သင်္ကြန်အတွက် ရေစိုခံမိတ်ကပ်ပစ္စည်း (၄) မျိုး

ရေစိုစိုမှာ ပရမ်းပတာတွေမဖြစ်ကြစေဖို့။

နောက် (၂) ရက်ဆို သင်္ကြန်ရောက်ပြီ။ ရေးးး……… သင်္ကြန်မှာ မဏ္ဍပ်ထိုင်မယ်၊ ရေပက်ခံထွက်မယ် စသည်ဖြင့် ပြင်ဆင်ထားတဲ့ ပျိုမေတွေ အရင်ဆုံးခေါင်းခဲရတာ ရေစိုတဲ့အခါ ငါတို့မိတ်ကပ်တွေ အရည်ပျော်ကုန်မလားဆိုတာပါပဲ။ ရေစိုခံမိတ်ကပ်တွေဆိုတာလည်း ဘုန်းပေါလအောကြော်ငြာကြပေမဲ့ တကယ်တမ်းရေလည်းစိုရော မည်းမည်းသည်းသည်းတွေနဲ့ အောလီအောလတ်ဖြစ်ကုန်တယ်လေ။ ဒါကြောင့် နှင်းကိုယ်တိုင်သုံးပြီး အဆင်ပြေတဲ့ပစ္စည်းတွေအကြောင်း ယောင်းတို့ကို ဝေမျှပေးလိုက်ပါတယ်နော်… 

(၁) မိတ်ကပ်

sunscreen မဖြစ်မနေ လိမ်းပါ။

ပထမဆုံးနဲ့ အရေးကြီးဆုံးက Sunscreen (နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်) ကိုလိမ်းဖို့ လုံးဝမမေ့ပါနဲ့။ နောက်ပြီး အဲ့ဒီ ခရင်မ်က (၂) နာရီလောက်ပဲ ခံတာမို့ အိတ်ထဲမှာ အဲ့ဒီဘူးကိုဆောင်သွားဖို့လည်း မမေ့နဲ့နော်။ အဲ့ဒီအပေါ်မှာမှ မိတ်ကပ်ကိုတော့ ပါးနိုင်သမျှပါးပြီး အရမ်းမသိပ်တာမျိုးရွေးပေးနော်။ ဒါမှ ရေစိုလို့ မိတ်ကပ်ကွက်တဲ့အခါ အသားရောင်က တစ်ရောင်စီ မဖြစ်မှာလေ။ နှင်းကတော့ Maybelline ရဲ့ Fit Me foundation သုံးပါတယ်။ နေ့စဉ်သုံးရော၊ ရေကူးကန်သွားရင်ရော နေရာတကာမှာသုံးနေတာဆိုတော့ ခုသင်္ကြန်အတွက်လည်း ဒါပဲသုံးဖြစ်မှာပါ။ တစ်ခုရှိတာက အသားအရည်ခြောက်တဲ့ယောင်းတို့ကတော့ မိတ်ကပ်သားခြောက်တာမို့ န့စဉ်သုံးအနေနဲ့ အဆင်မပြေလောက်ဘူး။

(၂) မျက်ခုံး

ခွာချလိုက်ရုံပဲ

မျက်ခုံးမရှိတဲ့ နှင်းလိုယောင်းယောင်းတွေအတွက် သင်္ကြန်လည်ဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ စစထွက်ချင်းအချိန်မှာတော့ လှလှပပမျက်ခုံးဖြစ်နေပေမဲ့ မဏ္ဍပ်တစ်ခုလောက်လည်း ဝင်ပြီးရော မျက်ခုံးက ပျောက်ခြင်းမလှပျောက်သွားတော့တာပါပဲ။ (အရင်တုန်းကဆို ဟဲ့ နင့်မျက်ခုံးဘယ်ရောက်သွားလဲဆိုပြီး အာပြဲလျှာပြဲနဲ့လိုက်မေးခံရတာ။ ပရမ်းပတာတွေ။ -_- ) ခုတော့ မပူပါနဲ့တော့။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ပစ္စည်းလေး ရှာတွေ့ခဲ့ပါပြီ။ Eyebrow Tattoo Tint (မျက်ခုံးတက်တူးတင့်) တဲ့။ ပထမဆုံး ကိုယ်လိုချင်တဲ့ မျက်ခုံးပုံစံကို ဘောင်ခတ်ပါ။ နောက်ပြီး အဲ့ထဲက အရည်တွေကို ဘောင်ခတ်ထားတဲ့ မျက်ခုံးထဲထည့်ဖြည့်ပါ။ အဲ့အရည်က တဖြည်းဖြည်းခြောက်သွားပြီး ၁ နာရီလောက်ကြာရင်တော့ ခွာချလို့ရပါပြီ။ အဲ့မျက်ခုံးက (၃) ရက်လောက်ခံတယ်ဆိုတာ ယုံ။ ဘယ်တံဆိပ်ကိုမဆို သုံးလို့ရပါတယ်။ နှင်းတော့ လောလောဆယ် Etude House ကဟာလေးသုံးနေတယ်။

Related Article >>> သင်္ကြန်သမိုင်းကြောင်း နှင့် နှစ်ဆန်းတစ်ရက်နေ့ ရိုးရာဓလေ့များ

(၃) နှုတ်ခမ်း

နှုတ်ခမ်းနီကိုတော့ Gloss (အဆီ) တွေရှောင်ပြီး Matte (နှုတ်ခမ်းနီအခြောက်) နဲ့ Tint (တင့်) ကိုသုံးပါ။ နှုတ်ခမ်းနီလည်း ဘယ်တံဆိပ်မဆို သုံးလို့ရပါတယ်။ နှင်းကတော့ လောလောဆယ် Nyx လေးအသုံးများနေတယ်။

(၄) လိုင်နာနဲ့ မျက်တောင်ကော့ဆေးအစား မျက်တောင်ဆက် (သို့) မျက်တောင်အတုတပ်ပါ။

ဘယ်လောက်ရေစိုခံတယ်ပြောပြော အချိန်တန်ရင် အနည်းနဲ့အများတော့ ပန်ဒါမျက်လုံးဖြစ်တာပါပဲ။ အဲ့တော့ အဲ့လိုမည်းမည်းသဲသဲတွေ အဖြစ်ခံမဲ့အစား ရေစိုခံကော်နဲ့ မျက်တောင်အတုတပ်ချလိုက်တာကမှ ပိုပြီးအဆင်ပြေသေးတယ်။ ဒါမှမဟုတ် လုံးဝအလုပ်မရှုပ်ချင်ရင်တော့ မျက်တောင်သာဆက်လိုက်ပါ။ (သတိတော့အများကြီး ပိုထားရတာပေါ့)

မိန်းကလေးတစ်ယောက်မှာ အခြေခံအားဖြင့် မျက်ခုံးလေးဆွဲ နှုတ်ခမ်းနီလေးဆိုးလိုက်ရင် အတော်ကြည့်ကောင်းနေပြီလေ။ သင်္ကြန်မှာတော့ ရေစိုတာမို့ စဆွဲတုန်းကလို အရမ်းကြီးထင်းမနေတော့ဘဲ ခပ်မှိန်မှိန်ဖြစ်သွားတော့ သဘာဝဆန်ဆန်လေးဖြစ်သွားမယ်လေ။ ရေစိုစိုနဲ့ပျိုမေအလှပေါ့။ ယောင်းတို့အားလုံး နှစ်သစ်မှာ ဘေးအန္တရာယ် ကင်းကင်းနဲ့ ပျော်နိုင်ကြပါစေ။

Hnin Ei Oo (For Her Myanmar)

Hnin Ei Oo
Hnin Ei Oo

နာမည်တော့နှင်းအိဦးပါ။ FHM motivation နဲ့ relationship ပိုင်းပိုရေးဖြစ်ရင်းစိတ်ကူးတည့်ရာလဲရေးတတ်တဲ့ freelancer လေးတစ်ယောက်သာ။

error: Content is protected !!