ဘေးအခန်းက ကိုယ်တော်ချော

သူစိုက်ကြည့်ပုံက ဆွဲဆောင်နေသလိုပဲ။ ဆွဲဆောင်မှုကောင်းတဲ့အကြည့်တွေက အန္တရာယ်ပဲမဟုတ်လား။

နိုင်ငံခြားကို ပထမဦးဆုံး လေယာဉ်ကြီးစီးသွားရမှာမို့ ရင်ခုန်နေတယ်။ တစ်ခါမှ အခုလိုတစ်ယောက်တည်း ခရီးမထွက်ဖူးဘူးလေ။  လေဆိပ်မှာ ကြောင်တောင်တောင်လေးနဲ့ ဘာမသိညာမသိပေမယ့် အချိန်တန်တော့ လေယာဉ်ပေါ်ရောက်လာခဲ့ပြီ။ ကိုယ်သွားမှာက ဘန်ကောက်။ တစ်ယောက်တည်းဆိုပေမယ့် ဟိုမှာ သူငယ်ချင်းတစ်ယောက်ကလာကြိုပေးမှာ။ သူက အထက်တန်းပြီးကတည်းက ဘန်ကောက်မှာကျောင်းသွားတက်နေတော့ ဟိုမှာနေသားကျနေပြီလေ။တစ်ယောက်တည်းမသွားရဲ၊ မလာရဲတဲ့ကိုယ့်အတွက် သူအစစအရာရာစီစဉ်ပေးခဲ့လို့သာ အခုလိုလေယာဉ်ပေါ်ကို ချောချာချူချူနဲ့ ရောက်ခဲ့တာ။

နောက်ဆုံးတော့ ဘန်ကောက်လေဆိပ်ရောက်ခဲ့ပြီ။ check in ဝင်စရာတွေ၊ လုပ်စရာရှိတာတွေလုပ်ပြီး ထွက်လာတော့ ကိုယ့်သူငယ်ချင်းကြီးမျှော်နေတာကိုတွေ့လိုက်ရတယ်။ ကိုယ်ကလည်း အရပ်ရှည်ရှည်၊ လူကောင်ထွားထွားဆိုတော့ သူကိုယ့်ကိုယ်အလွယ်တကူလှမ်းမြင်ပြီး လက်ဝှေ့ပြီး နှုတ်ဆက်ပြတယ်။ အနားရောက်တော့ ပြေးလာပြီး…

-ကမရေ။ နင်ရောက်များရောက်လာမလားလို့ စိတ်ပူနေတာ။

-နင်ကလည်း ငါ့အပေါ်စိတ်ပူတယ်ပေါ့။

-အေးဟ။ ဟိဟိ။

-ငါ့မှာ တစ်ယောက်တည်း ပထမဦးဆုံးလာရတော့ စိုးရိမ်စိတ်တွေလွန်ကဲနေတာ။ နင့်မြင်မှပဲ စိတ်အေးတော့တယ်။

-ဟီးဟီး။ ဟုတ်ပါပြီ။

-နင်တော်တော်ပြောင်းသွားတာပဲ။ ပိုပြီးလှလာတယ်။

-ဖြစ်နေရမယ်လေ။ ကဲ..လာ..သွားရအောင်။ ဒါနဲ့ ပြောစရာရှိတယ်။ နင်ငါနေတဲ့အဆောင်မှာနေလို့မရလောက်တော့ဘူး။ သူတို့က နည်းနည်းစည်းကမ်းကြပ်တယ်။ ဒါပေမယ့် မပူနဲ့။ ငါနေတဲ့အဆောင်နားမှာ ဈေးသက်သာတဲ့ မိုတယ်တစ်ခုရှိတယ်။ နင့်ကို အဲ့ဒီမှာ book ထားတယ်။ အဆင်မပြေရင်တော့ပြော၊ တခြားနေရာပြန်ပြောင်းပေးမယ်။ sorry ပါ သူငယ်ချင်းရာ။

-ဟွန်း..နင်ကလည်း။ အေး..ရပါတယ်။ထားပါတော့။ နင်နဲ့နီးတယ်ဆို အဆင်ပြေတာပဲ။ ငါ့ကို sim card လေးလဲထည့်ပေးဦး၊ ရော့။

နှစ်ယောက်သားလေဆိပ်ကနေ တက္ကစီငှားပြီး ထူးရီဝေ အဆောင်နားက မိုတယ်ဆီကို ငှားလာခဲ့ကြတယ်။ မိုတယ်ဆိုပေမယ့် သားတော့ သားနားပါတယ်။ ကိုယ်မြင်တာနဲ့ သဘောတော့ကျသွားတယ်။ ဟိုတယ်ကြီးတွေလို အထပ်မြင့်တော့မဟုတ်ဘူး။ မိုတယ်စောင့်တွေက ကိုယ့်အထုတ်တွေကို ဝိုင်းဆွဲပြီး reception ထိပို့ပေးတယ်။ ကိုယ်နေရမယ့်အခန်းက တတိယထပ် အခန်းနံပါတ် (၈)…

ကိုယ့်အခန်းထဲရောက်တော့ စိတ်ကျေနပ်မှုလေးတော့ရသွားတယ်။ အခန်းက ပေးရတဲ့ပိုက်ဆံထက် တစ်ဆင့်ပိုပြီးတန်တယ်လို့ပြောရမယ်။ လေဝင်လေထွက်ေကာင်းသလို ကျယ်လည်းကျယ်တယ်။ ထူးရီဝေက ကိုယ်ကိုလှမ်းပုတ်ပြီး…

-ငါပြောသား။ နင်ငါ့အဆောင်မှာ လာနေရင်တောင် ဒီလိုနေရမှာမဟုတ်ဘူး။ ကဲ..ငါအဆောင်ခဏပြန်ပြီးအဝတ်လဲလာခဲ့မယ်။ နင်ရေမိုးချိုးရင်ချိုးပြီး အဝတ်လဲခဲ့။ ဟိုတယ်ဆိုတော့ လျှို့ဝှက်ကင်မရာတွေရှိရင်ရှိမယ်။ သတိထားပြီး ရေချိုးဦး။ဟားဟားဟား

ကိုယ်ကြောက်တတ်တာသိတော့ မယ်မင်းကြီးမက ကိုယ့်ကိုနောက်သွားတယ်။ ကိုယ်ကလည်း သူ့ကိုမျက်စောင်းတစ်ချက်ပင့်ထိုးပြီး ကြည့်လိုက်တယ်။ သူထွက်သွားတော့ အခန်းတံခါးကို လော့ချပြီး ရေချိုး၊ အဝတ်အစားလဲလိုက်တယ်။ တစ်နာရီလောက်ကြာတာတောင် ထူးဝေရီတစ်ယောက်ပေါ်မလာတော့ အခန်းတံခါးကို ဖွင့်ပြီး မျှော်ကြည့်လိုက်တယ်။ မျှော်ကြည့်ရင်း ကိုယ့်မျက်လုံးနဲ့ အကြည့်စုံသွားတဲ့ တခြားမျက်လုံးတစ်စုံ။

ရင်တောင်ခုန်သွားမိတယ်။ အသားဖြူဖြူ၊ အရပ်ရှည်ရှည်၊ မျက်မှန်လေးနဲ့ ကောင်လေးတစ်ယောက်။ ကိုယ့်အသက်နဲ့တော့ မတိမ်းမယိမ်းလောက်ပါပဲ။ မတော်တဆ အကြည့်ချင်းဆုံတယ်ဆိုပေမယ့် သူ့မျက်လုံးက ကိုယ့်ပေါ်ကမခွာ။ ပြုံးပါပြုံးပြသေးတယ်။ ပါးချိုင့်လေးနဲ့မို့ ချစ်ဖို့ကောင်းပေမယ့် သူစိမ်းဖြစ်နေတော့ ကိုယ်ကရှက်သွားတယ်။ ချက်ချင်းကြီး အခန်းတံခါးကို ဝုန်းခနဲပိတ်ပြီး အသက်ဝဝရှူလိုက်တယ်။ဆယ်မိနစ်ကြာမှ ထူးဝေရီ ပြန်ရောက်လာတယ်။

-ဟဲ့။ ပြီးပြီလား။

-ကမ၊ ပေါ်ကိုမလာတော့ဘူး။ ဒီမှလူက လန့်နေရတာ။

-အမ်။ ဘာလို့လဲ။ ဘေးအခန်းက ကောင်လေး ငါ့ကိုစိုက်ကြည့်နေလို့။

-အဟဲဟဲ။ ပြန်ကြည့်လိုက်တာမဟုတ်ဘူး။ FA ဘဝက လွတ်ရင်လွတ်သွားမှာပေါ့ ကမရယ်။

-တိတ်စမ်း၊ နောက်မနေနဲ့။ သွားကြရအောင်။

-အေး၊ ပစ္စည်းတွေ သေချာသိမ်းခဲ့ဦးနော်။ သွားမယ်၊ လာ။

ကျွန်မတို့ ဘန်ကောက်တစ်ခွင် ပြဲပြဲစင်အောင် ဟိုလျှောက်သွား၊ ဒီလျှောက်သွားနဲ့။ သူကလည်း ဓာတ်ပုံအရိုက်တော်၊ ကိုယ်ကလည်း ပို့စ်အပေးတော်တာနဲ့ ညားကြရော။ ကိုယ့်သူငယ်ချင်းက ချစ်ဖို့တော့ကောင်းပါတယ်။ ကိုယ့်ကိုဂရုလည်းစိုက်ပေးသေးတယ်။ ဒီလိုနဲ့ နှစ်ယောက်သား ည၉ခွဲမှာ မိုတယ်ဘက်ထွက်လာကြရော။ သူကိုယ့်ကို မိုတယ်ထိပို့ပေးပြီးမှ သူ့အဆောင်သူပြန်သွားတယ်။

၃ထပ်ကိုတက်ဖို့ ဓာတ်လှေကားထဲအဝင်မှာ အံ့သြသွားတယ်။ သူ…သူရပ်နေတာ။ မနက်က ကိုယ်တွေ့ခဲ့တဲ့သူ။ ကိုယ့်အခန်းဘေးက သူ။ ကိုယ့်ကိုမြင်တော့ စိုက်ကြည့်ပြီးပြုံးပြတယ်။ ကိုယ်ကတော့ မသိချင်ယောင်ဆောင်ပြီး ဓာတ်လှေကားထောင့်နားလေးမှာ ရပ်နေလိုက်တယ်။ ၃ထပ်ကိုရောက်လို့ တံခါးလည်းပွင့်ရော ကိုယ်အရင်ထွက်ပြီး ခပ်သုတ်သုတ်လျှောက်လာလိုက်တယ်။ နောက်က သူလိုက်လာသံကိုလည်းကြားရတယ်။ အခန်းထဲရောက်တော့ တံခါးပိတ်ပြီး အသက်ပြန်ရှူလိုက်တယ်။

သူ့ပါသူဘယ်လောက်ပဲ ခန့်ချောနေပါစေ။ ကိုယ်ကမိန်းကလေးလေ။ လူကောင်းမှန်းမသိ၊ မကောင်းမှန်းမသိပဲနဲ့လည်း စကားမပြောချင်ဘူး။ သူစိုက်ကြည့်ပုံက ဆွဲဆောင်နေသလိုပဲ။ ဒါကြောင့်မို့လည်း ကြောက်ပြီးလစ်လာတယ်။ ဆွဲဆောင်မှုကောင်းတဲ့အကြည့်တွေက အန္တရာယ်ပဲမဟုတ်လား။

ခြေလက်ဆေးပြီး အိပ်ယာထဲပက်လက်လှဲလိုက်တာ မှေးခနဲပဲ။ ရုတ်တရက် လန့်နိုးသွားတယ်။ ဘာရယ်ကြောင့်မဟုတ်။ အသံတစ်ခုကြားလိုက်ရလို့။ ရန်ဖြစ်သံလိုလို၊ တံခါးထုသံလိုလိုနဲ့။ အခန်းအပြင်ဘက်ကကြားရတာ။ ကိုယ်လည်း ကြောက်ကြောက်နဲ့ အခန်းတံခါးဝထိလျှောက်ပြီး မှန်ဘီလူးကနေ အပြင်ကိုကြည့်လိုက်တယ်။ ဘယ်သူမှမရှိဘူး။ ဒါပေမယ့်အသံက ကြားရတုန်း။

အခုမှသတိထားမိတယ်။ ဒါဘေးခန်းကအသံ။ ကိုယ်လည်း လက်တုန်တုန်နဲ့ပဲ တံခါးဖွင့်ကြည့်လိုက်တယ်။ အပြင်ထွက်ပြီး ဘေးအခန်းတံခါးဝကနေ နားထောင်ကြည့်တော့ ဆူဆူညံညံကနေ ရုတ်တရက်တိတ်သွားတယ်။ ကိုယ်လည်း ဘာမှမဟုတ်လောက်ဘူးဆိုပြီး ကိုယ်အခန်းထဲပြန်ဖို့အလှမ်း ရုတ်တရက် တံခါးပွင့်သွားပြီး သူမျက်နှာပေါ်လာတယ်။

သူဒေါသထွက်နေပုံရတယ်။ မျက်နှာကြီးနီရဲပြီး ကိုယ့်ကိုစိုက်ကြည့်နေတယ်။ ကိုယ်လည်း မသိမသာ အခန်းထဲဝင်ဖို့ပြန်အလှမ်းမှာ ကိုယ့်လက်ကို သူလှမ်းဆွဲပြီး သူ့အခန်းထဲကို ဆွဲသွားတယ်။ စက္ကန့်ပိုင်းအတွင်းမှာဖြစ်တာမို့ ကိုယ်ဘာလုပ်ရမှန်းမသိပဲ ပြူးကြောင်နေမိတယ်။ သူ့အခန်းထဲရောက်တော့ တံခါးဆွဲပိတ်ပြီး ကိုယ့်ကိုနံရံဘက်ဆီတွန်းထားတယ်။ သူ့လက်တစ်ဖက်က ကိုယ့်လက်မောင်းကိုဆွဲထားပြီး တခြားလက်တစ်ဖက်က ကိုယ့်မျက်နှာနားမှာ ဝဲနေတယ်။

သူ့အကြည့်တွေပြောင်းသွားပြီး။ ကိုယ့်ကို ရုပ်မာတော့မယ့်အပြုံးနဲ့ကြည့်နေတယ်။ ကိုယ့်မှာလန့်တာကတစ်ဖက်၊ အကူအညီမဲ့သလိုခံစားရတာက တစ်ဖက်ကြောင့် မျက်ရည်တွေဝဲနေမိတယ်။ ရုတ်တရက်ကြီး သူကိုယ့်မျက်နှာနားကပ်လာပြီး သူ့လက်တစ်ဖက်က ကိုယ့်ခါးပေါ်ရောက်သွားတယ်။ မရတော့ဘူး။ ဒီအတိုင်းဆို ကိုယ်ဒုက္ခရောက်တော့မယ်။

-Helppppppp…

အသံကုန်ဟစ်အော်လိုက်တာ အခန်းတစ်ခုလုံးညံသွားပေမယ့် ဘယ်သူမှရောက်မလာဘူး။ သူကကိုယ့်ကိုပြုံးကြည့်ပြီး အနားထပ်ကပ်လာတယ်။ အသက်တောင်ရှူမဝတော့ဘူး။ နောက်ဆုံးတော့ ကိုယ့်အားကိုယ်သုံးပြီး အစွမ်းကုန်ရုန်းတယ်။ မရဘူး။ စိတ်ကိုဖြေလိုက်တယ်။ သူ့ကိုပြန်စိုက်ကြည့်လိုက်တယ်။ ရုတ်တရက် ကိုယ့်အတွင်းအားတွေအကုန်သုံးပြီး သူ့ကိုတွန်းချလိုက်တယ်။

ကံကောင်းထောက်မစွာနဲ့ပဲ သူကြမ်းပြင်ပေါ်လဲကျသွားတယ်။ ကိုယ်လည်းအခွင့်ကောင်းပေါ်တုန်း တံခါးကိုဆွဲဖွင့်ပြီး Hotel reception ဘက်ကိုဆင်းပြေသွားတယ်။ Reception ကတာဝန်ကျတဲ့ဝန်ထမ်းကိုအကျိုးအကြောင်းပြောပြတော့ သူကမန်နေဂျာကိုခေါ်ပေးတယ်။ မန်နေဂျာက ကိုယ့်အခန်းနံပါတ်နဲ့ ဟိုသူစိမ်းရဲ့အခန်းနံပါတ်မေးတော့ သူကိုယ့်ကိုကြောင်ကြည့်ပြီး…

(ဘာသာပြန်ထားသည်)

-အခန်းနံပါတ် ၉မှာ ဘယ်သူမှမရှိပါဘူးခင်ဗျ။

-ဟင်။ မဟုတ်ဘူးလေ။ သေချာပြန်စစ်ကြည့်ပါဦး။

-ဟုတ်ပါတယ် ခင်ဗျ။ အဲ့ဒီ့အခန်းမှာ ပြီခဲ့တဲ့နှစ်က အမှုတစ်ခုဖြစ်ခဲ့လို့ ပိတ်ထားတာပါ။ ခရီးသွားတွေကိုလည်း ပေးမတည်းပါဘူးခင်ဗျ။

-ရှင်။ ဘာအမှုလဲ။

-အသက်ခပ်ငယ်ငယ် ကောင်လေးတစ်ယောက်က ဘေးအခန်းက ကောင်မလေးတစ်ယောက်ကို မုဒိမ်းကျင့်ဖို့ကြံတာ၊ ကောင်မလေးက လွတ်ရာကျွတ်ရာ လှမ်းတွန်းလိုက်တော့ ကုတင်စောင်းနဲ့ခေါင်းဆောင့်မိပြီး အထိမတော်ပဲ ဆုံးသွားတာ။ အမှုကိစ္စကြောင့် အခန်း နံပါတ်(၉)မှာ ဧည့်သည်တွေကို ပေးမတည်းတော့ပါဘူးခင်ဗျ။

ကြားကြားချင်ပဲ အမောဆို့မိတယ်။ နဂိုကမှကြောက်တတ်တဲ့သူတစ်ယောက်ဒီနေ့အဖြစ်အပျက်နဲ့ နှလုံးရပ်ပြီးသေမသွားတာ ကံကောင်း။ ကိုယ်လည်း မအိပ်ရဲတော့ဘူး။ ဒါနဲ့ပဲ မန်နေဂျာကို အတင်းပြောပြီး ဒုတိယထပ်က အခန်းတစ်ခန်းကို ပြောင်းလိုက်တယ်။ အဲ့ဒီ့နောက်ပိုင်းဘာမှဆက်မဖြစ်တော့ပေမယ့် ဘန်ကောက်မှာတော့ အမှတ်တရကြီးတစ်ခုရသွားခဲ့တယ်။

Christina (For Her Myanmar)

Christina Rosy
Christina Rosy

Editor

နာမည်ကတော့ ခရစ္စတီးနားပါ။ အလွတ်တမ်း လက်ထောက်အယ်ဒီတာပေမယ့်လည်း အသက်ကတော့ မနုမရင့် ၂၂ပေါ့။ For Her Myanmarမှာ မိတ်ကပ်ကလွဲပြီး စုံစီနဖာ အကြောင်းစုံရေးနေတဲ့ အစားတစ်လိုင်းအက်ဒမင်ပါ။ ဒီ့အပြင် အချစ်ဇာတ်လမ်းတိုတွေ၊ စိတ်ထဲ မကျေနပ်တဲ့အကြောင်းတွေလည်း ဆောင်းပါးအဖြစ်ထုတ်လုပ်တတ်တယ်။

error: Content is protected !!