ရထားနဲ့ခရီးသွားရခြင်းရဲ့ အားသာချက် (၅)ချက်

ကား ကား ကား။ ကားနဲ့ချည်းပဲခရီးသွားမနေဘဲ ဒီတစ်ခါရထားစီးသွားကြရင်ကောင်းမလား။

ခရီးထွက်ကြမယ်ဟေ့ဆို ကိုယ်ရဲ့ကားမူးတတ်တဲ့ ပြဿနာကိုလည်းတွေးမိလိုက်ရော အပျော်တွေဗြုန်းခနဲဆို ပျောက်ထွက်သွားတော့တာပဲ။  အဲ့လိုကားမူးတတ်တဲ့သူတစ်ယောက် ကိုယ့်သူငယ်ချင်းအဖွဲ့ထဲမှာပါရင် ရထားလေးနဲ့ခရီးထွက်ကြည့်ကြပါယောင်းတို့ရေ။ ပျော်ဖို့လည်းကောင်းသလို အသစ်အဆန်းတွေလည်း အများကြီးလေ့လာခွင့်ရမှာပါ။ အဖွဲ့လိုက်ခရီးဝေးသွားတဲ့ခါ ရထားနဲ့ခရီးသွားခြင်းဟာ အကောင်းဆုံးဆိုတာကို ဒီအောက်ကအချက် (၅)ချက်ကထောက်ပြနေတယ်နော်။

၁။ စိတ်ဖိစီးမှုလျှော့ကြမယ်

တစ်အချက်က ကားမူးခြင်းလုံးဝမရှိတော့ပါဘူး။ air-con ကထွက်တဲ့ အနံ့တွေကြောင့် မူးမော်ခြင်းမရှိနိုင်တော့တဲ့အပြင် ဖွင့်ထားတဲ့ပြတင်းပေါက်တွေကတစ်ဆင့် သန့်ရှင်းလတ်ဆတ်တဲ့လေကို တဝကြီးရှူရှိုက်ခွင့်ရမှာဖြစ်တဲ့အတွက် စိတ်လက်ပေါ့ပါးလန်းဆန်းလာမှာအမှန်ပဲ ယောင်းတို့ရေ။ အလုပ်ကြောင့် ကျောင်းစာကြောင့် အိမ်တွင်းပြဿနာတွေကြောင့် စိတ်ဖိစီးမှုတအားများလာတဲ့ခါ ရထားနဲ့ခရီးထွက်ပေးခြင်းဟာ အကောင်းဆုံး စိတ်ဖြေဆေးတစ်ခွက်ပါပဲ။ စိတ်ဖိစီးမှုတွေလည်း ပြေပျောက်နိုင်သလို ကိုယ်လတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေအတွက် မထင်မှတ်ထားတဲ့ အဖြေတွေ၊ အကောင်းဆုံးဖြေရှင်းချက်တွေလည်း မထင်မှတ်ထားတဲ့အချိန်မှာ အတွေးထဲပေါ်လာနိုင်သေးတယ်နော်။

၂။ ခရီးသွားဖော်များနဲ့အတူ ပျော်ပျော်ပါးပါး

ခရီးသွားဖော်သွားဖက်တွေနဲ့အတူ ပျော်ပျော်ပါးပါး စကားတွေလည်းပြောနိုင်တာကြောင့် ရင်းနှီးမှုတွေ ပိုလို့တိုးလာမှာပါ ယောင်းတို့ရေ။ ကိုယ့်ရဲ့ခရီးထွက်ဖော်က ကိုယ့်မိသားစုလည်းဖြစ်မယ်၊ သူငယ်ချင်းတွေနဲ့လည်းဖြစ်မယ်၊ လုပ်ဖော်ကိုင်ဖက်လည်းဖြစ်မယ်၊ မကြာသေးခင်ကမှ စကားများအငြင်းပွားထားတဲ့ BFF (အချစ်ဆုံးသူငယ်ချင်း)လည်းဖြစ်မယ် ဒါမှမဟုတ် ကိုယ်နဲ့တစ်ခါမှမတွေ့ဆုံဖူးတဲ့ သူစိမ်းတစ်ယောက်လည်းဖြစ်ချင်ဖြစ်မယ်။ ဘယ်သူပဲဖြစ်ဖြစ် နံပါတ်တစ်မှာပြောထားသလို စိတ်တွေလန်းဆန်းကြည်လင်နေတဲ့အတွက် ကောင်းမွန်တဲ့စကားတွေပဲပြောမိလိမ့်မယ်ထင်တယ်။ သစ္စာဆိုရင်တော့ သစ္စာရဲ့ခရီးထွက်ဖော်နဲ့ စကားစမဖြတ်နိုင်လောက်တဲ့ထိ စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေ အများကြီးဆွေးနွေးမိနေလိမ့်မှာ။ ဒီလိုနဲ့ သူစိမ်းဆိုသူနဲ့ မိတ်ဆွေဖြစ်သွားမယ်။ သူငယ်ချင်းဆိုသူနဲ့ ပိုမိုရင်းနှီးလာမယ်။ သူ့အကြောင်းကိုယ့်အကြောင်းတွေ ပိုသိလာမယ်။ အချစ်ဆုံးသူငယ်ချင်းဆိုသူနဲ့ လွန်ခဲ့တဲ့ရက်ပိုင်းကမှ ကိုယ့်နဲ့စကားများထားတာတွေလည်း မေ့သွားလိမ့်မယ်။ တစ်ဦးပေးတစ်ဦး အကောင်းမြင်ပေးနိုင်တာကြောင့် ဒီလိုနဲ့ ခရီးကပြန်မရောက်ခင်မှာပဲ ပြန်လည်သင့်မြတ်သွားမှာပေါ့။ ကဲ…စဉ်းစားကြည့်တာတောင် ကြည်နူးစရာနော် ယောင်းတို့ရေ။

Related Article >>> သူငယ်ချင်းတွေနဲ့ခရီးသွားသင့်တဲ့ အချက်(၅)ချက်

၃။ ပြတင်းပေါက်ပန်းချီရုပ်ရှင်

ဖွင့်ထားတဲ့ ရထားပြတင်းပေါက်တွေကတစ်ဆင့် သဘာဝရှုမျှော်ခင်းတွေကို အနီးကပ်မြင်တွေ့နိုင်သေးတယ်လေ။ ရထားနဲ့ခရီးသွားဖူးတဲ့ယောင်းတို့တော့ သိလိမ့်မယ်။ သဘာဝတရားကြီးက တစ်ရာသီနဲ့တစ်ရာသီ မတူထူးခြားတဲ့ အလှခြယ်ခြင်းတွေနဲ့ အစွမ်းကုန်လှပနေပေမယ့်  ဝမ်းနည်းစွာပဲ သစ္စာတို့လူသားတွေကတော့ အလှတရားကြီးကို မခံစားဖြစ်ကြပါဘူး။ ရထားနဲ့ခရီးသွားဖြစ်တဲ့ခါကျတော့ တကူးတကသွားစရာတောင်မလိုဘဲ ထိုင်ခုံပေါ်မှာငြိမ့်ငြိမ့်လေးထိုင်ရင်း လေနုအေးလေးကို ခံစားရင်း၊ သဘာဝပန်းချီကားလေးတွေကို ရှုမျှော်ရင်းနဲ့ သဘာဝတရားကြီးနဲ့ အနီးကပ်ဆုံးရှိနေနိုင်ပြီလေ။ သဘာဝတရားနဲ့နီးကပ်နေတဲ့ခါ သစ္စာတို့ တည်ငြိမ်အေးချမ်းခြင်းနဲ့ လန်းဆန်းခြင်းတွေကိုခံစားရပါတယ်။ လတ်ဆတ်တဲ့လေကို ရှုရှိုက်ခွင့်ရပြီး အသစ်တစ်ဖန်ပြန်လည်စတင်ဖို့ ခွန်အားတွေအလိုလို ပြည့်တင်းလာတတ်တယ်။ ရထားပြတင်းပေါက်ကိုဘောင်ခတ်ပြီး အလိုက်သင့်လေးရွေ့လျားနေတဲ့ ရုပ်ရှင်ပန်းချီကားတစ်ကားလို သစ္စာတို့ဘဝကြီးကိုလည်း ပုံမှန်လေး လည်ပတ်ချင်တတ်ကြပြန်သေးတယ်။

၎။ တောဓလေ့တောအထာ

ရထားလမ်းတော်တော်များများက မြို့ရှောင်လမ်းတွေဖြစ်လို့ မြို့ပြရဲ့ဆူညံမှုတွေကင်းတဲ့ တောရွာသဘာဝကို ခံစားခွင့်ရနိုင်သေးတယ်နော်။  ဖြူစိမ်းဝတ်ကျောင်းသားလေးတွေ စက်ဘီးကိုယ်စီစီးပြီး ကျောင်းတက်နေကြတာကြည့်ပြီး ကိုယ်ပါတစ်ဖန်ပြန်ငယ်သွားသလို ပြုံးယောင်မိလိမ့်မယ်။ တောအလှတောသဘာဝလို့ပြောရင် သီးနှံစိုက်ခင်းတွေနဲ့ ပန်းခင်းတွေကိုလည်း ချန်ထားလို့မရဘူး။ တစ်ဖက်က ရောင်စုံခြယ်ပန်းလေးတွေရယ်၊ သဘာဝကြာကန်လေးတွေရယ်၊ မြက်ပန်းလေးတွေရယ်နဲ့ တစ်ဖက်ကအုန်းတော၊ ထန်းတော၊ ဓနိတောတွေရယ်က ပနံတင့်လှတယ်မလား ယောင်းတို့ရေ။

၅။ ဗဟုသုတအဖြာဖြာ

ရထားက မြို့ရွာကျေးလက်တွေက ဖြတ်သွားရတာမို့ မြို့ဆိုလည်းမြို့အထာ၊ တောဆိုလည်းတောအထာ သူ့ဟာနဲ့သူရှိတတ်ပါလားလို့ သိမြင်လာလိမ့်မယ်။ ဒေသတစ်ခုနဲ့တစ်ခု အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ၊ နေထိုင်စားသောက်ပုံတွေမတူတတ်ကြဘူးစတဲ့ ဒေသန္တရဗဟုသုတတွေရနိုင်တယ် (ရထားပေါ်ကဖြတ်သွားရင်းပဲဆိုတော့ သေသေချာချာတိတိကျကျတော့ မဟုတ်နိုင်ဘူးပေါ့)။ ရထားနဲ့ခရီးသွားရဖန်များလာတဲ့ခါ တစ်ရာသီနဲ့တစ်ရာသီရဲ့ ခြားနားချက်တော်တော်များများကိုလည်း သိနိုင်ပါသေးတယ်။ ရာသီပန်းတွေ၊ တိမ်အရောင်တွေ၊ တိမ်စိုင်တိမ်လိပ်နဲ့တိမ်မျှင်တွေ၊ မိုးငွေ့ဆောင်းငွေ့တွေ၊ ရွက်ဝါခြောက်တွေက ဘယ်နည်းဘယ်ဟန်ပြောင်းလဲတတ်ကြတယ်စတဲ့ အထွေထွေဗဟုသုတတွေလည်း တိုးပွားလာနိုင်တာမို့ အချိန်လည်းရ အဆင်လည်းပြေရင် ရထားနဲ့သာ ခရီးသွားကြပါလို့ တိုက်တွန်းလိုက်ပါရစေယောင်းတို့ရေ။

ကဲ…ခရီးသွားဖို့ပြင်ဆင်နေပြီဆို ခုပဲရထားလက်မှတ်ပြေးဝယ်လိုက်ရအောင်လား။

ချစ်ခြင်းများစွာဖြင့်

Thitsar Phyu (For Her Myanmar)

Thitsar Phyu
Thitsar Phyu

“မင်္ဂလာပါရှင့်။ စာရေးရတာနဲ့ စာဖတ်ရတာတော့ တကယ်ကြိုက်ပါတယ်။ သီးချင်းဆိုတာနဲ့ ရုပ်ရှင်ကြည့်တာလည်း အမှန်ကြိုက်ပါတယ်။နောက်ပြီး Relationship နဲ့ Child Care နဲ့ပတ်သတ်ရင် Thesis တစ်ခုရအောင် ပြုစုချင်သူပါ။ ဒီကြားထဲ စိတ်ပညာကိုလည်း စိတ်ဝင်စားလိုက်ပါသေးတယ်။ ဟုတ်ကဲ့။ စိတ်ပါပြီဆို တင်ပါးပါးအောင်ထိုင်အလုပ်လုပ်တတ်ပြီးတော့ မလုပ်ချင်ဘူးဆိုလည်း ခေါင်းအုံးပြားအောင် အပျင်းထူသူရယ်ပါ”