တတိယလူဆိုတာမရှိလာစေဖို့

ချစ်ခြင်းမေတ္တာတွေ၊ ကတိသစ္စာတွေနဲ့ ချည်နှောင်ထားတဲ့ Relationship လေးတစ်ခု ကြားလူကြောင့် မပြိုကွဲရအောင်…..

ယောင်းတို့ရေ relationship တစ်ခုမှာ ပျော်စရာတွေရှိနိုင်သလို ဝမ်းနည်းစရာတွေ၊ ဒေါသထွက်စရာတွေ၊ သည်းမခံနိုင်စရာ ပြဿနာတွေကလည်း ရှောင်လို့မရဘူး မဟုတ်လား။ ပြီးပြည့်စုံတဲ့ relationship ဆိုတာတော့ မရှိနိုင်ဘူးလေ။ မပြည့်စုံမှုတွေထဲကနေ ပြည့်စုံအောင်ကြိုးစားတာကမှ တကယ့်အချစ်စစ်ရဲ့ တန်ဖိုးတဲ့။ ဒါပေမဲ့ ပြီးပြည့်စုံအောင် ကြိုးစားတည်ဆောက်နေတဲ့ ချစ်သူနှစ်ယောက်ကြားမှာလည်း အဖျက်တွေကဝင်တတ်တယ်။ ဝင်သမျှအဖျက်တွေထဲမှာ တတိယလူဆိုတဲ့အဖျက်က အနှစ်နှစ်အလလ ကြိုးစားပြီး မွမ်းမံထားတဲ့ အချစ်အိမ်လေးကို တစ်စမှမကျန်အောင် ဖျက်မယ့်အဖျက်။ ချစ်သူတွေအကြောက်ဆုံးကလည်း အဲ့ဒီအဖျက်ပဲ။ ဒီခေတ်မှာလည်း ဒီကိစ္စကြီးက ကပ်ရောဂါလိုတောင် ဖြစ်လာပြီမလား။ ပြတ်သမျှအတွဲ ၁၀ တွဲမှာ ၈ တွဲလောက်က တတိယလူဝင်လာလို့ ပြတ်ရတာဆိုတော့။ အဲ့တော့ အက်ဒ်မင်က ချစ်သူစုံတွဲတွေအတွက် တတိယလူကို ဘယ်လိုရှောင်ရမလဲဆိုတာလေး ဝေမျှပေးချင်ပါတယ်။

ပထမဆုံးနဲ့ အရေးအကြီးဆုံးကတော့ အချိန်ပေးပါ။ သူ့ပြဿနာတွေ၊ သူ့ကိစ္စတွေမှာ ကိုယ်စိတ်ဝင်စားတယ်ဆိုတာကို သူသိပါစေ။ ပြဿနာအတော်များများက အချိန်မပေးနိုင်တာကနေ စပါတယ်။ နားလည်မှုမပေးနိုင်တဲ့ ပြဿနာဆိုတာကလည်း တကယ်က အချိန်မပေးလို့ပါ။ တစ်ဘက်လူရဲ့ ခံစားမှုတွေ၊ ပြဿနာတွေ၊ အခက်အခဲတွေကို အချိန်ပေးပြီး နားထောင်ပေးလိုက်ပါ။ နားမလည်မှုဆိုတာကလည်း တစ်ယောက်ပြဿနာတစ်ယောက် နားမထောင်ပေးနိုင်လို့ ဖြစ်ရတာပါပဲ။ လူမှုရေးကိစ္စတွေ၊ သူငယ်ချင်းတွေ၊ အလုပ်ကိစ္စတွေအတွက် အချိန်ပေးတာကပေးပေါ့လေ။ ကိုယ့်ချစ်သူကိုပေးတဲ့အချိန်က အဲ့ကိစ္စတွေထက် မသာရင်တောင် တန်းတူလောက်တော့ ဖြစ်သင့်တယ်နော်။ ဂရုစိုက်ခံရတာကို မကြိုက်တဲ့သူ မရှိဘူးမဟုတ်လား။ ကိုယ့်ကိုဂရုမစိုက်ဘူးလို့ ထင်လာတဲ့အခါ ကိုယ့်ပြဿနာတွေကို နားလည်ပေးမယ့်လူတစ်ယောက်လောက် လိုချင်တာကလည်း လူ့သဘာဝပဲလေ။

Related article >>> မသိလိုက်မသိဘာသာနဲ့ Relationship တစ်ခုကို ပျက်စီးစေတဲ့အကျင့်တွေ

ချစ်သူကြားမှာဖြစ်တဲ့ ပြဿနာတွေကို သေချာဆန်းစစ်ပါ။ ပြဿနာတစ်ခုဖြစ်လာပြီဆိုရင် အများစုက ပြဿနာကိုဖြေရှင်းဖို့ထက် ကိုယ့်အဆင်မပြေတာတွေ၊ ဒေါသတွေကို ရှေ့တန်းတင်ဖြစ်ကြပါတယ်။ အော်ကြီးဟစ်ကျယ်ဖြစ်လည်း ဒီပြဿနာပါပဲ၊ တိုးတိုးကြိတ်ကြိတ်ဖြစ်လည်း ဒီပြဿနာပါပဲ။ အက်ဒ်မင်အကြံပေးချင်တာကတော့ ဒေါသကိုနည်းနည်းလေးထိန်းဖို့ပါ။ ဒါပေါ့ ဒေါသထွက်နေတာကို ထိန်းဖို့ခက်တာပေါ့။ လူဆိုတာလည်း စိတ်နဲ့ပဲလေ။ ဒါပေမဲ့လည်း ဒီလိုလုပ်လိုက်တာက သူ့အတွက်ရော ကိုယ့်အတွက်ပါမကဘူး ကိုယ့် relationship အတွက်ပါအကျိုးရှိပါတယ်။ စိတ်လိုက်မာန်ပါမဖြေရှင်းဘဲ ခေါင်းအေးအေးနဲ့ ပြဿနာရဲ့အရင်းအမြစ်ကို သေချာဆန်းစစ်ပြီး ဖြေရှင်းမယ်ဆိုရင် အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ထိခိုက်စေမယ့် ခပ်နာနာစကားတွေ မသုံးဖြစ်တော့ဘူးပေါ့။ တစ်ခါတလေကျတော့ ပြဿနာတွေဖြစ်လာတယ်။ အကြောင်းအရင်းကို မရှာပဲ အော်လိုက်ဟစ်လိုက်နဲ့ပဲ ပြီးသွားတယ်။ ပြဿနာကတော့ မရှင်းသွားဘူး။ ဒီလိုနဲ့ တဖြည်းဖြည်းစုပုံလာတဲ့အခါ စိတ်ဒဏ်ရာတွေရလာပြီး မကြိုဆိုသင့်တဲ့ တတိယလူဆိုတာကို ဖိတ်ခေါ်မိသွားကြတာပါပဲ။

ဒီနေရာမှာတော့ ယောက်ျား၊မိန်းမဆိုတဲ့ ခွဲခြားမှုကိုမပြောလိုပါဘူး။ သို့သော် ယောက်ျားလေးအတော်များများဟာ ကိုယ်ချစ်တဲ့မိန်းကလေးအပေါ်ကာကွယ်ပေးချင်တယ်။ အရာရာကူညီပေးချင်တယ်။ ကိုယ့်ကောင်မလေးရဲ့ အားကိုးမှု၊ အထင်ကြီးမှုကိုလိုချင်တယ်။ ပြောရရင်တော့ လွှမ်းမိုးချင်တယ်ပေါ့။ အာဂအမျိုးသမီးဖြစ်ရတာ ဂုဏ်ယူစရာပါ။ အမျိုးသားတွေရဲ့ အကူအညီမလိုပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တယ်ဆိုတဲ့ ခံယူချက်က လေးစားစရာပါ။ ဒါပေမဲ့ တစ်ခါတလေတော့ သူတို့ကို လွှမ်းမိုးခွင့်ပြုလိုက်ပါ။ ကိုယ်တိုင်ချစရာမလိုတဲ့ ဆုံးဖြတ်ချက်မျိုးဆိုရင် သူတို့ကိုင်တွယ်ပါစေ။ ဒီနေရာမှာတော့ မာနတွေမထားနေပဲ ကိုယ်ချစ်ရတဲ့သူ စိတ်ချမ်းသာအောင် ထားတယ်ဆိုတဲ့ရှုထောင့်ကနေပဲ ကြည့်ရမှာပေါ့။ ကိုယ်ကသူပြောသမျှကို သဘောမတူတဲ့အခါ၊ သူ့စကားတွေက ကိုယ့်အပေါ်အရာမရောက်ဘူးလို့ သူထင်လာတဲ့အခါ သူပြောသမျှနားထောင်တဲ့ တတိယလူဆိုတာ ဝင်လာဖို့သိပ်လွယ်သွားပြီလေ။

Related article >>> သက်တမ်းဘယ်လောက်ကြာကြာ အချစ်ကိုအသက်ဝင်နေစေမယ့် အချက်(၅)ချက်

နောက်ဆုံးတစ်ခုကတော့ ယုံကြည်မှုလွန်ကဲတာပါ။ ကိုယ်ကလည်း သူ့ကိုချစ်တယ်။ သူကလည်း ကိုယ့်ကိုချစ်တယ်။ ဒါကို နှစ်ယောက်လုံးကလည်း သိနေပြီးသား။ ဆိုတော့ စိတ်ချတယ်ပေါ့လေ။ အခြားသူက လာပြီး အထာပေးနေပြီဆိုတာကို သိတာတောင် ကိုယ့်ကို သစ္စာဖောက်မယ့်လူမဟုတ်ဘူးဆိုပြီး ပေါ့ပေါ့တန်တန်နေလိုက်တာမျိုး။ ဒါပေမဲ့ လူဆိုတာကလည်းလေ ဟင်းကောင်းနဲ့ ထမင်းစားပြီးလို့ ဗိုက်တင်းနေတာတောင် အချိုပွဲကို မျက်စောင်းလှမ်းထိုးတတ်တဲ့ အမျိုးမဟုတ်လား။ ဘယ်လောက်ပဲကောင်းတဲ့လူကို ရထားထား၊ ဘယ်လောက်ပဲ အဲ့လူကိုချစ်ချစ် တစ်ခါတလေတော့ အသစ်အဆန်းလေး တမ်းတမိမှာပဲ။ တကူးတကအားထုတ်စရာမလိုရင် ပိုတောင်လွယ်သေး။ အပျော်ရှာတာပေါ့။ တစ်ခါတလေတော့လည်း ကိုယ့်ကိုကိုယ်တောင်ယုံလို့မရတာတွေ ရှိတယ်လေ။ စိတ်ဆိုတာက တသမတ်တည်းမှ ရှိမနေတာ။ အဲ့လို ယုံကြည်မှုလွန်ကဲသွားရင်လည်း တတိယလူကိုဆွဲသွင်းဖို့ အခြေအနေပေးသလိုဖြစ်တတ်ပါတယ်။

ဒါလေးတွေကတော့ အက်ဒ်မင့်အတွေ့အကြုံအရ ချစ်သူနှစ်ယောက်ကြားမှာ တတိယလူဝင်လာဖို့ဖြစ်စေတဲ့ ပြဿနာတွေပါ။ Relationship တစ်ခုမှာ စိန်ခေါ်မှုတွေ ကျရှုံးမှုတွေရှိလာတဲ့အခါ အချစ်ဆိုတဲ့အရာက လူနှစ်ယောက်ကိုမြဲမြဲချည်နှောင်ထားနိုင်လို့သာ ခိုင်မြဲတာပါ။ ဒါပေမဲ့ အချစ်သက်သက်နဲ့တော့ အရာရာကို မကျော်ဖြတ်နိုင်ဘူးလေ။ ဂရုစိုက်မှုတွေ၊ နားလည်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက်လေးစားမှုတွေကလည်း လိုသေးတာကိုး။ သို့သော်လည်း အချို့သောသူတွေက ကိုယ့်အချစ်ကို တန်ဖိုးမထားတဲ့အခါမှာတော့ ကိုယ့်ဘက်ကလည်း လွမ်းစရာမရှိဘူးလေနော်။ လွှတ်ပေးလိုက်ပါ။ လမင်းကြီး တစ်စင်းလုံးကို ပိုင်ထားပြီးမှ ကြယ်တွေကို ရေတွက်ချင်နေတဲ့သူအတွက်တော့ အမှောင်ထုပဲထိုက်တန်ပါတယ်။

ချစ်ခြင်းတွေခိုင်မြဲကြပါစေ။

Myat (For Her Myanmar)

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤