ကျွန်တော်ရယ် သူမရယ် ဟိုကောင်ရယ်

ဒီနေ့ ကျွန်တော်စိတ်လှုပ်ရှားနေတယ်။
အနှစ်နှစ်ကာလက အသည်းနှလုံးထဲ အတင်းထိုးသွင်းထားတဲ့ ခံစားချက်တွေ သွန်ထုတ်ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်။
ကျွန်တော် ဒီနေ့ သူမကို ဖွင့်ပြောတော့မှာ။

လွန်ခဲ့တဲ့ နှစ်လလောက်က သူမနဲ့ကျွန်တော် စရင်းနှီးခဲ့တယ်။ သူက ကျွန်တော့်သူငယ်ချင်းရဲ့ ကျောင်းတုန်းက သူငယ်ချင်းပေါ့နော်။ ကျွန်တော်တို့ ရင်းနှီးခဲ့တာ တစ်လဆိုပေမယ့် အရမ်းရင်းနှီးသွားကြသလိုပါပဲ။ အရင်ကတော့ သူမကိုကျွန်တော် ခင်မင်မှုထက်မပိုခဲ့ပေမယ့် အခုတော့ ချစ်မိပြီပဲဆိုရမှာပေါ့။

သူမဘာပြောမယ် မသိပေမယ့် ကျွန်တော့စိတ်ထဲမှာတော့ မလွဲစေရဘူးလို့ ထစ်ထစ်ချယုံကြည်ထားတယ်။ စဉ်းစားကြည့်လေ ဒီလောက်ချောမော ခန့်ညား တည်ကြည်၊ဖြူစင်..အဟွပ်..အဟွပ်.. အဲလေ..ကျွန်တော့်လိုလူကောင်းမျိုးကို ဘယ်ပျိုမေက ငြင်းနိုင်ပါ့မလဲ။

ဟာ..ဒီကောင်မလေးနောက်ကျလိုက်တာ..
၃နာရီခွဲ ချိန်းထားတာ ၅နာရီရှိပြီ။ အရိပ်အယောင်တောင်မမြင်ရ။ ကျွန်တော်လည်း စောင့်ရတာ စိတ်မရှည်လွန်းလို့…..အဲ..ဟိုကောင်မလေး ချောလိုက်တာ..မျက်လုံးပြူးပြူး အသားညိုညိုလေးနဲ့ ချေ့စရာလေး…

“ဂါး”
“ဟဲ့သောက်ကျိုးနည်း”
မျက်စိအစာကျွေးနေသော ကိုယ့်နောက်တွင် ဘယ်သရဲ သဘက် ကပ်ပါလာလေပြီလဲလို့ လှည့်အကြည့်။
သူမ။
သွား ၃၂ချောင်းလုံးပေါ်၍ ပါးစပ်နားရွက်တက်ချိတ်လောက်အောင် ဖြီးပြနေသည်မှာ မဟော်သဓာ ဇာတ်တော်ထဲမှ ဘီလူးမသယောင်။
“ဖက်တီးမ”
“ငါ့အာ့လို မခေါ်နဲ့လို့ပြောထားတယ်လေ ကပ္ပလီကောင်ရ”
“ဖက်တီးမကို ဖက်တီးမ မခေါ်ပဲ ဆလီနာ ဂိုမဇ်လို့ခေါ်ရမှာလား”
“နင်နော်။ ဒါနဲ့ ငါ့ကိုဘာလို့ခေါ်တာလဲ။”
ဟုတ်သားပဲ။ ကျွန်တော့ယ်သူ့ကို ချစ်ခွင့်ပန်ရမယ့်အစား စကားနပန်းသတ်မိပြီ။
“ဟိုလေ..”

တီတီတူတူ (သူမဖုန်းမြည်သံ)
“ခဏနော် ကျော်သစ္စာ”
“အင်း..ရတယ်”
ကျွန်တော် စိတ်လှုပ်ရှားနေပြီ။ ဖက်တီးမ သာ ပြောရတာ။ သူက ချစ်ဖို့တော့ကောင်းသား။ မျက်လုံးဝိုင်းဝိုင်းလေးက ပေကလပ်ပေကလပ်။

“အေး..သီရိပြော။ ငါလား ဟိုလဒကျော်သစ္စာက ခေါ်ထားလို့။”
ပြောရင်း ကျွန်တော့်ဘက်လှည့်ပြီး လျှာထုတ်ပြတယ်။
“ရဲရဲလား။ အင်း သူကတော့ ဘာသိမှာတုန်း။ ငါတို့မှာသာအပူအပင်နဲ့။ သူကတော့ ဘာမှမသိသလိုပဲ။ ဒါပေမယ့် ငါ့ကိုတော့ချစ်ရှာသား။ ငါထမင်းမစားရင် သူလည်းမစားဘူး။……”

ကျွန်တော့် နှလုံးသားတော့ ဟက်တက်ကွဲပြီ။ ကိုယ် ချစ်ခွင့်ပန်မယ့်သူမှာ ဒီလောက်ရင်းနှီးပြီး ချစ်ရတဲ့သူရှိတာကို အခုမှသိလိုက်ရတာ အသည်းနာတယ်။ ကျွန်တော် သူမအကြောင်း ဘာလို့များ မစုံစမ်းမိလဲ။ အအေးခွက်ထဲမှ နှိုက်စားနေတဲ့ ရေခဲတုံးနှင့်အတူ ကျွန်တော့်ရဲ့ မျှော်လင့်ချက်တို့လည်း အရည်ပျော်ပြီ။

“ဒါပဲနော် သီရိ”
သူမဖုန်းပြောလို့ပြီးပြီ။ ကျွန်တော် ခေါင်းပင်မဖော်။ တကယ်က မငိုမိအောင်ကြိုးစားနေတာ။ နောက်တီးနောက်ရွှတ်နေပေမယ့်လည်း ကျွန်တော် သူမကို အပျော်ကြံတာတော့မဟုတ်။ တကယ်ချစ်မိတာ ကျွန်တော်သာလျှင် အသိဆုံးပါ။

“ဟျောင့်။ ပြောလေ။ ဘာကိစ္စလည်း။ သင်တန်းကိစ္စလား။”
“ဟင့်အင်း၊ ဒီတိုင်းပါ။ မြန်မြန်သောက် ပြန်ရအောင်။ ငါသွားစရာရှိသေးတယ်။”
“သောက်ကောင်၊ နင့်ကြောင့် ငါ့သူငယ်ချင်းနဲ့ ချိန်းထားတာ ဖျက်လိုက်ရပြီ။ ဂေါက်သီး။”

ကျွန်တော် မမေးဖို့ကြိုးစားပေမယ့်လည်း စိတ်ကခွင့်မပြု….
“ဒါနဲ့..ရဲရဲက”
“အေး၊ ရဲရဲ ပြောမှသတိရတယ်။ သူမနေ့က နေမကောင်းချင်ဘူး။ ဆေးခန်းပြရမယ်။ နင်ပြောမှသတိရတယ်။ကျေးဇူး။ ငါသွားလိုက်ဦးမယ်။ ခဏနေ… အအေးသောက်ပြီးမှ ပြန်မှာ။ နင်ဝယ်တိုက်တာ ဆိုတော့ အဲ့လောက်ရှားပါးတဲ့အခွင့်အရေးကို ဆုံးရှုံးမခံနိုင်ဘူး။” ဟုပြောပြီး မှာထားသည် စတော်ဘယ်ရီ မစ်ရှိတ်ကို ဖန်ခွက်ပါဝါးစားတော့မလို သဲကြီးမဲကြီးစားနေတယ်။

“ကဲ..ပိုက်ဆံမပါရင် နင့်လက်စွပ်ချွတ်ခဲ့။ ငိငိ။ ငါသွားပြီ။တာ့တာ။”

အတွေးတွေနဲ့ ကျွန်တော်မျောနေဆဲ။
………………..
ရက်ပေါင်းများစွာ ကြာပြီးနောက်

“ဟဲ့၊ ကျော်သစ္စာ”
“နဒီ”
ကျွန်တော် အလွမ်းသယ်ဖို့ ပန်းခြံထဲလမ်းလျှောက်လာရင်း သူမနှင့် တန်းတိုးမိပြီ။ ဩ..သူတောင် ရဲရဲ နဲ့ ပျော်နေလောက်ပါပြီ။
“မတွေ့တာကြာပြီ။ ဒါနဲ့ မျက်နှာကဘာလို့ ပါးသိုင်းမွေးတွေဖြစ်ကုန်တာလဲ။ ကုလားမင်းသားအားကျလို့လား။”
“ဟုတ်ပါဘူးဟာ၊ အသည်းကွဲနေလို့”
“အလဲ့၊ မှန်းစမ်း။ ဘယ်ကန်မလေးလဲ”
“သူမက အခုတခြားတစ်ယောက်နဲ့ ရင်းနှီးနေပြီ”
“ပြောပါဆို။ ငါကူညီရမလား။”
“ထားလိုက်ပါတော့၊ နင်ရော။ နင့် ရဲရဲနဲ့အဆင်ပြေလား။”
“ပြေတာပေါ့။ သီရိကိုပဲ ကျေးဇူးတင်ရမှာ။ သူ့ကြောင့်မို့လို့ ရဲရဲကို ပိုင်ဆိုင်ခွင့်ရတာ။”
“အင်း။ နင်တို့ ပြေရင်ပြီးတာပဲ”
“ဩော်..နင်နဲ့ပြောရင်း ပါလာတဲ့ ရဲရဲတောင်ဘယ်ပျောက်သွားမှန်းမသိဘူး။ ခဏစောင့်နေ။ငါသွားကြည့်လိုက်ဦးမယ်”

ကျွန်တော် မကြားချင်ပေမယ့်လည်း ကျွန်တော့်ရဲ့ အသည်းနှလုံးကို ဆုပ်ယူသွားသော ငနဲအားမြင်ချင်မိသည်။

သူမရောက်လာပြီ။
“စောင်ကောင် မောရတဲ့ကြားထဲ ဒင်းက အမြီးတနှံ့နှံ့နဲ့ ရွာလည်နေတယ်။”
ကျွန်တော်လူတော်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရည်းစားအကြောင်း တခြားသူတစ်ယောက်ဆီမှာ ခပ်ရိုင်းရိုင်းမပြောသင့်မှန်းတော့ နားလည်တယ်။

“တွေ့ပြီလား..အဲ့မှာ ရဲရဲ”
“ဘယ်မှာလဲ။”
ကျွန်တော် ၃၆၀ ဒီဂရီလှည့်ကြည့်ပါသော်လည်း အမှိုက်ကျုံးနေသော အဖိုးကြီးမှတပါး မည်သူကိုမျှမတွေ့ရ။
“အာ။ ဘယ်ခွေးက အရပ်ရှည်လို့တုန်း။ အောက်ငုံ့ကြည့်လေ လဒရဲ့။”

“လခွမ်း၊ ခွေးဟ”
ဒီလောက်အကြာကြီး သူမပြောလာတာ ဒင်းခွေးမှန်းမသိခဲ့မိဘူး။ ဒီကြားထဲ အသည်းကွဲပြီး ပါးသိုင်းမွေးကထားခဲ့သေး။ ကျွန်တော်ဘာလို့ မသိခဲ့မိရတာလဲ။

“တွေ့လား ချစ်ဖို့ကောင်းချက်။ခွေးသာ ဖြစ်တာ ငါထမင်းမစားရင် သူလည်းမစားဘူး။”
“ဒါနဲ့ နင်သူ့ကို ဘယ်ချိန်ကတည်းကမွေးထားတာလဲ”
” နှစ်ပတ်လောက်ပဲ ရှိသေးတာပါ။ သီရိက သူ့အဖွားအိမ်မှာ ခွေးများနေလို့တဲ့ အဲ့ဒါငါခွေးလိုချင်တာနဲ့ လက်ဆောင်ပေးတာ”
“ဒါနဲ့ နင့်ပါးသိုင်းမွေးရဲ့ တရားခံကဘယ်သူလဲ ဆိုတာ ပြောပြစမ်း။ မဟုတ်ရင် သူငယ်ချင်းတွေဆီ လိုက်ဖွမှာ။”
“နင့်ကြောင့်ပေါ့ ဖက်တီးမရဲ့။ နင့်ကို ချစ်တယ်လို့ ဖွင့်ပြောမရပဲ အသည်းတွေကြေပြီး လူလဲ ရွဲပလဲလို့။ ”
“ဟင်။ ဒါနောက်စရာမဟုတ်ဘူး ဟျောင့်”
“ငါနောက်နေတာ မဟုတ်ဘူး။ နင့်ဖွင့်ပြောမလို့ ချိန်းပါတယ်ဆိုနေမှ တရဲရဲ နဲ့ ငါ့မှာ အသည်းတွေစွတ်ကွဲပြီး မစားနိုင်မသောက်နိုင်တာ တစ်ပတ်ရှိပြီ။ အဲ့ကတည်းက ခွေးလို့ပြောတော့ ပဲ့သွားမှာ မို့လို့လား ဖက်တီးမရဲ့။”
သူမ ဘာမှဆက်မပြောပဲ ငိုင်နေတယ်။
“နင်ကလည်း မေးပေါ့။ မဟုတ်ရင်…. ငါနင်ဖွင့်ပြောမှာကို ဒီလောက်ထိစောင့်စရာမလိုဘူး။”
“ဘာ”
“အင်း။ ငါသိတယ် နင့်ငါ့ကို ကြိုက်နေမှန်း။”

ပြောစရာစကားတို့မရှိ။ ဒါပေမယ့် တိတ်ဆိတ်ခြင်းလည်းမဟုတ်။ လက်ချင်းချိတ်ထားသော ကျွန်တော်တို့နှစ်ယောက်ရဲ့ အပြန်လမ်းကတော့ အဓိပ္ပါယ်တွေပြည့်နေတဲ့ ငြိမ်သက်ခြင်းနဲ့။
မျက်နှာတွေက လည်း ဖြီးလို့။ ဒီကြားထဲ တကောက်ကောက်လိုက်လာတဲ့ရဲရဲ..အဲ..အမွှေစိန် ခွေးကလေး။ ဒင်းကြောင့်ပေါ့။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.