Beginner လေးတွေအတွက်မိတ်ကပ် Tips ပေါင်းချုပ်

နှင်းမိတ်ကပ်လိမ်းစက ခက်ခဲခဲ့တာမို့ ယောင်းလေးတွေ လွယ်လွယ်ကူကူဖြစ်သွားအောင် ရည်ရွယ်ပြီး အသေးစိတ်ရေးပေးထားပါတယ်။

ဒီဆောင်းပါးလေးကတော့ အခုမှမိတ်ကပ်စလိမ်းမယ့် ယောင်းတွေအတွက် ဘာမိတ်ကပ်ပစ္စည်းလေးတွေဝယ်ရမယ်၊ ဘယ်လိုသုံးရမလဲ၊ ဘယ်ပစ္စည်းကဘာအတွက်အသုံးဝင်လဲမသိတဲ့ မိန်းကလေးတွေကိုရည်ရွယ်ပါတယ်။ မိတ်ကပ်ပစ္စည်းအတွက်ပိုက်ဆံအရမ်းမကုန်အောင် ချုံ့နိုင်သမျှချုံ့ပြီး တကယ်လဲအသုံးဝင်မယ့် ပစ္စည်းလေးတွေနဲ့အတူ အခက်ခဲဆုံးအပိုင်းဖြစ်တဲ့ brush သုံးနည်းလေးတွေကိုပါ ဖော်ပြပေးမှာမို့ ယောင်းတို့အတွက်အရမ်းအသုံးဝင်တဲ့ဆောင်းပါးလေးဖြစ်မှာပါ။ အတူတူဖတ်ကြည့်ရအောင်နော်…

မိတ်ကပ်ဖုံဖုံကြီးမဟုတ်ဘဲ ညီညီလေးနဲ့သဘာဝဆန်ဆန်ဖြစ်နေအောင် setting spray လေးသုံးပေးပါ။ Eyeshadow အရောင်ကို primer လေးသုံးပြီးတာနဲ့ အရောင်ညီသွားအောင် ပထမဆုံးသဘာဝဆန်တဲ့အရောင်လေးကို မျက်ခွံတစ်ခုလုံး ခြယ်လိုက်ပါ။ အရောင်ထွက်အား ပိုလှပါလိမ့်မယ်။ Eyeliner ဆိုးတဲ့အခါလည်း မဲသည်းမနေအောင် primer ခံဆိုးပေးနော်။ Eyeshadow ဝယ်တဲ့အခါလဲ အကွက်တွေအများကြီးနဲ့တစ်ချပ်လိုက်ဝယ်မယ့်အစား ကိုယ်လိုချင်တဲ့အရောင်တစ်ကွက်ချင်းစီဝယ်ပါ။ မလိုအပ်တဲ့အရောင်တွေအတွက်ပိုက်ဆံအရမ်းမကုန်တော့ဘူးလေ။

မျက်ခုံးမွေးဆွဲတဲ့အခါ ကိုယ်လိုချင်တဲ့ပုံကို အရင်ဖော်၊ ဖြီးတဲ့ brush လေးနဲ့ ဖြီးချပြီးဖြန့်ပါ။ ဒါမှ ခဲအရာကြီးတွေမကျန်ခဲ့ဘဲ သဘာဝဆန်ဆန်မျက်ခုံးလေးဖြစ်နေမှာပေါ့။ ကိုယ်ဝယ်တဲ့ foundation ကအရမ်းပျစ်နေတဲ့အခါ နေရောင်ဒဏ်ကာကွယ်တဲ့ cream (or) ရေဓာတ်ဖြည့်ပေးတဲ့ cream လေးနဲ့ရောပြီးလိမ်းလိုက်ပါ။ ပစ္စည်းလေးတွေဝယ်တဲ့အခါမှာလည်း ဈေးအရမ်းပေါတာတစ်ခုထဲကိုမကြည့်ဘဲ ကိုယ့်အတွက် အသုံးဝင်တဲ့ဟာဆိုရင် brand ကောင်းကောင်းထဲကဝယ်ထားပြီး တစ်ခြားဘယ်နေရာတွေမှာရောသုံးလို့ရသေးလဲလို့ လေ့လာရင်းသုံးပါ။ FDA ထောက်ခံချက်မပါတဲ့ အတုတွေလုံးဝမဝယ်ပါနဲ့။ ဈေးသက်သက်သာသာနဲ့ကောင်းတာလိုချင်ရင် ပြည်တွင်းကပစ္စည်းတွေကိုသုံးပါ၊ ပိုစိတ်ချရပါတယ်။ စိတ်မချရတာတွေ ဝယ်သုံးရင်တော့ ကိုယ့်မျက်နှာအကောင်းကနေ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။

အခု Beginners တွေအတွက်အတော်လေ့လာရခက်တဲ့ Brushes လေးတွေနဲ့သူတို့ကိုဘယ်လိုသုံးရမလဲဆိုတဲ့အကြောင်း ဆက်ဖော်ပြပေးမယ်နော်။ ယောင်းတို့ရဲ့မိတ်ကပ် box ထဲမှာ ရှိကိုရှိသင့်တဲ့ brush (၁၂) ချောင်းရှိပါတယ်။

(၁) Foundation Brush

အောက်ခံမိတ်ကပ်လိမ်းတဲ့ Brush ပါ။ ခပ်ပြားပြားနဲ့ပါးပါးပုံစံရှိပါတယ်။ အဆီပြန်တတ်တဲ့လူတွေ Foundation brush နဲ့ မိတ်ကပ်လိမ်းတဲ့အခါ အပေါက်နေရာတွေကိုဖြည့်ပေးပြီး ဖုံဖုံသိပ်သိပ်လေးဖြစ်နေစေပါတယ်။

Foundation Brush

(၂) Beauty Blender or Sponge ( မိတ်ကပ်လိမ်းတဲ့ရေမြှုပ်တုံး )

မျက်နှာကိုပြောင်ပြောင်လေးနဲ့ သဘာဝဆန်ဆန် ပုံစံလေးလိုချင်တဲ့အခါ brush အစားဖော့တုံးလေးကို သုံးပေးသင့်ပါတယ်။ မိတ်ကပ်သာမက ပါးနီလေးတွေကိုလည်း ခပ်ပါးပါးလေး ပုတ်လိမ်းလို့ရပါသေးတယ်။

မိတ်ကပ် Sponge သုံးပါ။

(၃) Kabuki Brush

Bronzer လို့ခေါ်တဲ့ ပါးရိုးမေးရိုးထင်းအောင် အညိုချတဲ့အခါသုံးတဲ့ brush ဖြစ်ပါတယ်။ မှိုပွင့်ပုံစံ ထူထူသိပ်သိပ်ရှိပြီး ခပ်ဝိုင်းဝိုင်းပုံစံဖြစ်ပါတယ်။

Kabuki Brush

(၄) Powder brush

အမွှေးဖွာဖွာလေးနဲ့ ပေါင်ဒါသုံးတဲ့အခါသုံးတဲ့ brush လေးပေါ့။ မိတ်ကပ်အားလုံးလိမ်းပြီးသွားလို့ bake လုပ်ချင်တဲ့အခါဖြစ်ဖြစ်၊ setting ပေါင်ဒါလိမ်းချင်လို့ဖြစ်ဖြစ် သုံးတဲ့ brush ပါ။

Powder Brush

(၅) Angled Blush Brush

တစ်ခြမ်းစောင်း brush လေးပေါ့။ သူ့ကိုတော့ ပါးနီဆိုးတဲ့အခါဖြစ်ဖြစ်၊ မျက်နှာအညိုချတဲ့အခါဖြစ်ဖြစ် သုံးရပါတယ်။

Angled blush brush

(၆) Concealer Brush

ခပ်ပြားပြားနဲ့ ဝိုင်းဝိုင်းပုံစံရှိပြီး အပေါ်ပိုင်းမှာညီနေတဲ့ Brush ကို ယောင်းတို့ မျက်ကွင်းညိုနေတာဖြစ်ဖြစ်၊ ဝက်ခြံထွက်နေတာဖြစ်ဖြစ်၊ ဖုံးတဲ့အခါ သုံးရတဲ့ concealer ကိုယူဖို့ ဒီ brush လေးကိုသုံးပါ။ နှုတ်ခမ်းနီဆိုးတဲ့အခါ ဘေးထွက်သွားလို့ဖြစ်ဖြစ် ပြန်သပ်ချင်တဲ့အခါလည်း concealer ကိုသုံးလို့ရပါတယ်။

Concealer Brush

Related Article >>> ဝက်ခြံဟာ ရှက်စရာလား

(၇) All over Eyeshadow Brush

Eyeshadow ကိုမျက်ခွံတစ်ခုလုံးခြယ်တဲ့အခါ သုံးရတဲ့ brush ဖြစ်ပါတယ်။ ပြားပြားနဲ့ ပါးပါးသိပ်သိပ်ပုံစံရှိပါတယ်။

Eyeshadow brush

(၈) Blending Brush

Eyeshadow အရောင်ဖြည်ချဖို့အတွက် သုံးပါတယ်။ ခပ်ဖွာဖွာပုံစံရှိပါတယ်။

Blending Brush

(၉) Smudger Brush

မျက်လုံးအတွင်းပိုင်းမှာ ခပ်ထင်းထင်းအရောင်တွေထည့်ချင်တဲ့အခါ သုံးတဲ့ Brush ဖြစ်ပါတယ်။ မျက်ခုံးဆွဲပြီးတဲ့အခါ သပ်ရပ်သွားအောင် concealer နဲ့ဆွဲတဲ့အခါလည်း ဒီ Brush ကိုသုံးလို့ရပါတယ်။ All over eyeshadow brush နဲ့ပုံစံတူပြီးသူက အမွှေးပိုတိုပါတယ်။

Smudger Brush

(၁၀) Angled eyeliner brush

တစ်ခြမ်းစောင်း brush အသေးလေးဖြစ်ပြီး winged eyeliner ဆွဲတာတို့၊ မျက်ခုံးကို gel type နဲ့ဆွဲတဲ့အခါတို့မှာသုံးတဲ့ brush ဖြစ်ပါတယ်။

Angled eyeliner brush

(၁၁) Lash/ Brow Comb Brush

မျက်တောင်ကော့ဆေးသုံးတဲ့အခါ ခဲသွား/စုသွားတာမျိုးဖြစ်ရင် ပြန်ဖီးချဖို့သုံးပါတယ်။ မျက်ခုံးဆွဲတဲ့အခါမှာလည်း တစ်နေရာထဲခဲမနေအောင် သုံးပါသေးတယ်။ ဘီး နဲ့ brush နှစ်ဖက်ပုံစံရှိပါတယ်။

Lash/ Brow Comb Brush

(၁၂) Fan brush

မျက်နှာပေါ်ပြောင်ပြောင်လင်းလင်းဖြစ်အောင် highlight လုပ်တဲ့အခါသုံးတဲ့ brush ပါ။ ယပ်တောင်ပုံစံရှိပါတယ်။

Fan brush

Brush set ကိုကောင်းကောင်းလေးလိုချင်ရင်တော့ BH brush set က quality ကောင်းပြီးလှလဲလှပါတယ်။ ဈေးလဲသင့်တင့်တာမို့ သုံးလို့လည်း အရမ်းပျော်ပါတယ်။ ဒီဆောင်းပါးကနေ ခုမှမိတ်ကပ်စလိမ်းမယ့် ယောင်းတို့ information စုံစုံလင်လင်ရပါစေလို့ ရည်ရွယ်ရင်း ယောင်းတို့အားလုံးလှနိုင်ကြပါစေလို့ 😍

Hnin Ei Oo ( For Her Myanmar )

Refrence : Brushes , Beginners Make Up Tips

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။

error: Content is protected !!