အမေ့ကိုချစ်နိုင်အောင်ကြိုးစားပါ

-အားနေရင် ဖုန်းပဲကလိနေ..ကိုယ့်အမေကို နည်းနည်းလေးမှကူမယ်မရှိနဲ့။ အိမ်ကိုလဲ ကြည့်ဦး။ရှုပ်ပွနေတာပဲ။ ငါပဲအမြဲလုပ်နေရတော့လည်း မနိုင်တော့ဘူး။

-အာ..အမေကလည်း ဒီနေ့တစ်ရက်မလုပ်မိတာလေးကို ပွစိပွစိနဲ့ပြီးကိုမပြီးနိုင်ဘူး။

-ဩ..ကိုယ့်သမီးလေး သင်တန်းတက်ရ ကျောင်းတက်ရနဲ့မို့ မပြောပဲကြည့်နေတာ။ ဖုန်းပွတ်နေတဲ့အချိန်သာ အိမ်ထရှင်းလိုက်မယ်ဆိုရင် ငါလည်းသက်သာမယ်မဟုတ်လား။

-တော်ပြီ အမေ။ ပူညံပူညံမလုပ်နဲ့။ သမီးထရှင်းပေးမယ်။တော်ပြီလား။

ဖုန်းကိုဂွမ်းခနဲ ခုံပေါ်တင်လိုက်ပြီး ဆောင့်ငင်ဆောင့်ငင်နှင့် တံမြက်စည်းတရမ်းရမ်းလုပ်ကာ အိမ်ရှင်းလိုက်သည်။ စိတ်ကောက်သွားသောကြောင့် အမေနှင့် စကားတစ်ခွန်းမျှပင်မပြောပဲ အိပ်ယာစောစောဝင်ခဲ့သည်။
……………………..……………………..……………….
အဟွပ် အဟွပ်…
နာရီထကြည့်မိသည်။မနက် ၄နာရီခွဲသာရှိသေးသည်။ မိုးရေမိထားသဖြင့် အချွဲကြပ်ချောင်းဆိုးကာ တစ်ညလုံးအိပ်မရပဲရှိလေသည်။ ရေနွေးထသောက်မည်ဟု မီးဖိုချောင်သို့ ယက်ကန်ယက်ကန်နှင့်လျှောက်လာမိလျှင် ငရုတ်ကျည်ပွေ့တစ်ခုနှင့် အလုပ်ရှုပ်နေသောအမေ့ကိုတွေ့ရလေ၏။
-ဟင်..အမေ။ ဒီအချိန်ကြီး ဟင်း ထချက်တာလား။ အစောကြီးကို။
-မဟုတ်ပါဘူး။ ချင်းထောင်းနေတာ။ နင်ညက ချောင်းဆိုးနေတာကြားလို့။ရော့ အဲ့ပရုတ်ဆီလေး လည်ပင်နား လိမ်းထား။ အမေ ပျားရည်နဲ့ချင်းရောထားတဲ့ အရည်တိုက်မယ်။ အဲ့ဒါသောက်ပြီး ပြန်သွားအိပ်လိုက်။ သမီးလည်း အိပ်ပျော်သွားမယ်၊ အချွဲတွေလည်းပျော်ကုန်မယ်။

ကျွန်မ အမေ့ကိုပြုံး၍သာကြည့်မိ၏။ ကိုယ့်ကိုယ်ကိုရှက်မိသည့်အပြုံးမျိုး။
……………………..……………………..………………
အမေဆိုတာကိုယ့်သားသမီးဘယ်အရွယ်ရောက်ရောက် စိတ်ပူဂရုစိုက်တတ်သူပါ။ တစ်ခါတစ်လေ ပူညံပူညံ ပွစိပွစိ လုပ်တတ်ပေမယ့် ကိုယ့်သားသမီးကို စိတ်မဆိုးတတ်သူပါ။

ခေတ်ကာလအလျောက် ကျောင်း၊ ရုံးနှင့်အလုပ်ရှုပ်ရပြီး အားတဲ့အချိန်မှာ ဖုန်းတစ်လုံးနဲ့သာ ကျွန်မတို့တစ်တွေ အချိန်ကုန်ကြပါတယ်။ တစ်နေကုန် အလုပ်ပိလုပ်နေရတဲ့ ကိုယ့်အမေကို ကူဖို့မေ့နေကြပါတယ်။

လက်က ဖုန်းကို နာရီဝက်လောက်ချထားပါ။ အမေ့ရဲ့ အလုပ်အပုံကြီးထဲက တစ်စိတ်တစ်ပိုင်းလျော့သွားအောင်ကူညီပေးလိုက်ပါ။ အမေလည်းပြုံးနိုင်မယ်။ သင်လည်းစိတ်ချမ်းသာသွားပါလိမ့်မယ်။

အမေက သင့်ကိုချစ်ပြီးသားပါ။
သင်သာသင့်အမေကိုချစ်နိုင်အောင်ကြိုးစားပါ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.