သင်္ကြန်ကာလမှာ ရသ တစ်မျိုးထူးဖို့ သရဲကားကြည့်ရင်း ဖြတ်သန်းစို့နော်။
မင်္ဂလာ သင်္ကြန်ချိန်ခါလေးပါ ယောင်းတို့ရေ။ ယောင်းတို့တွေ ဒီသင်္ကြန်တွင်း ပိတ်ရက်လေးမှာ မိသားစုတွေ ချစ်သူခင်သူတွေနဲ့ အတူတူပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနေကြမှာပေါ့နော်။ ရေကစားရင်း ပျော်ရွှင်နေတဲ့ယောင်းလေးတွေရှိသလို ဥပုသ်စောင့်ရင်း ကုသိုလ်ယူကြသူတွေလည်းရှိကြမှာပါ။ ရေလည်းမကစား ဥပုသ်လည်းမယူပဲ ဒီပိတ်ရက်လေးမှာ ကိုယ်ဝါသနာပါရာလေးတွေလုပ်ရင်း Yuki လိုအိမ်တွင်းပုန်းမယ့် ယောင်းလေးတွေရောရှိကြလား။ အခု Yuki ကဘဝတူအိမ်တွင်းပုန်းနေတဲ့ ယောင်းတို့တွေ မပျင်းရအောင် ရုပ်ရှင်ကားကောင်းလေးတွေ ညွှန်းပေးမယ်နော်။ ရုပ်ရှင်ထဲမှာ အသည်းတယားယား ရင်တဖိုဖို ကြည့်ရမယ့် ရင်တုန်စရာ လျှို့ဝှက်ဆန်းကျယ် သရဲကား လေးတွေ ကိုညွှန်းပေးမှာနော်။
(၁)Hansel and Gretel
Hensel and Gretel
တောကြီးထဲမှာ မောင်နှမနှစ်ယောက်ထဲ မျက်စိလည်လျှောက်သွားရင်း မုန့်တွေနဲ့ လုပ်ထားတဲ့ အိမ်လေးကိုရောက်သွားတဲ့ ဟန်ဆယ်နဲ့ ဂရီတယ် ပုံပြင်လေးကို ယောင်းတို့ အားလုံးသိကြမှာပါနော်။ အိမ်ကမုန့်တွေကို မောင်နှမနှစ်ယောက် ဖဲ့စားရင်း စုန်းမကြီးနဲ့ ဆုံတော့ ဆော်ပလော်တီးပစ်ပြီး မောင်နှမ နှစ်ယောက်ပျော်ရွှင်စွာနေသွားကြလေသတည်းဆိုတဲ့ ပုံပြင်လေးပေါ့။ ခု Yuki ပြောမယ့် လျှို့ဝှက်ဆန်းကျယ် ကိုရီးယားကားလေးနဲ့ ဘယ်လိုများပတ်သက်နေပါလိမ့်နော်။ အွန်းဆူ ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ မိခင်ဖြစ်သူနေမကောင်းလို့ အမြန်လမ်းမကြီးကို ကားမောင်းဖြတ်ပြီး အမေ့အိမ်ကိုပြန်လာခဲ့ပါတယ်။ လမ်းမှာတော့ ကိုယ်ဝန်ရှိတဲ့ချစ်သူနဲ့ ဖုန်းဆက်ရာက စကားများပြီး ကားအက်ဆီးဒင့် ဖြစ်ခဲ့ပါတယ်။ သူသတိရလာတော့ မှောင်မည်းနေတဲ့ တောအုပ်ထဲရောက်နေတာ တွေ့ရပါတယ်။ အဲ့ဒီ့အချိန်မှာ ယောင်းဟီ လို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ဟာ သူ့ကိုကယ်ပြီး တောထဲက အိမ်လှလှလေးတစ်လုံးဆီ ခေါ်သွားပါတယ်။ အိမ်ကလေးနာမည်က`ပျော်ရွှင်နေတဲ့ ကလေးများရဲ့အိမ်´တဲ့။ တကယ်လည်း အဖေရယ် အမေရယ် ယောင်းဟီတို့ မောင်နှမ သုံးယောက်ရယ် ပျော်ပျော်ရွှင်ရွှင်နေနေကြတာကို တွေ့ရပါတယ်။ အဖေအမေလုပ်တဲ့ လူတွေက နည်းနည်းထူးဆန်းနေတာက လွဲလို့ပေါ့။ ဒီလိုနဲ့ပဲ အွန်းဆူတစ်ယောက် အဲ့အိမ်မှာတည်းပြီး နောက်နေ့မိုးအလင်း အဲ့ဒီအိမ်ကပြန်ထွက်ဖို့ ကြိုးစားချိန်မှာတော့ ထွက်ပေါက်မရှိတဲ့ တောအုပ်ထဲကို သူရောက်နေမှန်းသိလိုက်ရပါတယ်။ တစ်နေကုန်တောအုပ်ထဲမှာ ခြေတိုအောင်သွားလည်း ကလေးတွေရဲ့ အိမ်ကိုပဲ အမြဲပြန်ရောက်လာတဲ့အခါ အွန်းဆူတစ်ယောက် ဒီနေမကောင်းတဲ့ အမေနဲ့ သူ့ရင်သွေးလေးလွယ်ထားရတဲ့ ချစ်သူဆီ ဘယ်လိုအရောက်ပြန်မလဲ။ တဖြည်းဖြည်း ထူးဆန်းလာတဲ့ ဒီမိသားစုကရော လူစစ်စစ်တွေဟုတ်ရဲ့လား။ သူ့ကိုခင်တွယ်နေတဲ့ ထူးဆန်းတဲ့ မောင်နှမသုံးယောက်နဲ့ ဒီအိမ် ဒီတောကြီးကနေ အွန်းဆူတစ်ယောက် ဘယ်လိုလွတ်မြောက်နိုင်ပါ့မလားဆိုတာကို အသည်းတယားယား ရင်တဖိုဖိုကြည့်ရမှာပါ။
၂၀၀၇ ခုနှစ်က ရိုက်ကူးထားတဲ့ ဒီကိုရီးယား ကားလေးဟာ ပြူးပြဲခြောက်တဲ့ သရဲကားတွေနဲ့မတူပဲ ဇာတ်လမ်းအေးအေးလေးနဲ့ ကြည့်တဲ့သူရဲ့ စိတ်ဝင်စားအောင်ရိုက်ပြထားတာမို့ ယောင်းတို့ရဲ့စိတ်နှလုံးကိုဖမ်းစားနိုင်မှာပါ။ ပြီးတော့ ဇာတ်ကားတစ်ခုလုံးဟာ နှင်းတွေဖုံးနေတဲ့ ဒီဇင်ဘာလကို နောက်ခံထားတာမို့ ပူလောင်အိုက်စပ်နေတဲ့ ဒီနွေရာသီကြီးမှာ ကြည့်မိရင် ပိုထူးခြားတဲ့ ရသကိုခံစားရမှာပါလို့
(၂) Pay the Ghost
Pay the Ghost
Mike Lawford ဆိုတဲ့ ပါမောက္ခကြီးဟာ ချောမောတဲ့ ဇနီးရယ် ချစ်စရာသားကလေးရယ်နဲ့ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပါ။ အောက်တိုဘာလ ၃၁ ရက်နေ့ အနောက်တိုင်းအယူအဆအရ သေသူရဲ့ဝိညာဉ်တွေ ရှင်သန်ထမြောက်တဲ့ Halloween နေ့မှာ သားလေးကို Halloween ဝတ်စုံလေးဆင်ပေးလို့ သားအဖ နှစ်ယောက် Halloween ပွဲမှာလျှောက်လည်ကြပါတယ်။ သားအဖနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်လည်နေရင်း ရုတ်တရက် သားလေးဆီက `ဖေဖေ ဝိညာဉ်ကို ပြန်ပေးဆပ်လို့ရလား´ လို့မေးသံကိုကြားလိုက်ရပါတယ်။ ခဏအကြာမှာတော့ သူနဲ့ တစ်ချိန်လုံးရှိနေတဲ့ သားလေးဟာ ပျောက်ချင်းမလှပျောက်သွားပါတော့တယ်။ အပူတပြင်း လိုက်ရှာခဲ့ပေမယ့် ကလေးကို လုံးဝပြန်မတွေ့ရတော့ပါဘူး။ ဒီကိစ္စကြောင့်နဲ့ပဲ ဇနီးနဲ့လည်း ကွဲသွားပြီး စိတ်ဆင်းရဲကြီးစွာနေခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်နှစ်အကြာမှာတော့ Mike ဟာ သားလေးရဲ့ အရိပ်အယောင်တွေကို ဟိုနေရာမှာလိုလိုဒီနေရာမှာလိုလို တွေ့လာရပါတယ်။ ပထမတော့ ဇနီးဖြစ်သူကမယုံပေမယ့် Halloween နီးလာလေလေ သားကလေးရဲ့ ကစားစရာပစ္စည်းတွေကလည်း ရွေ့လိုရွေ့နဲ့ နောက်ဆုံး ကလေးကိုယ်တိုင်အမေကို ဝင်ပူးပြီး `သူလာပြီ ဖေဖေ သားကြောက်တယ်´ လို့ပြောတဲ့ နောက် လင်မယားနှစ်ယောက်လုံး သူတို့သားလေးကိုပြန်ကြိုးစားရင်း New York မြို့ရဲ့ ခြောက်ခြားစရာ Halloween ညအကြောင်းသိလာရပါတယ်။
အဲ့ဒီ့ပုံပြင်က ဘာဖြစ်မလဲ။ ကလေးလေးကရော အသက်ရှင်နေသေးလား။ ကလေးမပျောက်ခင်ပြောခဲ့တဲ့ ဝိညာဉ်ကို ပေးဆပ်ခြင်း ဆိုတာကရောဘာလဲ။ အမေကို ပူးပြီးပြောတဲ့ စကားထဲက သူ ဆိုတာကရော ဘယ်သူလဲ။ သေလား ရှင်လား မသေချာတဲ့ သားလေးကို ပြန်ရဖို့ Mike တစ်ယေက် ဘယ်လိုသက်စွန့်ဆံဖျား ကြိုးစားမလဲ ဆိုတာတွေကို ရင်တထိတ်ထိတ်ကြည့်ရမယ့် ကားလေးပါ။ နာမည်ကျော် ဝါရင့်သရုပ်ဆောင် Nicolas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ ကားဖြစ်လို့ သရုပ်ဆောင်ချက်တွေကလည်း ပေါ့သေးသေးမဟုတ်ဘူးနော်။ ဇာတ်လမ်းအစ အဆုံး ဆွဲဆောင်နိုင်အားကောင်းတဲ့ ကားလေးမို့ သရဲကားတွေကြည့်ချင်တယ်ဆို ဒီကားလေးကို စာရင်းထဲ ထည့်ထားသင့်တယ်နော်။
(၃)Sleepy Hollow
Sleepy Hollow
၁၇၉၉ ခုနှစ်မှာ ခေါင်းပြတ်လူသတ်မှုတွေကို ဖော်ထုတ်ဖို့ သရဲကြောက်တတ်တဲ့စုံထောက်လေး Crane ဟာ Sleepy Hollow ဆိုတဲ့ မြို့လေးကိုရောက်လာပါတယ်။ လူသတ်တရားခံဟာ ဒေသခံတွေပြောတဲ့
ခေါင်းပြတ်သရဲကြီး ဖြစ်တယ်ဆိုတာကို မယုံပေမယ့် သူကိုယ်တိုင်ကြုံတွေ့လာတဲ့အခါမှာတော့ ဒီလူသတ်မှုတွေနဲ့ ဒီသရဲအကြောင်းကို ကြောက်ကြောက်နဲ့ စုံစမ်းဖော်ထုတ်ရတော့တာပေါ့။ ဒီလိုနဲ့ သူတည်းနေတဲ့ အိမ်ရှင် သမီးလေး Katrina နဲ့ပါ ချစ်ကြိုးသွယ်မိခဲ့ပါတယ်။ Crane တစ်ယောက် ခေါင်းဖြတ်တတ်တဲ့ ခေါင်းပြတ်သရဲလက်က ချစ်သူနဲ့ တစ်မြို့လုံးရဲ့ အသက်တွေကိုကာကွယ်နိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာပါ။
ဒီကားလေးဟာ အပေါ်မှာ Yuki ပြောခဲ့တဲ့ နှစ်ကားထက် ပိုကြမ်းပြီး ပိုဆန်းတဲ့အပြင် ပိုလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ ၁၈၂၀ မှာထုတ်ဝေခဲ့တဲ့ `The Legend of Sleepy Hollow´ ဆိုတဲ့ ဝတ္ထုတိုလေးကို အခြေခံပြီး ၁၉၉၉ ခုနှစ်မှာရိုက်ကူးထားတာမို့ သရဲကားတွေထဲက ဂန္ဓဝင် သရဲကားလို့ပဲ ပြောရမလား။ သရုပ်ဆောင်တဲ့သူကလည်း ဂန္ဓဝင်သရုပ်ဆောင်ကြီး Johnny Depp (ဂျက်စပဲရိုး)ဆိုတော့ မကောင်းမှာတော့ မပူနဲ့နော်။
အဲ တစ်ခုရှိတာက ဒီ Sleepy Hollow ဆိုတဲ့မြို့လေးဟာ အပြင်မှာတကယ်ရှိနေပါတယ်တဲ့။ ဒဏ္ဌာရီဆန်ဆန် လှနေတဲ့ ဒီမြို့လေးမှာ ခေါင်းပြတ်သရဲ ဇာတ်လမ်းကြီးက တကယ်ရှိခဲ့တာလားဆိုတာတော့ ပဟေဠိ ဖြစ်နေတယ်ဆိုပေမယ့် ဒီမြို့ဟာ သရဲအခြောက်ဆုံးနေရာတွေထဲက တစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်တဲ့နော်။(The legend of Sleepy Hollow ဇာတ်လမ်းကြောင့်လည်း နာမည်ကြီးသွားဖြစ်နိုင်ပါတယ်။)
Yuki အခုပြောပြသွားတဲ့ ကားလေးတွေဟာ Insidius တို့ Conjuring တို့လို အရမ်းကြောက်စရာကားမျိုးတွေမဟုတ်ပဲ လျှို့ဝှက်သည်းဖို ဆန်ဆန် စွန့်စားခန်းဆန်ဇာတ် ကားလေးတွေပါ။ ဒါကြောင့် သတ္တိကောင်းတဲ့ ယောင်းလေးတွေလည်း တစ်ယောက်တည်းကြည့်လို့ရသလို အသည်းငယ်တတ်တဲ့ ယောင်းလေးတွေလည်း သူငယ်ချင်းတွေနဲ့ စုပြီး ကြည့်ရင်လည်း အရသာရှိမယ့် ကားလေးတွေပါ။ ကဲ သင်္ကြန်ကာလမှာ ရသ တစ်မျိုးထူးဖို့ သရဲကားကြည့်ရင်း ဖြတ်သန်းစို့နော်။
ပျော်စရာ မြန်မာနှစ်သစ်ပါ ယောင်းတို့ရေ
Miyuki(For Her Myanmar)
Source from Wikipeidia and Pinterest