နားထောင်နိုင်စွမ်းတွေ မြင့်စေဖို့

ကိုယ့်စိတ်ကိုဖွင့်ထားပြီး သူများရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ ယုံကြည်ချက်တွေကို နားထောင်ပေးခြင်းကနေ ကိုယ့်အတွက် အကျိုးအမြတ်တွေ၊ ဗဟုသုတတွေ အများကြီး ရလာနိုင်ပါတယ်…

နေ့စဉ်နေ့တိုင်း ယောင်းတို့ဟာ လူမှုဝန်းကျင်တွေမှာ ပြောဆိုဆက်ဆံကျင်လည်နေရတာမဟုတ်လား။ အပြောအဆိုကောင်း၊ ပေါင်းသင်းဆက်ဆံမှုကောင်းတဲ့ သူဟာဆိုရင် လူဝင်ဆံ့ပြီး ဒီအရည်အချင်းတွေကလည်း အောင်မြင်ခြင်းလမ်းစတစ်ခုပဲလေ။ ပေါင်းသင်းဆက်ဆံမှုဆိုတဲ့နေရာမှာ အပြောအဆိုက အရေးကြီးသလို နားထောင်နိုင်စွမ်းကလည်း အရေးကြီးပြန်တာပဲ။ အပြောအဆိုတတ်တဲ့လူတိုင်းလည်း နားထောင်သူကောင်းတစ်ယောက် မဖြစ်နိုင်ပါဘူး။

Active Listening ဆိုတာ သူများပြောသမျှကို နားထောင်ပြီး ရှင်းရှင်းလင်းလင်း နားလည်နိုင်စွမ်းရှိတာမျိုးပါ။ နားတော့ထောင်နေတာပဲ နားမလည်နိုင်ဘူးဆိုတာ ပြောတဲ့လူရဲ့ ပြောပုံဆိုပုံနဲ့ဆိုင်သလို တစ်ခါတစ်ရံမှာ နားထောင်သူရဲ့ စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုတွေနဲ့လည်း ဆိုင်နေပါသေးတယ်။ နားထောင်မှု စွမ်းရည်ကောင်းတယ်ဆိုတာက တကယ်တမ်းကျတော့ လွယ်တယ်လို့ ထင်ရပေမယ့် ထင်သလောက်တော့ မလွယ်ကူပါဘူး။ လူအမျိုးမျိုးမှာ နားထောင်နိုင်စွမ်းတွေလည်း အမျိုးမျိုးရှိကြပါတယ်။ ငယ်ငယ်က ဆရာမစာသင်ရင် တစ်ခေါက်တည်းနဲ့ တန်းရတဲ့လူတွေ၊ သူများစာကျက်တာ နားထောင်ရုံနဲ့ စာရတတ်တဲ့လူမျိုးတွေကလေ တကယ်တမ်းတော့ သူတို့မှာ နားထောင်နိုင်စွမ်းကောင်းတွေရှိလို့ပါ။ သူတို့ရဲ့ နားထောင်နိုင်စွမ်းတွေက သူများတွေထက်ကို သာလွန်နေတာပါ။  တစ်ချို့တွေဆိုလည်း ဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေမှာဆိုရင် တစ်ဖက်လူပြောချင်တာကို လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်း နားလည်နိုင်စွမ်းတွေရှိပါတယ်။ ဒီတော့ ယောင်းတို့မှာလည်း နားထောင်မှုစွမ်းရည်လေးတွေတိုးတက်လာအောင် Active Listening လေးအကြောင်းပြောပြချင်ပါတယ်။

Related Article>>>လူရှေ့ထွက်တာမကြောက်အောင် ဘယ်လိုလုပ်ရမလဲ

အကြောင်းအရာတစ်ခုကို နားထောင်ပြီဆိုရင်နားထောင်လိုက်ရုံနဲ့မပြီးပါဘူး။ နားထောင်တဲ့အကြောင်းအရာကို နားလည်ဖို့လိုပါတယ်။ နားလည်ဖို့အတွက် အကြောင်းအရာပေါ်မှာ စိတ်ပါဝင်စားမှု၊ အာရုံစူးစိုက်မှုတွေလိုပါတယ်။ အခြေခံအားဖြင့်တော့ စကားပြောရေးဆိုရေးတွေမှာ တစ်ဖက်လူက ကိုယ်စိတ်မဝင်စားတဲ့ အကြောင်းအရာကို ပြောနေရင် နားလည်ဖို့ ပိုပြီးခက်ခဲပါတယ်။ ဒီတော့ ဆွေးနွေးပွဲတွေစကားဝိုင်းတွေမှာဆိုရင်လည်း ကိုယ့်ရဲ့ စိတ်ကို ပြောသူအပေါ်မှာ ပိုပြီးအာရုံစိုက်နိုင်ဖို့အရေးကြီးပါတယ်။ နားလည်လိုက်မှ ကိုယ်ကအကြောင်းအရာကို သေချာသုံးသပ်နိုင်မှာပါ။ သုံးသပ်နိုင်မှ အကြောင်းအရာကို ကိုယ်က တုံ့ပြန်နိုင်မှာပါ။ စကားဝိုင်းတစ်ခုမှာ နားပဲထောင်နေတာမျိုးမဟုတ်ဘဲ အပြန်အလှန် ဆွေးနွေးနိုင်မှသာ စိတ်ဝင်စားစရာကောင်းတဲ့ စကားဝိုင်းတစ်ခုကို ဖန်တီးနိုင်မှာပါ။ စိတ်ဝင်စားစရာကောင်းမှုနဲ့ သေချာနားထောင်မှုနဲ့ ဆက်စပ်သလို နားလည်နိုင်မှုနဲ့လည်း ဆက်စပ်နေပါတယ်။

Related Article>>>စကားပြောကောင်းသူတွေ ဖြစ်လာနိုင်ဖို့ နည်းလမ်း(၅)မျိုး

နောက်တစ်ချက်က စကားပြောဆိုကြတဲ့အခါ အလ္လာပသလ္လာပ ပြောတာမျိုးရှိသလို အတွေးအခေါ်တွေ၊ အမြင်၊ သဘောထားတွေ ဖလှယ်တာမျိုး၊ ဆွေးနွေးညှိနှိုင်းတာမျိုးလည်းရှိပါတယ်။ ဒီလို ဆွေးနွေးတာမျိုး၊ အဖြေရှာတာမျိုးတွေရှိတဲ့အခါ တစ်ဖက်နဲ့ တစ်ဖက်က အမြင်တူချင်မှ တူနိုင်မှာပါ။ ဒီအခါမှာ မတူညီတဲ့ သဘောတရားတွေ အမြင်တွေကိုလည်း လက်ခံနားထောင်နိုင်ဖို့ အသင့်ဖြစ်နေရပါမယ်။ ကိုယ့်ခံယူချက်နဲ့ မကိုက်ညီလို့ လက်မခံနိုင်ဘူးဆိုရင်တောင် သူပြောတဲ့ သဘောထား၊ သူပြောချင်တဲ့ အဓိပ္ပါယ်၊ သူ့ရဲ့ အကြောင်းအကျိုး ဆက်စပ်ပြမှုတွေကို သေသေချာချာလေး နားထောင်ပေးသင့်ပါတယ်။

ကိုယ့်အမြင်တွေနဲ့ ကိုယ့်ကိုယ်ကိုလည်း မပိတ်ထားမိပါစေနဲ့။ အခြေအနေတစ်ခုအပေါ်မှာ ကိုယ့်အမြင်က ဒီလိုရှိတယ်။ ကိုယ့်ရဲ့ တွေးခေါ်ပုံတွေက ခိုင်မာတဲ့ အကြောင်းအကျိုးတွေရှိတယ်ဆိုရင်တောင် တစ်ဖက်သားနဲ့ စကားပြောတဲ့အခါ စိတ်ကို ဖွင့်ထားတတ်ဖို့လိုပါတယ်။ ကိုယ့်အတွေးအခေါ်တွေနဲ့ ကိုယ့်ကိုယ်ကို ပိတ်မိစေတာက ကိုယ့်အရည်အသွေးကို ကိုယ်နှိမ့်သလိုဖြစ်နေပါလိမ့်မယ်။ ပိတ်ထားလိုက်တော့ ကိုယ့်ရဲ့အတွေးအခေါ်တွေထဲကို အတွေးအခေါ်အသစ်၊ အမြင်အသစ်တွေ ဝင်လာမှာ မဟုတ်တော့ပါဘူး။ ဒါဆိုရင် ယောင်းက ပတ်ဝန်းကျင်ကနေ သင်မှုတွေကို အလွယ်တကူရနိုင်တော့မှာ မဟုတ်သလို အရာရာကို ကြောင်းကျိုးဆက်စပ် စဉ်းစားနိုင်စွမ်းတွေလည်း လျော့နည်း သွားပါလိမ့်မယ်။

နားထောင်မှုတွေကို မြှင့်တင်ခြင်းနဲ့အတူ ယောင်းတို့ရဲ့ အကြောင်းအရာအပေါ် တုံ့ပြန်ပြောဆိုနိုင်စွမ်းတွေ၊ အတွေးအသစ်အမြင်သစ်တွေ၊ စုပေါင်းထားတဲ့ အတွေးအမြင်တွေ တိုးတက်လာခြင်းတွေကိုတွေ့မြင်ရမှာပါ။ ဒီတော့ အပြောအဆိုကောင်းရုံတင်မဟုတ်ပဲ နားထောင်မှုနဲ့ တုံပြန်မှု၊ ဆွေးနွေးမှုကောင်းတဲ့ ယောင်းလေးတွေဖြစ်ဖို့ ကြိုးစားလိုက်ကြရအောင်နော်။

Myat Lay ( For Her Myanmar )

 

Myat Lay
Myat Lay

မြတ်လေးသည် ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာနှင့် BARS လူမှုရေးပညာ ကျောင်းသူတစ်ဦး ဖြစ်ပြီး နိုင်ငံရေးနှင့် အမျိုးသမီး စွမ်းအားမြှင့်တင်ရေးကို စိတ်ဝင်စားသူ ဖြစ်ပါသည်။ For Her Myanmar Page တွင် ဗဟုသုတနှင့် စိတ်ဓာတ်ခွန်အား စာပေများ ရေးသားမည်ဖြစ်သည်။