

ကက်သရင်းဟာ ချီကာဂိုတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် ဆန်ဖရန်စစ္စကို သတင်းစာတိုက်မှာ အလုပ်လုပ်ခဲ့ပါတယ်။ သူဟာ ငယ်ရွယ်စဉ်တည်းက ဆွေစဉ်မျိုးဆက် ချမ်းသာတဲ့ သူကြွယ်မိသားစုမှာ မွေးဖွားလာခဲ့ပေမဲ့ သူဟာ ကလောင်စွမ်းအားကို အသုံးပြုပြီး အလုပ်သမားလူတန်းစားဘက်ကနေ ရပ်တည်ပေးခဲ့ပါတယ်။

၁၉၄၀ခုနှစ်မှာတော့ သူမဟာ ဟားဗတ်တက္ကသိုလ်ကျောင်းထွက် ဖြစ်တဲ့ ဖိလစ်ဂရေဟမ်နဲ့ လက်ထပ်ခဲ့ပြီး သားသမီးလေးယောက် ထွန်းကားခဲ့ပါတယ်။

အဲဒီခေတ်က အမျိုးသားတွေ ကြီးစိုးတဲ့ ခေတ်ဖြစ်လေတော့ ကက်သရင်းရဲ့ အဖေဟာ သူပိုင်တဲ့ သတင်းစာတိုက်ကို သူ့သမီးအရင်းကို မပေးခဲ့ဘဲ သမက်ဖြစ်သူ ဖိလစ်ဂရေဟမ်ကိုသာ လွှဲအပ်ခဲ့ပါတယ်။

ပိုပြီး ဝမ်းနည်းစရာကောင်းတာကတော့ ကက်သရင်းဟာ အိမ်ထောင်ရေး ကံမကောင်းခဲ့ရှာပါဘူး။ ဖိလစ်ဂရေဟမ်ဟာ ရော်ဘင်ဝဘ် အမည်ရှိ ဂျာနယ်လစ်အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်ခဲ့ပြီး ၁၉၆၃မှာတော့ စိတ်ရောဂါကြောင့် သူ့ကိုယ်သူ သတ်သေသွားပါတယ်။

ဒါကြောင့် ခေါင်းဆောင်မှုနေရာ လစ်လပ်သွားတဲ့ သတင်းစာတိုက်ဟာ “မကြာခင် ပြိုလဲတော့မယ်” “ရောင်းချလိုက်ရတော့မယ်” လို့ စီးပွားရေးလောကမှာ ဖိအားတွေ ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပြီး အမျိုးသမီးတစ်ယောက်ရဲ့ ခေါင်းဆောင်မှုအရည်အချင်းကို မယုံကြည်ခဲ့ကြပါဘူး။

ဒါပေမဲ့ ကက်သရင်းဟာ ဂျာနယ်တိုက်ကို မပြိုလဲစေတဲ့အပြင် နာမည်အကြီးဆုံး၊ အအောင်မြင်ဆုံး ဂျာနယ်တိုက်ဖြစ်အောင် လုပ်ခဲ့ပါတယ်။ အဲဒါကတော့ ပထမဆုံး အမျိုးသမီး ထုတ်ဝေသူ နဲ့ ဥက္ကဌအဖြစ် လက်လွှဲယူခဲ့ပြီး သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေကို သတ္တိရှိရှိလုပ်ခဲ့တာပါပဲ။

ပထမဆုံး စွန့်စားခန်းကတော့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ လျှို့ဝှက်စာတမ်းတွေကို ချပြခဲ့တာပါပဲ။ ဒီစာရွက်စာတမ်းတွေဟာ ဗီယက်နမ်ပြည်တွင်းစစ်မှာ အမေရိကန်တပ်တွေ ဝင်ရောက်တိုက်ခိုက်တာနဲ့ ပက်သက်ပြီး အစိုးရအနေနဲ့ ပြည်သူကို လျှို့ဝှက်ထားတဲ့ အကြောင်းအရာတွေ ကို ရေးသားထားတဲ့ စာရွက်တွေပါ။

Related Article >>> ကိုရီးယားသမိုင်းမှာ အလှဆုံးစံတင်တဲ့ အလှပဂေး ၃ ယောက်

ဒါဟာ အစိုးရရဲ့ လျှို့ဝှက်ချက်ကို ကာကွယ်ပိုင်ခွင့် (right to keep secrets) ကို သွားရောက်ထိပါးနေတဲ့အတွက် စီးပွားပျက်တဲ့အထိ အရေးယူခံရနိုင်သလို ထောက်လှမ်းရေးတွေရဲ့ နှုတ်ပိတ် သတ်ဖြတ်တာကိုလည်း ခံရနိုင်ပါတယ်။ တကယ်လည်း အစိုးရက ဆက်ပြီး မထုတ်ဝေတော့ဖို့၊ ဆက်လုပ်ရင် အသက်အန္တရာယ်ကြုံတွေ့ရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။

ဒါပေမဲ့ ကက်သရင်းဟာ အကြပ်အတည်းတွေ ဘယ်လောက် ရင်ဆိုင်ရပါစေ သူ့ရဲ့ ယုံကြည်မှုကို မစွန့်လွှတ်ခဲ့သူပါ။ “ပြည်သူတွေအနေနဲ့ အမှန်တရားကို သိရှိသင့်တယ် ဒါကိုဖော်ထုတ်ဖို့က သူ့ရဲ့ နိုင်ငံသား တာဝန်ပဲ ဖြစ်တယ်” လို့ ယုံကြည်ထားတဲ့ ကက်သရင်းဟာ ခေါင်းမာမာနဲ့ အန္တရာယ်ကို မမှုဘဲ ဆက်ထုတ်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တရားကို နတ်စောင့်ဆိုတဲ့အတိုင်း သူတို့ အမှုဟာ အမြင့်ဆုံး တရားရုံးချုပ်အထိ ရောက်သွားခဲ့ပြီး နောက်ဆုံးမှာ ကက်သရင်းတို့ကို တရားရုံးချုပ်က အနိုင်ပေးခဲ့ပါတယ်။

ရလဒ်ကတော့ ကက်သရင်းကြောင့် နစ်ဆင်အစိုးရဟာ ပြည်သူကိုသာမက လွှတ်တော်ကိုပါ ဗီယက်နမ်စစ်ပွဲနဲ့ ပတ်သက်ပြီး လိမ်ညာထားတာတွေ ဘူးပေါ်သလို ပေါ်ခဲ့ရသလို သူတို့လုပ်ရပ်အတွက်လည်း အတော်လေး တာဝန်ခံရပါတယ်။

နောက်ပြီး Investigative journalism လို့ ခေါ်တဲ့ စုံစမ်းဖော်ထုတ်တဲ့ပုံစံနဲ့ ရေးသားတဲ့ ဂျာနယ်လစ် အတတ်ပညာဟာလည်း တစ်ရှိန်ထိုး အသိအမှတ်ပြုခဲ့ရပါတယ်။ ဒါဟာ အာဏာပိုင်အစိုးရကို ထိရောက်စွာထိန်းကျောင်းနိုင်တဲ့ စတုတ္ထမဏ္ဍိုင်ရဲ့ အောင်မြင်မှုဆိုလည်း မမှားပါဘူး။

ကက်သရင်းဂရေဟမ်ရဲ့ လွှမ်းမိုးနိုင်တဲ့ပါဝါဟာ ဒီမှာတင် မရပ်သွားပါဘူး။ ၁၉၇၂မှာ ဝါးတားဂိတ် အရှုပ်တော်ပုံ သတင်းကို ကက်သရင်း ဂရေဟမ် ဖော်ထုတ်လိုက်တဲ့အခါမှာတော့ နစ်ဆင်ဟာ သူ့ရဲ့ ပြစ်မှုကြောင့် သမ္မတအဖြစ်ကနေ နောက်ဆုံး နှုတ်ထွက်လိုက်ရတဲ့အထိ ရိုက်ခတ်မှု ကြီးခဲ့ပါတယ်။

ဒီလို ကက်သရင်းရဲ့ ရဲရင့်မှုတွေ၊ ကျွမ်းကျင်တဲ့ သတင်းစာပညာအရည်အချင်းတွေကြောင့် ပြိုလဲသွားနိုင်တဲ့The Post သတင်းစာတိုက်ဟာ ဂုဏ်သိက္ခာပြည့်စုံတဲ့ သတင်းစာတိုက်အဖြစ် အောင်မြင်ကျော်ကြားလာခဲ့ရပါတယ်။ သူမဟာ Fortune 500ကို ပိုင်ဆိုင်ခဲ့တဲ့  ပထမဆုံး အမျိုးသမီး တစ်ဦးလည်း ဖြစ်လာပါတယ်။

နောက်ပြီး သူမရဲ့ ဘဝအကြောင်းကို သူမကိုယ်တိုင် ရေးသားပြုစုထားတဲ့ Personal history စာအုပ်ဟာ ပူလစ်ဇာဆုအထိ ရရှိခဲ့ပြီး ရောင်းအားအကောင်းဆုံး၊ အလွှမ်းမိုးနိုင်ဆုံး စာအုပ်အဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။

ကက်သရင်းဂရေဟမ်ဟာ ချော်လဲရာက ရတဲ့ အတွင်းပိုင်း ခေါင်းဒဏ်ရာတွေကြောင့် သူမ အသက် ၈၄နှစ်၊ ၂၀၀၁ ခုနှစ် ဇူလိုင်လမှာ ကွယ်လွန်သွားခဲ့ပါတယ်။

ရဲရင့်ပြီး ထူးချွန်တဲ့ ကက်သရင်း ဂရေဟမ်ဟာ လူသေပေမဲ့ နာမည်မသေခဲ့ပါဘူး။ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းနဲ့ စတုတ္ထမဏ္ဍိုင်ကို အောင်မြင်လေးနက်စွာ ထုဆစ်နိုင်ခဲ့တဲ့ သူမကို ပြည်သူတွေကကော နိုင်ငံတကာကပါ အမြဲတမ်း သတိတရရှိနေကြပါတယ်။

ဒါ့ပြင် ၂၀၁၇တုန်းက အတော်လေး အောင်မြင်ခဲ့တဲ့ The Postဆိုတဲ့ ရုပ်ရှင်ဟာ ကက်သရင်းရဲ့ ဘဝကို ပြန်ရိုက်ထားတာမို့ ယောင်းတို့လည်း အချိန်ရရင် ကြည့်ကြည့်ကြပါဦးလို့…

By

Mia (For Her Myanmar)

Reference links: Town and Country ,  Not Able Biographies , personal history

Aye Mon Kyaw
Aye Mon Kyaw
ကျွန်မကတော့ Miaပါ။ အမျိုးသမီးတွေအတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး စာတွေ၊ ကျန်းမာရေးတွေ ရေးပေးမယ့်သူပါ။ foodieဖြစ်တာမို့ ဟင်းချက်နည်းတွေလည်း ရေးပေးမှာနော်။

Leave a Reply

Your email address will not be published. Required fields are marked *