မလူးသာမလွန့်သာ

မွေးကတည်းက ပုံစံခွက်ထဲအထည့်ခံရပြီး ဥာဏ်ကွန့်မြူးခွင့် ပျောက်နေတဲ့ ကလေးငယ်တွေ

ယောင်းတို့ရေ တို့တွေမှာ အရောင်တွေနဲ့ ပတ်သတ်တဲ့ အကျင့်တစ်ခုရှိပါတယ်။ အဲ့ဒါဘာလဲဆိုတော့ ကလေးမီးဖွားခါနီး ပစ္စည်းတွေစုပြီဆိုရင် ပန်းရောင်နဲ့အပြာတွေ စုတတ်ကြတာပါ။ မိန်းကလေးဆို ပန်းရောင်လေး၊ ယောက်ျားလေးဆို အပြာလေးတွေပေါ့။ မိဘတွေမှမဟုတ်ပါဘူး။ အသိမိတ်ဆွေတွေက ကလေးလေးအတွက် လက်ဆောင်ပေးဖို့ ဝယ်ရင်တောင် ခုနလို ပန်းရောင်နဲ့ အပြာဆိုပြီး ခွဲခြားဝယ်ကြတာများပါတယ်။

ဒီလိုအကျင့်ဟာ လူတိုင်းမဟုတ်ရင်တောင် လူတော်တော်များများမှာ ရှိတတ်ကြတယ်။ ဒီလိုမျိုး ကျားမခွဲခြားပြီး ပုံစံခွက်ထဲထည့်ထားတတ်တဲ့ လူ့အသိုင်းအဝိုင်းအကြောင်းကို JeongMee Yoon ဆိုတဲ့ ကိုရီးယားအမျိုးသမီးက သတိထားမိနေတာကြာပါပြီ။ ဒါကြောင့် ဒီဖြစ်စဉ်ကို အမိအရမှတ်တမ်းတင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကလေးတွေနဲ့ သူတို့ရဲ့ ကစားစရာနဲ့ အသုံးအဆောင် ပစ္စည်းလေးတွေကို ဓာတ်ပုံလိုက်ရိုက်ခဲ့ပါတယ်။

Related article >>> ကျားမရေးရာသတ်မှတ်ချက်တွေနဲ့ကမ္ဘာ

အောက်က ဓာတ်ပုံတွေထဲမှာ သူ့ရဲ့ The Pink & Blue Project ဆိုတဲ့ ဓာတ်ပုံစီးရီးထဲက ကျားမဖြစ်တည်မှုကို အရောင်တွေနဲ့ ခွဲခြားထားတတ်တဲ့ လူတွေရဲ့အကျင့်ကို ရင်သပ်ရှုမောဖွယ် မြင်ရမှာပါ။

၁) ဒါကတော့ ဓာတ်ပုံဆရာ JeongMee Yoon ကိုယ်တိုင်ရဲ့သမီးလေး Seowoo ရဲ့ ပန်းရောင်ပစ္စည်းတွေ ဖြစ်ပါတယ်။

နောက်၂နှစ်အကြာမှာလဲ ပန်းရောင်ပင်လယ်ထဲ နစ်မြုပ်နေဆဲ Seowoo ပါ။

၂) Seohyun လေးနဲ့ သူ့ရဲ့ပန်းရောင်ကမ္ဘာပါ။

၃) Jeeyoo လေးကို သူ့ရဲ့ပန်းရောင်ကမ္ဘာထဲမှာ တွေ့ရပုံပါ။

၎) အမြွှာညီအစ်မ Lauren နဲ့ Carolyn တို့ရဲ့ ပန်းရောင်ပစ္စည်းလေးတွေပါ။

၁) Jake ကလေးနဲ့ သူ့ရဲ့အပြာရောင်အခန်း

၂) Jimin နဲ့ အပြာရောင် ယောက်ျားလေးကစားစရာတွေ

၃) Kihun နဲ့ အပြာရောင် စက်ရုပ်များ

၎) Sunjae နဲ့ Seungjae ညီအစ်ကိုရဲ့ အပြာရောင်ကမ္ဘာ

ဒီလိုမျိုး ကောင်မလေးတွေနဲ့ ကောင်လေးတွေရဲ့ ပစ္စည်းလေးတွေကို မြင်လိုက်ရတော့ အရောင်ခွဲခြားမှုက တော်တော်လွန်လာပြီလို့ တွေးမိပါတယ်။ ဒါတင်မကသေးဘူး အက်ဒမင်သတိထားမိတာ နောက်တစ်ခုရှိသေးတယ် သိလား။ ဘာလဲဆိုတော့ မိန်းကလေးတွေရဲ့ အရုပ်ကလေးတွေဟာ ဘာဘီရုပ်ကလေးတွေ၊ အလှပြင်ပစ္စည်းလေးတွေ၊ အိုးခွက်ပန်းကန်လေးတွေ များပြီး၊ ယောက်ျားလေးတွေကျတော့ စက်ရုပ်တွေ၊ ဓားတွေ၊ သေနတ်တွေ၊ အိမ်ဆောက်ပစ္စည်းအတုံးလေးတွေ၊ ကားတွေ အဲ့လိုတွေချည်းပါပဲ။

ဒါဟာ gender stereotype လို့ခေါ်တဲ့ ကျားမခွဲခြားမှု ပုံစံခွက်ကြီးထဲကို ကလေးတွေကို ထည့်လိုက်တာပါပဲ။ ကစားစရာကြော်ငြာတွေကနေ လာတဲ့ ဒီကျားမခွဲခြားမှုဟာ မိဘတွေကိုရော ကလေးတွေကိုပါ လွှမ်းမိုးထားပါတယ်။ ဒီကနေပြီး ကလေးတွေဟာ ကိုယ့်စိတ်ကူးဆိုတာထက် လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ ပုံစံခွက်ကြီးထဲကို ဝင်သွားကြပါတယ်။

Related article >>> နိုင်ငံရပ်ခြားမှာ ခေတ်စားနေတဲ့ ကလေးပျိုးထောင်နည်း

မိန်းမဆန်မှု ယောက်ျားဆန်မှုဆိုတာဟာ တသမတ်တည်း သတ်မှတ်ထားလို့ မရပါဘူး။ ကားတွေကိုကြိုက်တဲ့၊ ဘောလုံးပွဲစွဲတဲ့ မိန်းကလေးတွေ ရှိသလို၊ အလှကြိုက်ပြီး၊ ဟင်းချက်ဝါသနာပါတဲ့ ယောက်ျားစစ်စစ် ယောက်ျားလေးတွေလဲ ရှိနေပါတယ်။ လူတစ်ယောက်ရဲ့ လိင်ဖြစ်တည်မှုနဲ့၊ လိင်တိမ်းညွှတ်မှုကို သူ့ရဲ့အမူအကျင့်ကိုကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။

အခုလို ကလေးတွေကို ဟိုးငယ်ငယ်လေးကတည်းက ပုံစံခွက်ထဲ သွပ်သွင်းလိုက်တာဟာ သူတို့ရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးမှုကို သတ်လိုက်တာနဲ့ တူတူပါပဲ။ မိန်းကလေးတစ်ယောက်ဟာ အပြာရောင်ကြိုက်နိုင်ပါတယ်။ ဒီလိုပဲ အဝါ၊ အမဲ၊ အစိမ်း သူကြိုက်ချင်တာကို ကြိုက်လို့ရပါတယ်။ ယောက်ျားလေးတွေရောပါပဲ။

ဒါကြောင့် ကလေးတွေအတွက် ပစ္စည်းဝယ်ပေးတော့မယ်ဆို ကျားမခွဲခြားမှု မလုပ်မိအောင် သတိထားရပါမယ်။ ကလေးတွေ ကိုယ်တိုင်ရွေးတတ်တဲ့ အရွယ်ရောက်ပြီဆို သူတို့ကို ရွေးချယ်ခွင့်ပေးရပါမယ်။ ဒီလိုပျိုးထောင်ပေးတော့မှ တို့ရဲ့အနာဂတ် ပန်းပွင့်လေးတွေဟာ သူတို့ကိုယ်ပိုင် အရောင်လေးတွေနဲ့ အစွမ်းကုန်လှပခွင့် ရကြမှာပါကွယ်။

Khine (For Her Myanmar)

Reference : Huffington Post | National Geographic | Brain Pickings

Khine
Khine

Writer

အသက်သာကြီးလာတယ် လူကြီးစိတ် ကောင်းကောင်းမပေါက်သေးတဲ့ အပျိုကြီးမမပါ။ အိုပါးတို့ခေတ်က ကြိုက်လာလိုက်တဲ့ ကေပေါ့ကို အခုသားသားတို့ ခေတ်ထိ ကိုယ့်အသက်ကိုယ်မေ့ပြီး ကြိုက်နေဆဲပါ။ Knowledge, English learning, career နဲ့ relationship အပိုင်းတွေ အရေးများပါတယ်။