အသည်းမာလာသော ကျွန်မ

ခုတော့ ကျွန်မရဲ့ ပျော်ရွှင်မှုကို ကျွန်ကိုယ်ထဲမှာပဲ ရှာတွေ့သွားပြီ

ကျွန်မကို တခြားလူတွေက မေးကြမယ်။ “နင်ဘာလို့ ရည်းစားမထားတော့တာလဲတဲ့။”
“နင်က သံမဏိနှလုံးသားပိုင်ရှင်လား” တဲ့လေ။ အဲ့လို မေးတဲ့အခါတိုင်း ကျွန်မ ပြုံးရုံလေးပဲ ပြုံးပြလိုက်မိတယ်။
ကျွန်မမှာ အရမ်းချစ်ခဲ့ရတဲ့ ချစ်သူတစ်ယောက်ရှိတယ်ဆိုတာ သူတို့မှ မသိကြပဲလေ။
ကျွန်မ မောင့်ကို အရမ်းချစ်ခဲ့တယ်။ အရမ်းချစ်ခဲ့သလို အရာအားလုံးထက် မောင့်ကို ဦးစားပေးခဲ့တယ်။
မောင်နဲ့ ချစ်သူဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ကျွန်မအတွက် ကိုယ်ပိုင်အချိန်ပေးဖို့ထက် မောင့်အတွက် အချိန်တွေ ပေးဆပ်ခဲ့တယ်။
သူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်ပြတ်တဲ့အထိ အရာအားလုံးထက် မောင့်ကို ဦးစားပေးခဲ့မိတာပေါ့။
မောင့်ကို သူငယ်ချင်းလိုတစ်ဖုံ ချစ်သူလို တစ်ဖုံ ခင်တွယ်ခဲ့မိတယ်။ ဒါပေမယ့် တွဲလာတာကြာလာတာနဲ့အမျှ မောင် ကျွန်မကို အချိန်တွေ သိပ်မပေးချင်တော့ဘူး။
ကျွန်မနဲ့ အပြင်သွားတဲ့အကြိမ်ထက် သူငယ်ချင်းတွေနဲ့ သွားတဲ့အကြိမ်က ပိုစိတ်လာခဲ့တယ်။
ကျွန်မ ချိန်းတိုင်း “မောင်မအားဘူး” ဆိုတဲ့ စကားနဲ့ပဲ နားလည်ပေးခဲ့ရတယ်။
တစ်နေ့ ကျွန်မ မကြားချင်ဆုံးစကားကို မောင့်ပါးစပ်ကနေ မျက်တောင်တစ်ချက်မခတ်ပဲ မောင်ပြောခဲ့တယ်နော်။
“လမ်းခွဲရအောင်” တဲ့။ ကျွန်မ ခေါင်းချာချာလည်သွားခဲ့တယ်။ နောက်ပိုင်း မောင် ပြောတဲ့စကားတွေက နားထဲမဝင်တော့ဘူး။
မောင့်စကားတွေကို နားထောင်နိုင်စွမ်းလည်းမရှိတော့ဘူး။ အဲ့ဒါနဲ့ မောင်နဲ့ အဝေးဆုံးကို ပြေးထွက်လာခဲ့မိတယ်။
ကျွန်မ ဘယ်လောက် ငိုမိမှန်း ကျွန်မကိုယ်ကျွန်မတောင် သတိမထားမိတော့ဘူး။
ငိုနေရင်း တစ်ချိန်က ကျွန်မ ပစ်ထားခဲ့တဲ့ အခင်ရဆုံးသူငယ်ချင်းမကို မျက်လုံးထဲမြင်လာမိတယ်။ ဖြစ်နိုင်ရင် သူ့ဆီပြေးသွားပြီးသာ ငိုလိုက်ချင်တော့တယ်။
ဒါပေမယ့် ကျွန်မ မလုပ်ရဲဘူး။ ဘာလို့လဲဆိုတော့ တစ်ချိန်က သူချိန်းတိုင်း မောင်နဲ့တွေ့ဖို့ရှိတာတွေကြောင့် သူ့ကို ခေါက်ထားမိခဲ့ဖူးတယ်လေ။
အဆက်အသွယ်မလုပ်ခဲ့တာလည်းကြာပေါ့။ ဒါပေမယ့် နောက်ဆုံး ချိတုံ ချတုံနဲ့ အားတင်းပြီး ဖုန်းဆက်လိုက်တယ်။
သူ့အသံက အရင်လို နွေးထွေးနေတုန်းပဲ။ ဖုန်းထဲက ကျွန်မအသံတုန်နေတာနဲ့ ချက်ချင်း ကျွန်မကို မေးတယ်။ “နင်ငိုနေတာလား”တဲ့။ အဲ့တာနဲ့ အကြောင်းစုံကို ရှင်းပြလိုက်တော့ သူ့ဘက်က အဖြေက မယုံနိုင်စရာပဲ။ “နင်အခုဘယ်မှာလဲ ငါချက်ချင်းလာခဲ့မယ်တဲ့”။ ကျွန်မ နားတောင် ကျွန်မ မယုံနိုင်ခဲ့ဘူးရယ်။ ကျွန်မဘက်က သူ့ကို ပစ်ပစ်ခါခါထားခဲ့ပေမယ့် သူ့ဘက်ကတော့ မပြောင်းလဲ၊ ကျွန်မ အပေါ်ခင်တွယ်နေတုန်းပဲလေ။ ကျွန်မ တော်တော်ဝမ်းနည်းသွားသလို နောင်တလည်းရခဲ့မိတယ်။
ဒီလိုနဲ့ အချိန်ကာလတစ်ခုအရောက်မှာ သူ့အကူအညီနဲ့ မောင့်ကို မေ့နိုင်ခဲ့တယ်။ ကျွန်မ ပျော်ရွှင်မှုကို ကျွန်မကိုယ်တိုင်ဆီမှာပဲ ရှာတတ်လာခဲ့တယ်။
အချိန်တွေ ကြာလာတာနဲ့အမျှ ကျွန်မကိုယ်ကျွန်မ အားကိုးတတ်လာခဲ့တယ်။ တချို့နေရာတွေကို သူငယ်ချင်းနဲ့တူတူသွားတယ်။ များသောအားဖြင့်တော့ ကျွန်မ တစ်ယောက်တည်း သွားသွားလာလာလုပ်လာတာ များလာတယ်။ ကြားထဲမှာ ကျွန်မကို ပရိုပို့စ်လုပ်တဲ့သူတွေလည်း ရှိရဲ့။ ဒါပေမယ့် ကျွန်မ ထပ်မချစ်ချင်တော့ဘူး။
ဘာလို့လဲဆိုတော့ ပျော်ရွှင်မှုဆိုတာကို ကျွန်မရဲ့ ခန္ဓာကိုယ်ထဲမှာ ရှာဖွေတွေ့ရှိသွားလို့လေ။
အချစ်အတွက်နဲ့ ထပ်ပြီး မရူးမိုက်ချင်တော့ဘူး။ မထိုက်တန်တဲ့သူတစ်ယောက်အတွက်လည်း ကျွန်မမျက်ရည်တွေ အဆုံးရှုံးမခံနိုင်တော့ဘူးလေ။ ဒါကြောင့် ကျွန်မ တစ်ယောက်တည်းနေသွားဖို့ ဆုံးဖြတ်ချက်ချလိုက်မိတယ်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.