သူတို့မှာလည်း အသက်နဲ့ပါ

လနဲ့ချီပြီး အစာရေစာ ပြတ်လပ်နေတဲ့ လှောင်အိမ်ထဲက တိရိစ္ဆာန်လေးတွေအတွက်ရော မစဉ်းစားပေးတော့ဘူးလား…

ယောင်းတို့ရေ… ယောင်းတို့ Facebook သုံးရင်လေ ခွေးလေးကို ဘာလုပ်လိုက်တယ်တို့၊ ဘယ်ကောင်လေးကို ဘယ်လိုနှိပ်စက်လိုက်တယ်တို့ စသည်ဖြင့် တိရိစ္ဆာန်လေးတွေကို ညှဉ်းပန်းတဲ့ သတင်းတွေဖတ်မိမှာပေါ့။ အက်ဒ်မင်တော့ အဲ့လိုသတင်းတွေ တွေ့လိုက်တာနဲ့ ဝင်လည်းမဖတ်ဘူး၊ ရှဲလည်းမရှဲဘူး။ မဖတ်ရက်လို့။ ဖတ်လည်း ဖတ်ရုံပဲရှိမှာပေါ့။ ဘာမှမလုပ်ပေးနိုင်ဘူးလေ။ မရှဲဘူးဆိုတာကလည်း ကိုယ်ရှဲလည်း မထူးမှမထူးတာ။ ကိုယ့်လို တိချစ်သူတွေမြင်သွားရင် သူတို့စိတ်ဆင်းရဲရုံပဲရှိမှာ။ ဒါပေမဲ့ အခုသတင်းလေးတော့ အက်ဒ်မင်ဝေမျှပေးချင်တယ်။ ဘာလို့လဲဆိုတော့ ဒါမျိုးကိုလူများများသိလေ တိရိစ္ဆာန်လေးတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးနိုင်လေ မို့လို့ပါ။

တိရိစ္ဆာန်ရုံတွေ ပြောင်းရွေ့တဲ့အခါ၊ အကြောင်းတစ်ခုခုကြောင့် အပြီးပိတ်ပစ်လိုက်တဲ့အခါ လူသားတွေရဲ့ တာဝန်မဲ့မှု၊ ပေါ့ဆမှုကြောင့် တိလေးတွေအတွက် တော်တော်ကြီးဒုက္ခရောက်ရတဲ့ အဖြစ်တွေရှိလာပါတယ်။ ဒီ ၂၀၁၇ ထဲမှာ ဖြစ်သွားတဲ့ ဆီရီးယားပြည်တွင်းစစ်ကြောင့် ဆီးရီးယားတိရိစ္ဆာန်ရုံဖြစ်တဲ့ Aleppo Zoo က တိရိစ္ဆာန်အကောင်ပေါင်း ၁၄၀ ဟာ ဗုံးဒဏ်၊ ကျည်ဆံဒဏ်၊ ဆာလောင်မှုဒဏ်တွေကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ၉ ကောင်ပဲရှင်ကျန်ခဲ့ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ အကောင်လေးတွေဆိုလည်း အထီးကျန်မှု၊ ကြောက်ရွံ့မှု၊ ဆာလောင်မှုတွေကြောင့် အရိုင်းစိတ်တွေပေါ်လာပြီး ရူးနှမ်းသွားတဲ့ အခြေအနေတွေအထိ ဖြစ်သွားပါတယ်။ ဟုတ်တော့လည်း ဟုတ်တာပဲ။ တစ်သက်လုံး အိမ်မွေးတိရိစ္ဆာန်လေးတွေလို နေလာ၊ ဂရုစိုက်ခံလာ၊ အချစ်ခံလာပြီးမှ ပစ်ပြေးခံရတော့ ဒီလိုပဲဖြစ်တော့မှာပေါ့။ ပစ်ထားခဲ့တဲ့နေရာကိုလည်း ကြည့်ဦးလေ။ လှောင်အိမ်သေးသေးလေးထဲမှာ ပြေးမရ၊ ရှောင်မရနဲ့ အခြားအကောင်တွေ သေသွားတာကိုလည်း မျက်စိရှေ့တင်မြင်နေရတော့ ရူးပြီပေါ့ကွယ်။ အက်ဒ်မင်ဆိုလည်း ရူးမှာပဲ :’( ။

ကလေးတွေကံကောင်းသွားတယ်လို့ပဲ ပြောရမယ်။ Four Paws လို့ခေါ်တဲ့ ကယ်ဆယ်ရေးအဖွဲ့က တူရကီအစိုးရနဲ့ ပူးပေါင်းပြီးတော့ အသက်ရှင်ကျန်ခဲ့တဲ့ တိရစ္ဆာန်လေးတွေကို ကယ်ခဲ့ပါတယ်။ ပြီးတော့ ဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂျော်ဒန်နိုင်ငံမှာ ထိန်းသိမ်းထားပါတယ်။

ကယ်ဆယ်ပြီးတဲ့နောက် ဂျော်ဒန်နိုင်ငံရောက် မျောက်လေးနဲ့ ခွေးအလေး

Related Article >>> ခွေးလေးတွေနဲ့စကားပြောခြင်းက ဥာဏ်ရည်တိုးတက်နိုင်

နောက်ထပ်ကံဆိုးခဲ့တဲ့ ကလေးတွေကတော့ အာမေးနီးယားနိုင်ငံ Guyumri တိရိစ္ဆာန်ရုံက တိလေးတွေပါ။ လူချမ်းသာတစ်ဦးက အပန်းဖြေစခန်းဖွင့်ဖို့အတွက် သူတို့လေးတွေကို ဝယ်ယူပြီး အဲ့အပန်းဖြေစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဒါပေမဲ့ နောက်ပိုင်းငွေကြေးပြဿနာတွေ၊ လူမှုရေးကိစ္စတွေကြောင့် ထွက်ပြေးတိမ်းရှောင်သွားတာ အခုအထိကို သတင်းအစအနမရသေးပါဘူးတဲ့။ အပန်းဖြေစခန်းကလည်း အပိတ်ခံလိုက်ရတော့ အဲ့ဒီက တိရိစ္ဆာန်လေးတွေက အစာမစားရ၊ ရေမသောက်ရနဲ့ လှောင်အိမ်ထဲမှာပဲ ပိတ်မိနေရော။ သူတို့လေးတွေ ဒီလိုနေခဲ့ရတာ လနဲ့ချီပြီး ကြာတယ်တဲ့။ တော်တော်များများလဲ သေသွားပါတယ်။

အာဏာပိုင်တွေကရော၊ ပိုင်ရှင်ကရော သူတို့အသက်တွေကို လျစ်လျှူရှုခဲ့ပေမယ့် သူတို့ခံစားနေရတာကို မကြည့်ရက်တော့တဲ့ ပြည်သူတွေက တစ်ခုခုလုပ်ဖို့ကြိုးစားပါတော့တယ်။ အာမေးနီးယားမြို့ခံ ဇနီးမောင်နှံနှစ်ယောက်က ပိတ်ထားတဲ့အပန်းဖြေစခန်းထဲကို ဝင်ပြီးတော့ လှောင်အိမ်ထဲက တိရိစ္ဆာန်လေးတွေကို အစာကျွေး၊ရေတိုက်ခဲ့ပါတယ်။ ခြင်္သေ့ပေါက်လေးနှစ်ကောင်ရဲ့ အမေခြင်္သေ့မကြီးဆိုရင်အားပြတ်လပ်နေလို့ မတ်မတ်တောင်မရပ်နိုင်တော့ပဲ သံတိုင်တွေကို ခေါင်းမှီပြီး ရပ်ရပါတယ်တဲ့။ ဝက်ဝံလေးတွေဆိုရင်လည်း တစ်ချိန်ကတောက်ပခဲ့တဲ့ အမွေးပွတွေမှာ ကောက်ရိုးနဲ့ အညစ်အကြေးတွေကပ်ပြီးတော့ ကြည့်ရတော်တော်ဆိုးပါတယ်တဲ့။ ဒီဇနီးမောင်နှံကြောင့်ပဲ တိရိစ္ဆာန်လေးတွေရဲ့အဖြစ်ကို လူတွေသိလာခဲ့ပြီးတော့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ကယ်ဆယ်ရေးတွေ လအတ်လိုက်ပါတယ်။ အခုတော့ တိရိစ္ဆာန်လေးတွေ ဘေးကင်းသွားပါပြီ။

ခြင်္သေ့မကြီးနဲ့ ခြင်္သေ့ပေါက်လေးတွေပါ

၂၀၁၆ ခုနှစ် အီရတ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ဆူပူမှုတွေကြောင့် Mosul တိရိစ္ဆာန်ရုံက ကလေးတွေ ဓားစာခံဖြစ်ခဲ့ရပါတယ်။ ISIS အကြမ်းဖက်သမားတွေတွေက Mosul မှာ စခန်းချထားတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေကြားမှာ တိရိစ္ဆာန်လေးတွေမြေစာပင်ဖြစ်ခဲ့ပြီး အကြမ်းဖက်လှုပ်ရှားမှု သုံးလအတွင်းမှာတော့ ဆင်ဘာလို့ခေါ်တဲ့ ခြင်္သေ့လေးတစ်ကောင်နဲ့ လူလာဆိုတဲ့ ဝက်ဝံလေးတစ်ကောင်သာ အသက်ရှင်ကျန်ခဲ့ပါတယ်။ ကလေးတွေကို သွားကယ်တဲ့အချိန်တုန်းကဆို ဆင်ဘာ့အမေခြင်္သေ့မကြီးရဲ့ အလောင်းက ဆင်ဘာလေးရဲ့ လှောင်အိမ်ရှေ့မှာပါတဲ့။

ကယ်ဆယ်ရေးအဖွဲ့ထဲက တာဝန်ရှိသူတစ်ယောက်အပြောအရဆိုရင် အဲ့ဒီအချိန်တုန်းက ဆင်ဘာနဲ့ လူလာရဲ့ အခြေအနေကတော်တော်လေးဆိုးပါတယ်။ ကယ်ထုတ်နိုင်ခဲ့ရင်တောင် အသက်ရှင်ပါ့မလားဆိုတာကို သေချာမပြောနိုင်ပါဘူးတဲ့။ လုံးဝမလှုပ်နိုင်တာကြောင့် သူတို့ကိုနေရာမရွေ့ပေးသေးဘဲ အဲ့တိရိစ္ဆာန်ရုံထဲမှာပဲ အစာအာဟာရကျွေးပြီးတော့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ခဲ့ရပါတယ်တဲ့။ ဆူပူမှုကမပြီးသေးတာကြောင့် အကြမ်းဖက်သမားတွေကို တောင်းပန်ပြီးသူတို့လေးတွေကို စောင့်ရှောက်ခွင့်တောင်းခဲ့ရပါတယ်။ ဒါတောင် ကယ်ဆယ်ရေးသမားတစ်ယောက်ကို အကြမ်းဖက်သမားတွေက ကျည်ဆံနှစ်တောင့်ပေးပြီးတော့ ကလေးတွေကို ပစ်သတ်လိုက်ဖို့ အကြံပေးခဲ့ပါတယ်တဲ့။ (ရက်စက်လိုက်ကြတာ :’( )

ကလေးတွေ ကျန်းမာရေးအခြေအနေစိတ်ချရတဲ့အခါမှ ဂျော်ဒန်နိုင်ငံက တိရိစ္ဆာန်ပြန်လည်ထူထောင်ရေးစခန်းကို ပို့ပေးလိုက်ပါတယ်။ လူလာရဲ့ အခြေအနေက အဆင်ပြေပေမဲ့ ဆင်ဘာလေးကတော့ တော်တော်လေးကြောက်ပြီး လူတောင်အကပ်မခံတာမို့လို့ Four Paw ကယ်ဆယ်ရေးစခန်းကို ပို့လိုက်ရပါတယ်။ အခုတော့ နှစ်ကောင်လုံး ကျန်းကျန်းမာမာရှိနေပါပြီတဲ့။

တိရိစ္ဆာန်လေးတွေကို ကယ်ပြီး အခြေအနေအနေတွေကြည့်ချင်ရင်တော့ ဒီမှာကြည့်လို့ရပါတယ် ယောင်းတို့ရေ…

အခုဖြစ်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် ကလေးတွေဒုက္ခရောက်ရတာ လူတွေကြောင့်လို့ပြောလို့ရပါတယ်။ လူတွေရဲ့ တာဝန်မဲ့မှု၊ လောဘ၊ ဒေါသတွေကြားမှာ လည်စင်းခံနေရတာပါ။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်တော့လည်း ကြင်နာတတ်တဲ့ လူတွေရှိလို့သာ သူတို့လေးတွေကို ကယ်တင်နိုင်တာပါ။ လူဆိုတာ အမျိုးမျိုးရှိတဲ့အတွက် သူတို့တွေအတွက် ကြင်နာတဲ့လက်တစ်စုံဖြစ်ဖို့အတွက်ကတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ဆင်းရဲဒုက္ခဒဏ်ခံစားနေရတဲ့ တိရိစ္ဆာန်လေးတွေအတွက် ကမ်းလင့်လက်တစ်စုံဖြစ်ပေးကြရအောင်။

Reference : The Dodo, Newyorker , ABC news

Myat (For Her Myanmar)

Myat Moe
Myat Moe

နာမည်က မြတ်မိုးဆင့်ပါ. အသက်က ၂၀ ပါ. အပျိုကြီးမမပေါ့. For Her Myanmar မှာ Full time writer အနေနဲ့ စလုပ်မှာပါ. အားမနာဘဲနဲ့ သင်စရာရှိရင် သင်ပြီး ပြောစရာရှိရင် ပြောလို့ရပါတယ်. Love me more! ❤