ကမ္ဘာကြီးပေါ်က အိပ်မက်ဆန်တဲ့ နေရာလေးတွေ

 

အိပ်မက်ထဲရောက်သွားသလို ခံစားရမယ့် ထူးဆန်းလှပတဲ့နေရာလေးတွေကို အက်ဒ်မင်နဲ့ အတူတူ လျှောက်ကြည့်ရအောင်..

ယောင်းတို့ရေ ယောင်းတို့တွေ အိပ်မက်မက်ရင်လေ ထူးထူးခြားခြားနေရာလေးတွေမှာ လျှောက်သွားရတယ် နေရတယ်လို့များ မက်ဖူးကြလား။ အရောင်အသွေးဆန်းလေးတွေနဲ့ ပန်းချီကားလိုလှတဲ့ နေရာလေးတစ်ခုမှာ လမ်းလျှောက်ရတယ်တို့၊ ထူးဆန်းတဲ့ တောလမ်းလေးထဲဝင်သွားရတယ်တို့လေ။ တစ်ခါတလေ သိပ်ဆန်းကြယ်လှပတဲ့ နေရာလေးတွေများ အိပ်မက်ထဲရောက်လာရင် နိုးမှာတောင်စိုးမိကြတာမဟုတ်လား။ ခု Yuki ကယောင်းတို့ကို အပြင်လောက တို့ကမ္ဘာကြီးမှာ တကယ်တည်ရှိနေတဲ့ အိပ်မက်ဆန်ဆန်နေရာလေးတွေဆီ အလည်ခေါ်သွားမယ်နော်။ အခွင့်အရေးရတဲ့အခါ ယောင်းတို့ကိုယ်တိုင်ကိုယ်ကျ အပြင်မှာ သွားလည်နိုင်တာပေါ့ကွယ်။

(၁) Rakotz Brücke (Rakotz Bridge)

Rakotz Brücke (Rakotz Bridge)

Yuki တော့ ဒီနေရာလေးကိုကြည့်ပြီး Lord of the Ring ထဲက နတ်ဘုံနတ်နန်းလေး Rivendell ကိုသွားသတိရမိတာပဲ…

ဒီအိပ်မက်ဆန်တဲ့ တံတားလေးကတော့ ဂျာမဏီနိုင်ငံ အရှေ့ပိုင်းက Kromlau ဥယျာဉ်ထဲမှာရှိတာပါ။ ဒီတံတားလေးကို ဒေသခံ သူရဲကောင်းတစ်ယောက်က ဦးစီးတည်ဆောက်ခဲ့ပြီး တိုင်လုံးတွေမှာ အသုံးပြုထားတဲ့ ကျောက်တွေဟာ ဝေးလံတဲ့ ကျောက်တွင်းတွေက ထွက်ရှိတဲ့ မီးသင့်ကျောက်တွေကိုသုံးပြီးဆောက်ခဲ့တာပါတဲ့။ ရေပြင်မှာအရိပ်ထင်နေတဲ့ တံတားခုံးခုံးလေးဟာ ရုတ်တရက်ကြည့်လိုက်ရင် သစ်ခက်သစ်နွယ်လေးတွေနဲ့ တန်ဆာဆင်ထားတဲ့လက်စွပ်လေးနဲ့တောင်တူနေသေးတယ်။ ဒါပေမဲ့ ဒီလို တံတားခုံးခုံးလေးတွေဟာ ဖြတ်သန်းရခက်ပြီး အန္တရာယ်ရှိလို့ Devil’s Bridge နတ်ဆိုးတံတားလို့ ခေါ်ကြပါသတဲ့။ ဒီတော့ အခါအခွင့်သင့်လို့များ ဒီတံတားလေးရှိတဲ့ Kromlau ဥယျာဉ်ကို ရောက်သွားခဲ့လို့ တံတားပေါ်မှာဓာတ်ဖမ်းတဲ့အခါ ဂရုစိုက်ကြဖို့ မှာလိုက်မယ်နော် ယောင်းတို့…

(၂) Tunnel of Love 

Tunnel of Love

ဒီဥမင်လေးထဲက ဖြတ်လျှောက်သွားရင် ဘယ်ရောက်သွားမယ်ထင်လဲ…

`အချစ်ဥမင်လေး´ လို့ခေါ်တဲ့ ဒီနေရာလေးဟာ တကယ်တော့ ယူကရိန်းနိုင်ငံမှာရှိတဲ့ ရထားလမ်းလေးပါ။ ဒီရထားလမ်းလေးမှာ တစ်နေ့ကိုရထားသုံးကြိမ်လောက်ဖြတ်သန်းခဲ့တာမို့ ရထားလမ်းတစ်ဖက်တစ်ချက်ကသစ်ပင်တွေဟာလည်း ဥမင်ပုံစံ ပုံသွင်းလိုက်သလိုကြီးထွားလာခဲ့တာပါတဲ့။ ဆန်းကြယ်လိုက်တာနော်။ ခုတော့ ဒီရထားလမ်းလေးကို မသုံးတော့ဘဲ ဥမင်လေးကသာ ချစ်သူတို့ ကြည်ကြည်နူးနူးလမ်းလျှောက်စရာ ရိုမန့်တစ် ဆန်တဲ့ ဥယျာဉ်လေးဖြစ်လာပါပြီ။ ကဲ ယောင်းတို့ရော ယောင်းတို့ချစ်ချစ်နဲ့ ဒီအချစ်ဥမင်လေးမှာလမ်းမလျှောက်ချင်ကြဘူးလား။ လုံးဝအိပ်မက်ထဲရောက်သွားသလိုဖြစ်နေမှာနော်။

Related Article >>> ဂျပန်နိုင်ငံရဲ့ အိပ်မက်ကမ္ဘာထဲက ပန်းဥမင်

(၃) Blue City

ရေခဲနန်းတော်လေးလိုလို…
သူလေးတို့ကလည်း မပါမဖြစ်!
တကယ့်ကို လွမ်းမောစရာမြို့လေး…

`အပြာရောင်မြို့လေးလို့´ လူသိများတဲ့ဒီမြို့လေးကတော့ တကယ့် အိပ်မက်ထဲကမြို့ငယ်လေးအတိုင်းပါပဲနော်။ နံရံတွေလည်းအပြာရောင် တံတိုင်းတွေလည်းအပြာရောင် ဖြစ်တဲ့အပြင် လမ်းတွေကအစ အပြာရောင်ဖြစ်နေတော့ ဒီမြို့လေးကိုများ ခြေချမိရင် လုံးဝကို အိပ်မက်မက်နေသလိုခံစားရမှာပါ။ ဒီမြို့လေးကတော့ မော်ရိုကိုနိုင်ငံမှာရှိတဲ့ Chefchaouen လို့အမည်ရတဲ့မြို့လေးပါ။

တောင်ညီနောင် ကာရံထားတဲ့ မြေပြန့်လေးက ဒီမြို့ငယ်လေးမှာ ၁၉၃၀ လောက်က လာရောက်အခြေချခဲ့တဲ့ ဂျူးလူမျိုးတွေဟာ အိမ်တွေကို ဆေးအပြာရောင်သုတ်ခဲ့ကြပါတယ်။ အဲ့ဒီကနေ တစ်မြို့လုံးကို အပြာရောင်သုတ်တဲ့ ဓလေ့ဖြစ်လာပြီး အခုချိန်မှာတော့ မြို့ရဲ့နေရာတိုင်းမှာ သစ်လွင်တဲ့ အပြာရောင်တွေကိုပဲ မြင်တွေ့ရမှာပါ။ အိမ်လေးတွေကလည်း တစ်ခုနဲ့တစ်ခုဆက်နေ လမ်းလေးတွေကလည်း အိမ်တွေကြားမှာ ကျဉ်းကျဉ်းလေးရယ်မို့ ရုတ်တရက်ကြည့်မိရင် ရေခဲထဲထွင်းထားတဲ့မြို့လေးလို့တောင် အထင်မှားစရာပါနော်။

(၄) Deadvlei

မော်ဒန်ပန်းချီလိုလို ဘာလိုလို…
ထူးထူးခြားခြား လှနေပြန်ရော!

ကဲ ယောင်းတို့ရေ အပြင်လောက ကအိပ်မက်ဆန်တဲ့ နေရာတွေပြောမယ်လည်းဆိုသေး ဘယ်နှယ့် ဗင်းဆင့်ဗင်ဂိုးပန်းချီကားကြီးတွေ လာပြနေတာလဲလို့တွေးမိသွားပြီလား။ တကယ်တော့ ဒီပုံလေးတွေဟာ နမီးဘီးယားနိုင်ငံက ကမ္ဘာ့ အမြင့်ဆုံး သဲတောင်ပို့တွေရှိတဲ့ Dead Valley မရဏတောင်ကြားက အပင်တွေပုံပါတဲ့။ `မရဏတောင်ကြား´လို့ ဘာသာပြန်လိုက်လို့လန့်မသွားနဲ့နော်။ တစ်ချိန်ကစိမ်းလန်းစိုပြေခဲ့တဲ့ ဒီတောင်ကြားလေးဟာ ခုတော့ တဖြည်းဖြည်းကျယ်ပြန့်လာတဲ့ သဲကန္တာရကြောင့် အပင်တွေနဲ့ သက်ရှိသတ္တဝါလေးတွေရဲ့ မရဏတောင်ကြားဖြစ်လာလို့ ပါကွယ်။ ဒီတောင်ကြားလေးကိုများ မတော်တဆ ရောက်သွားရင်တော့ ယောင်းတို့ဘဝမှာ ပျင်းရိငြီးငွေ့စရာအကောင်းဆုံး အိပ်မက်ရှည်ကြီးတစ်ခုဖြစ်သွားမယ်ထင်ပါတယ်နော်။

(၅) Tourlitis LightHouse

ပင်လယ်ထဲက ရဲတိုက်ကလေး…

ဂရိနိုင်ငံရဲ့ ဆိပ်ကမ်းမြို့လေးဖြစ်တဲ့ Andros မှာရှိတဲ့ ဒီမီးပြတိုက်လေးကတော့ မီးပြတိုက်တွေထဲမှာ အလှဆုံး အဆန်းဆုံးလို့ပြောရမလားပဲ။ ဘယ်ကုန်းမြေနဲ့မှဆက်စပ်မနေဘဲ လေတိုက်စားထားတဲ့ ကျောက်ဆောင်တစ်ခုဟာ အပြာရောင် အစိမ်းရောင်တွေနဲ့ လှပနေတဲ့ ပင်လယ်ပြင်ပေါ်ကထိုးထွက်နေပါတယ်။ ကျောက်ဆောင်ကိုထွင်းထားတဲ့လှေကားလေးကနေအပေါ်တက်သွားမယ်ဆိုရင်တော့ ပင်လယ်ထဲမှာ ထီးထီးကြီး ရှိနေတဲ့ မီးပြတိုက်ကလေးကိုရောက်သွားမှာပါ။ ဒီမီးပြတိုက်လေးနဲ့ ပင်လယ်ပြင်ရဲ့မြင်ကွင်းဟာ ပုံပြင်ဆန်ဆန် မှော်ဆန်ဆန် လှပလွန်းလို့ လွမ်းမောဖွယ်အိပ်မက်လေးထဲ အလည်သွားရသလိုခံစားရမှာပါ။ ဒီမှော်ဆန်တဲ့ မီးပြတိုက်လေးမှာ ယောင်းတို့ တစ်ယောက်တည်းသွားနေရမယ်ဆိုရင်…

Related Article >>> ပန်းချစ်သူတို့အတွက် ဥရောပရဲ့ နိဗ္ဗာန်ဘုံ

(၆) Sea of Stars

ရေထဲကကြယ်တွေက ပိုလှ!
ဆန်းကြယ်လိုက်တာနော်…

ယောင်းတို့ အိပ်မက်ထဲမှာ ကြယ်တွေ လင်းလက်တောက်ပနေတဲ့ ကောင်းကင်ကြီးမှာ လမ်းလျှောက်ဖူးကြလား။ အိပ်မက်ထဲမှာ မလျှောက်ဖူးလည်း အပြင်မှာသွားလျှောက်လို့ရတယ်နော်။ `ကြယ်တို့ရဲ့ပင်လယ်´ လို့ခေါ်တဲ့ ဒီနေရာလေးဟာ နာမည်ကျော် မော်လဒိုက်ဗ် Maldives မှာရှိတဲ့ Vadhoo ဆိုတဲ့ကျွန်းကလေးပါ။ လူဦးရေ ၅၀၀ ကျော်သာရှိတဲ့ ကျွန်းသေးသေးလေးဟာ ညဖက်ဆိုရင်တော့ ကြယ်ပြာပြာလေးတွေ လင်းလက်တောက်ပနေတဲ့ အိပ်မက်လေးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ ကြယ်လေးတွေဟာ ကမ်းခြေကို လာရိုက်ခတ်တဲ့ လှိုင်းတွေနဲ့ အတူ မျောပါလာကြတာမို့ကြယ်လှိုင်းတံပိုးတို့အလယ် လမ်းလျှောက်ရသလိုခံစားရမှာပါ။ ဒါပေမဲ့ ယောင်းယောင်းတို့ ကိုကိုမောင်မောင်တွေကို ချစ်သူအတွက် ကောင်းကင်ကကြယ်မဟုတ်တောင် ရေထဲကကြယ်လေးတွေတော့ ဆယ်ပေးပါလို့ သွားမပူဆာနဲ့နော်။ ဘာလို့ဆို ဒီကြယ်လေးတွေဟာ တကယ်တော့ Phytonplankton လို့ခေါ်တဲ့ မြူမှုန်အရွယ် ဇီဝသက်ရှိလေးတွေဖြစ်နေလို့ပါတဲ့။ ဒီဇီဝသက်ရှိလေးတွေဟာ တခြားရေနေသတ္တဝါတွေရဲ့ရန်ကကာကွယ်ဖို့ အဆိပ်တွေကို အပြာရောင်အလင်းနဲ့အတူထုတ်လွှတ်ရာက ကြယ်လေးတွေဖြစ်လာတာပါတဲ့။ ဒီအဆိပ်တွေဟာ ရေနေသတ္တဝါတွေအပြင် လူတွေအတွက်ပါအန္တရာယ်ရှိတာမို့ ချစ်ချစ်တွေကို သွားကောက်ခိုင်းမိမှ ဒုက္ခများကုန်မယ်နော်။

(၇)Hallerbos Forest 

အိပ်မက်ထဲက လမ်းကလေး…

 

မြူလေးတွေပါ ခရမ်းပြာရောင်သန်းနေတာ…
ချစ်စရာသမင်လေးတွေလည်း ရှိတယ်နော်…

တောအုပ်လေးထဲက ပန်းတွေအပြည့်နဲ့ လမ်းလေးမှာ ဂါဝန်ဖြူဖြူလေးဝတ်ပြီး လမ်းလျှောက်ချင်တယ်လို့ စိတ်ကူးယဉ်ဖူးကြလား ယောင်းတို့ရေ။ Yuki တော့ ခဏခဏစိတ်ကူးယဉ်မိတယ်။ ဘယ်လဂျီယံနိုင်ငံ Halle မှာရှိတဲ့ ဒီတောလေးထဲမှာတော့ ပင်စည်ပြောင်ချောချော အပင်တွေကြားမှာ ခရမ်းပြာရောင်ခေါင်းလောင်းပန်းလေးတွေ ပွင့်ဖူးနေပါတယ်။ ပန်းလေးတွေဘယ်လောက်များလည်းဆို ဒီတောထဲမှာ ဝေ့ဝဲလာတဲ့ မြူတွေ နှင်းတွေကအစ ခရမ်းပြာရောင်သမ်းသွားတတ်ပါတယ်။ ခရမ်းပြာရောင် ပန်းလေးတွေထဲမှာ သမင်လေးတွေကလည်း ပြေးလွှားဆော့ကစားနေတတ်တာမို့ တကယ့်စိတ်ကူးယဉ်အိပ်မက်ထဲက တောအုပ်လေးပါပဲနော်။

ကဲ ယောင်းတို့ရေ Yuki ပြောသွားတဲ့ အိပ်မက်ဆန်တဲ့ နေရာလေးတွေ တကယ်ကိုလှတယ်ဟုတ်။ ယောင်းတို့ကိုယ်တိုင်သွားလည်ဖြစ်တဲ့ အခါမှာလည်း Yuki တို့ကို အိပ်မက်လောကတွေထဲက အတွေ့အကြုံလေးတွေပြန် မျှဝေပေးဖို့မမေ့နဲ့နော်။

ယောင်းလေးတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…

Miyuki(For Her Myanmar)

Reference ; EpicDash ,Wikipedia Be My Travel Muse Atlasobscura Standard

Miyuki
Miyuki

Miyukiပါရှင့်။အသက်ကတော့ ၂၁ နှစ်ပါ။ ဘဝနေထိုင်မှုဆိုင်ရာဆောင်းပါးလေးတွေ ဝတ္ထု တိုလေးတွေနဲ့ review လေးတွေရေးမှာပါ။ Anime အရမ်းကြိုက်ပြီး စာဖတ်ရတာဝါသနာပါ ပါတယ်။ Yuki ရဲ့စာလေးတွေဟာ ယောင်းတို့ဘဝမှာတနည်းနည်းနဲ့အကူအညီပေးနိုင်တယ်ဆိုရင်ရေးရကျိုးနပ်ပါပြီရှင့်။

error: Content is protected !!