ကြေကွဲစရာ အချစ်ဇာတ်လမ်း တစ်ပုဒ်

လောကကြီးမှာ ညားတိုင်းလည်း မချစ် ချစ်တိုင်းလည်း မညားနိုင်ပါဘူး။ ဒီလိုပါပဲ။
အရမ်းချစ်ကြပေမယ့် မဆုံစည်းနိုင်ခဲ့တဲ့ ချစ်သူနှစ်ဦးဟာ …..

ကောင်လေးက အစိုးရကျောင်းမှာ အလယ်တန်းပြဆရာ အဖြစ် လုပ်နေပြီး ကောင်မလေးကတော့ အချက်အချာကျတဲ့ မြို့ကြီးတစ်မြို့ရဲ့ ဆင်ခြေဖုံးအရပ်က ဆေးရုံတစ်ရုံရဲ့ သူနာပြုဆရာမလေးပါ။
ရည်းစားသက်တမ်း လေးနှစ်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်နှင့်အမျှ ချစ်ကြပေမယ့်လည်း လက်လုပ်လက်စား မိသားစု ခြောက်ယောက်မှာ သားအကြီးဆုံးဖြစ်တဲ့ ကောင်လေးဟာ ရာထူးသိပ်မကြီးခဲ့တဲ့ အငြိမ်းစားမိဘနှစ်ပါးကို လုပ်ကျွေးနေတဲ့ တစ်ဦးတည်းသော သမီးလေးကို လက်ထပ်ဖို့ဆိုတာ ကြိုးစားနေသော်လည်းပဲ ဝေးတော့ဝေးနေပါသေးတယ်။

**********
” ဆရာကြီး ”

ကိုယ့်အသက်က ၂၅ – ၃၀ တန်းဖြစ်ပေမယ့် ကလေးများက လေးစားသမှုနဲ့ ဆရာကြီးခေါ်တော့လည်း ပီတိဖြစ်ရပါတယ်။
ဒါပေမယ့်သူတို့ခေါ်တိုင်း ခေါင်းတော့ ကြီးကြီးသွားရတယ်ဗျ။
ဘာတွေလုပ်လာပြန်ပြီလဲမသိဘူး။

” ဟေကွ မောင်ထူး ဘာဖြစ်လာတာတုန်း ”

” သား စာမေးချင်လို့ပါ ဆရာကြီး ”

” အေး မေးကွာ သားက ဘာမေးချင်လို့လဲ ”

” ဂငယ်ရှိတော့ ဃကြီးရှိတယ် နငယ်ရှိတော့ ဏကြီးလည်း ရှိတယ် ”

အင်း ဒီကလေးတော့ဘာပေါက်ကရ လုပ်ဦးမလဲမသိဘူး။ မျက်ခုံးက ခပ်လှုပ်လှုပ်။

” အဲ ဟုတ်တယ်လေ။ အဲ့ဒါဘာဖြစ်တုန်း ”

” အဲ့ဒါဆို ကကြီးကျတော့ ရှိပြီး ကငယ်ကျ ဘာလို့မရှိတာလဲဟင် ဆရာကြီး။ ယပက်လက်ကျတော့ကော ယမှောက်ခုံ မရှိဘူးလား ”

တိန် သေပဟ။ စူးစမ်းလိုစိတ်လေးကိုတော့ လေးစားပါရဲ့။ တစ်ခါတစ်လေ အဲ့လိုတွေ ဥာဏ်ကောင်းတာကျ ဘာပြန်ဖြေရမှန်းတောင်မသိ။

” ဒါကလေ သားရဲ့။ ဒီလိုရှိတယ်။ ဒါက သားတို့ကို သင်ရတာ အရမ်းများမှာစိုးလို့ စာလုံးလေးတွေ ဖြုတ်ပေးထားတာ။ နောက်ကျရင် အဲ့စာလုံးတွေထည့်သင်ဖို့ ပညာရေးဌာနကို ဆရာကြီး ပြောပေးမယ်နော် ”

” တကယ်လား ”

” တကယ်ပေါ့ ”

” အာ့ဆို သားကို သွားခွင့်ပြုပါဆရာကြီး ”

” အေး အေး ”

ဟူးးး တစ်မှုတော့ရှင်းပြီ။ အော် ကျောင်းအုပ်ကြီးက အစည်းအဝေး ခေါ်ထားသေးတာပဲ။ သွားဦးမှပါ။
ရုံးခန်းထဲရောက်တော့ ဆရာ ဆရာမတွေတောင် စုံနေပြီ။

” ဆရာမကြီးရှင့် ကျွန်မ ဒီကလေးတွေကို ဆက်မသင်နိုင်တော့ပါဘူး။ ကျွန်မ ဒီနေ့ဘဲ နှုတ်ထွက်စာတင်မယ် ”

ဒါ ငါးတန်းက ဆရာမပဲ။ ဘာဖြစ်တာလဲမသိပါလား။

” ဘာဖြစ်လို့တုန်း ဒေါ်xxxx ရဲ့ ”

” အမေရိကတိုက်က ဘယ်မှာရှိတာလဲ မေးတာကို ကလေးတွေက မြေပုံပေါ်မှာပါ ဆရာမ ဆိုပြီး ပြန်ဖြေတယ်လေ ”

” အဲ ”

” နောက်ပြီး မြန်မာနိုင်ငံက တွင်းထွက်ပစ္စည်း တစ်မျိုးကို ပြောပြပါဆိုတော့ ပုစွန်လုံးတဲ့ ”

” ဟင် ”

” အဲ့ဒါနဲ့ စာဆက်မသင်ဘဲ အာရုံလွှဲလို့ရအောင် သူတို့ရည်မှန်းချက်လေး မေးကြည့်ပါတယ်။ သားတို့သမီးကြီးလာရင် ဘာလုပ်မှာလဲ ။ ဘာဖြစ်ချင်ကြလဲ ဆိုတာကို ပါဝါရိန်းဂျား ဖြစ်ချင်တယ် ပြောတဲ့သူက ပြော ”

” ဟိုက် ”

” ဝူခုန်းဖြစ်ချင်တယ် ပြောတဲ့သူက ပြော ”

” အောင်မလေး ”

” ဒီကြားထဲ ပါဝါရိန်းဂျားနဲ့ ဝူခုန်းနဲ့ချရင် ဘယ်သူနိုင်မှာလဲ ဆရာမ တဲ့ ”

” မြတ်စွာဘုရား ”

” ဒီကလေးတွေနဲ့ ကျွန်မနဲ့တော့ ဘယ်လိုမှ မဖြစ်ပါဘူး ဆရာမကြီးရယ် ”

ဆရာ ဆရာမ များ အားလုံး ခေတ္တငြိမ်တိတ်သွားသည်။ ဒီဆရာတွေ ဆရာမတွေဆိုတာ ဝါသနာ အရင်းခံပြီး ကလေးတွေကို မေတ္တာနဲ့သင်နေကြတာကိုး။
တစ်ခါတစ်လေ ကလေးတွေက ပေါက်ကရလုပ်တော့လည်း ပျော်တဲ့အခါ ပျော်ရ စိတ်ညစ်တဲ့အခါလည်း ညစ်ရပါပဲ။
တော်ပါသေးရဲ့။ မောင်ထူးက ဖတ်စာလေးပဲပြင်ခိုင်းလို့။
ကျောင်းဆရာအလုပ်က အဲ့လို။

**********
” ဆရာမလေး ”

ဟော လူနာထင်တယ်။ ဘယ်သူ ဘာဖြစ်ပြီလဲ မသိ။

” အော် ဟုတ်ကဲ့ရှင့် ။ ဘာဖြစ်လို့လဲ မသိဘူး ”

” ကျွန်တော်ခေါင်းမူးနေလို့ ”

” အော် သွေးချိန်ကြည့်မယ်နော် ”

ကိုယ်လုပ်နေကျဆိုတော့ ကျွမ်းကျင်မြန်ဆန်စွာပဲ လုပ်ကိုင်လိုက်နိုင်ပါတယ်။

” သွေးတက်နေလို့ ခေါင်းမူးတာပါ ”

” ဒါဆို သွေးပြန်ကျသွားအောင် ကျွန်တော် ခုန်နေရမလား ဆရာမလေး ”

” ဘုရားရေ ရှင့်ကို အဲ့လိုခုန်ရတယ်လို့ ဘယ်သူပြောတုန်း။ ဆေးသောက်ရမယ်ရှင့်။
အိမ်မှာ B6 ရှိလား ”

” B12 တော့ရှိသေးတယ် ဆရာမလေး။ ထက်ခြမ်းခြမ်းပြီးသောက်လိုက်ရမလား ”

” အောင်မလေးတော် အဲ့လိုသောက်လို့မရဘူးလေ။ B6 က သက်သက် B12 က သက်သက်။ B6 ပေးလိုက်မယ် ခဏစောင့် ”

အရေးထဲ တော်တော် ဥာဏ်ကောင်းတဲ့လူနာနဲ့ လာတွေ့နေတယ် ငါ့နှယ်။

” ဆရာမရေ ဆရာမရေ။ ကယ်ပါဦး ကျွန်မသားလေး ငါးရာတန်တစ်ရွက် မျိုချမိလို့ ”

နှစ်နှစ်အရွယ်ကလေးလေးတစ်ယောက်ကို ချီပြီး အသက်ခပ်လတ်လတ်မိန်းမတစ်ဦး ဆေးရုံထဲကို အပြေးအလွှားဝင်လာတယ်။
ဒီမှာက ဒီလိုပါပဲ။ လက်လုပ်လက်စားတွေ ဆိုတော့ သေရေးရှင်ရေးကျမှ ဆေးရုံကို သတိရတတ်တာရယ်။ ဘာပဲပြောပြော ကလေးက ငယ်သေးတော့ ကောင်မလေး စိတ်ပူသွားတယ်။

” ခဏလေးနော် ကျွန်မ ဆရာဝန်ကြီးကိုခေါ်ပေးမယ်ရှင့် ”

အဲ့အချိန်မှာပဲ ယောက်ျားတစ်ဦး အပြေးအလွှား ထပ်ရောက်လာတာ မြင်ရတယ်။

” မိန်းမရေ ရပြီ ကလေးမျိုချလိုက်တဲ့ငါးရာတန်ကို ထားလိုက်တော့။ ငါ ဗီရိုထဲမှာ ငါးရာတန် တစ်ရွက် ထပ်တွေ့တယ် ”

မြတ်စွာဘုရား ဘယ်လိုမိဘတွေပါလား။
ကလေးမျိုချလိုက်တဲ့ငါးရာတန်အစား နောက်တစ်ရွက်တွေ့လို့တဲ့။

” ရှင်တို့ဘာသာ ဘာတန်ပဲတွေ့တွေ့လေ ကလေးမျိုချလိုက်တဲ့ ပိုက်ဆံကိုတော့ ပြန်ဆွဲထုတ်ရမှာပဲ ကလေး အသက်အန္တရာယ်ရှိနိုင်တယ် ”

အဲ့တော့မှ မိဘတွေ မျက်လုံးပြူးကုန်ကြတယ်။
ဆရာဝန်နှစ်ယောက်ပေါင်းပြီး တစ်ယောက်တစ်လက် လုပ်ကြကာမှ ငါးရာတန်က ရှောရှောရှူရှုပြန်ထွက်လာလေရဲ့။
သက်ပြင်းအကြီးကြီး ချလိုက်မိတယ်။

” ဟူးးးး ”

သူနာပြုလုပ်ရတာလည်း မလွယ်ပါလားနော်။

**********
” ဟားဟားဟားးးး ”
နှစ်ယောက်သား အတွေ့အကြုံတွေ ပြန်ပြောပြရင်း ပေါ့ပါးစွာပဲ ရယ်လိုက်မိကြတယ်။
ဒီလိုနဲ့ပဲ အလုပ်ခွင်ထဲမှာ ပျော်ရ စိတ်ညစ်ရ တစ်လှည့်စီကြုံနေရတဲ့ ကျောင်းဆရာကောင်လေးနဲ့ သူနာပြုကောင်မလေးဟာ အားလပ်ရက် ရောက်မှပဲ ချစ်သူချင်း ကြည်နူးလို့ရပါတော့တယ်။
တူနှစ်ကိုယ် ဘဝတစ်ခုကို မတည်ထောင် နိုင်သေးပေမယ့် နှစ်ဖက်မိဘက ကြည်ဖြူကြတာမို့ တစ်ဖက်က ရင်အေးရပြန်တာပေါ့။
ချစ်သူတို့သဘာဝ ကလူကျီစယ်ရမယ့်အစား တစ်ယောက်ကြုံရတာတွေကို တစ်ယောက်က ဖြေသိမ့်အားပေးရင်း မျှဝေရတာလည်း အရသာတစ်မျိုးပါပဲလေ။

**********
” ကျွန်မ အခုခေါ်ရတဲ့အကြောင်းရင်းက နယ်မှာ ဆရာဆရာမ မလုံလောက်တာကြောင့် ဒီကဆရာအချို့ကို ပြောင်းရွှေ့ပေးဖို့ အမိန့်စာကျလာလို့ အစည်းအဝေးလုပ်ရခြင်း ဖြစ်ပါတယ် ”

ကောင်လေး ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားတယ်။
ငါသာနယ်ပြောင်းရရင် ငါ့ကောင်မလေးနဲ့ ခွဲရပြီပေါ့။
ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျေးလက်စာသင်ကျောင်းမှာ စာသင်ပေးဖို့ခွဲတမ်းထဲ ကောင်လေးပါသွားပါတော့တယ်။
ကိုယ့်ဆီက ပညာလိုချင်လို့ စောင့်မျှော်နေကြမယ့် ကလေးငယ်လေးတွေရဲ့ မျက်နှာကို မြင်ယောင်နေတာကတစ်ဖက်
ဆင်းရဲပေမယ့် လက်တွဲမဖြုတ်ခဲ့တဲ့ သူ့ချစ်သူ ကောင်မလေးဝမ်းနည်းသွားမှာကို မြင်ယောင်တာကတစ်ဖက်။
ကောင်လေး စိတ်တွေဝေဝါးသွားတယ်။
……

**********
” ရပါတယ် ကိုရယ် ။ ကလေးတွေကို စာသင်ပေးရတာ မွန်မြတ်တဲ့အလုပ်ပဲကို။ ပြီးတော့ဒါက ကို ဝါသနာပါလို့ ရွေးထားတဲ့ အလုပ်ပဲ မဟုတ်လား။ မေတို့က ဝေးလည်း ခဏပါပဲ။ လက်ထပ်ပြီးရင်လည်း အဲ့ရွာလေးမှာ မေက သူနာပြုလာလုပ်ပေးမှာပေါ့ ”

အားတက်သရော ပြောနေပေမယ့်လည်း ကောင်မလေးရဲ့မျက်လုံးထဲမှာ ရေငွေ့လေးတွေ သီးနေသလို။ ချစ်တဲ့သူနဲ့တော့ ဘယ်ခွဲချင်ပါ့မလဲ။ ဒါပေမယ့် ကံတရားအတိုင်းပေါ့။ မေတ္တာစစ်တို့၏ ခရီးလမ်းသည် ဖြောင့်ဖြူးရာမရှိဆိုတဲ့စကားက ဘယ်တော့မှမမှားပါဘူးလေ။

ချစ်သူထံက လိုလိုလားလား ခွင့်ပြုချက်ရတော့ ကောင်လေးဟာ နယ်မှာ ကျောင်းဆရာ သွားလုပ်ဖို့ ခေါင်းညိတ်လိုက်ပါတော့တယ်။

**********
ဒီလိုနဲ့ပဲ ကောင်လေးဟာ နယ်မှာ ကျောင်းဆရာ အဖြစ်သွားလုပ်နေလိုက်တယ်။
တိုးတက်နေတဲ့ခေတ်ထဲမှာ ဆိုတော့ အဆက်အသွယ်ကတော့ မပြတ်ကြပါဘူး။
ညဘက်အားကြတဲ့အခါကျရင် အိမ်က မိဘတွေဆီ ဖုန်းဆက်ပြီးတာနဲ့ လိုင်းပေါ်မှာ စကားပြောလိုက် ဓာတ်ပုံတွေ ပို့လိုက်နဲ့ အလွမ်းသယ်လို့ရတော့ အဆင်ပြေနေတာပါပဲ။
ကောင်လေး နယ်ကိုပြောင်းသွားတာ တစ်နှစ်လောက် ကြာတဲ့အချိန်မှာ ကောင်မလေးဆီက အဆက်အသွယ်ပြတ်ခဲ့ပါတယ်။
တစ်နေ့လည်း ဖုန်းမဆက် လိုင်းပေါ်မှာ မရှိ နောက်နေ့ကျတော့လည်း ထိုနည်း၎င်း ဆိုတော့ ကောင်လေးစိတ်ပူလာတယ်။ ငါ့ကောင်မလေးများ ဘာဖြစ်တာပါလိမ့်။
နောက်နေ့မနက်ကျတော့ ကျောင်းခန်းထဲ စာသင်နေရင်းနဲ့ စာအုပ်ကို လှမ်းဆွဲလိုက်ရာကနေ စားပွဲပေါ်က ဖန်ပန်းအိုးလေးဟာ သံမံတလင်းပေါ်ကျပြီး အစိတ်စိတ်အမွှာမွှာ ကြေမွသွားပါတော့တယ်။

” ခလွမ်း ”

အော် ငါ့မလည်း နမော်နမဲ့နိုင်လိုက်တာ။ ကျောင်းသားလေးတစ်ယောက်က သားရှင်းပေးမယ် ဆရာကြီးဆိုပြီး တံမြက်စည်းလေးနဲ့လှဲသွားတယ်။
ဒီကလေးတွေက သိတတ်တယ်။ ချစ်ဖို့ကောင်းတယ်။ ဒီနယ်လေးကို လာမိတာမှန်သွားပြီလို့ မဆီမဆိုင်တွေးမိသေး။

**********
” တီတီတီတီ ”

ညဘက် အမှတ်ခြစ်နေတုန်း မေမေ့ဆီက ဖုန်းဝင်လာတာပဲ။

” ဟယ်လို မေမေ ”

” သားရေ နေကောင်းရဲ့လား ”

” ကောင်းပါတယ်မေမေ ”

” အေးကွယ် မေမေ အရေးတကြီး ပြောစရာရှိလို့ ဖုန်းလှမ်းဆက်လိုက်တာ သား ”

” မေမေတို့အိမ်မှာ အဆင်ပြေရဲ့လား။ ပိုက်ဆံလိုလား မေမေ။ သားထပ်ပို့ပေးရမလား ”

” မေမေတို့ အဆင်ပြေပါတယ်သား ။ ဖြစ်တာက သား … ကောင်မလေး ပါ ”

” ဟင် မေမေ သူဘာဖြစ်လို့လဲ။ သားဆီလည်း မနေ့ကဖုန်းမဆက်ဘူးမေမေ။သူနေမကောင်းဘူးလား ”

” သားကောင်မလေး … သားကောင်မလေး မနေ့ည ခုနစ်နာရီက ဆုံးသွားပြီ သားရယ် ”

” ဗျာ ဟာာ မေမေ မဖြစ်နိုင်တာ မပြောနဲ့ဗျာ။ ဖျားတောင်မဖျားတဲ့သူက သေသွားတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲဗျာ။ အဓိပ္ပါယ်မရှိတာ။ မေမေတို့ သားကို သူနဲ့ သဘောမတူလို့ပြောတာ မလား။ မေမေတို့လည်း ခွင့်ပြုထာားပြီးသားကို ။ သားကို မနောက်ပါနဲ့ မေမေရယ် ………… @@##$$%% ……… ”

ကောင်လေး ဆက်ပြောနေပါတယ်။ ဒါပေမယ့် သူဘာပြောနေတယ်ဆိုတာ သူကိုယ်တိုင်တောင် မသိတော့ပါဘူး။ သူ့အသံက မျက်ရည်တွေကြားထဲမှာ နစ်မြုပ်ပျောက်ဆုံးကုန်တယ်။ သူ့ကောင်မလေး
ချောချောလှလှ ချစ်စရာလေးနဲ့ လူနာတွေအပေါ် စေတနာထားတတ်သူလေး နာမကျန်းဖြစ်တယ်ဆိုတာ လက်ချိုးရေလို့ရတဲ့ ကောင်မလေး။
ကောင်လေး လုံးဝမယုံပါဘူး။ အဲ့ဒီညက မျက်ရည်တွေထဲ သူအိပ်ပျော်သွားခဲ့တယ်။

**********

” ငါညက ဘာတွေ အိပ်မက်မက်နေပါလိမ့် ” နောက်တနေ့မနက်မှာ ကောင်လေးဟာ ရုံးခန်းထဲက သတင်းစာကိုသွားယူဖတ်တယ်။
နာရေးသတင်းမှာ သူ့ကောင်မလေး နာမည်ပါလာတယ်။

” မ xxxxx ”
အသက် (၂၆) နှစ်
…… နေ့တွင် ကွယ်လွန်အနိစ္စရောက်သည် ”

ဟာာ ဘာတွေဖြစ်ကုန်တာလဲ။ ငါညက အိပ်မက် မက်တာ မဟုတ်ပါလား။ ငါ့အမေပြောတာ အမှန်တွေပဲပေါ့။
ကောင်လေးဟာ ချက်ချင်းပဲ ကျောင်းအုပ်ကြီးထံခွင့်တင်ပြီး ရန်ကုန်ကို ပြန်လာပါတော့တယ်။ သူ့ကောင်မလေး ဘာလို့သေရတာလဲ စဉ်းစားရင်းနဲ့ပေါ့။
ဖုန်းထဲမှာ သိမ်းထားတဲ့ သူ့ကောင်မလေး ပုံတွေကို ပြန်ကြည့်ရင်း သူမျက်ရည်တွေဝဲလာပြန်ပါတယ်။
ဘယ်လိုမှမယုံနိုင်သေးဘူး။

**********
လွန်ခဲ့သော တစ်နှစ်ခန့်က …

” မေမေရေ သမီး ဆေးရုံသွားပြီနော် ”

ပြောပြောပြေးပြေးပါပဲ။ သူနာပြုကောင်မလေးဟာ ထမင်းချိုင့်လေးဆွဲရင်း ဆေးရုံကို ထွက်လာခဲ့တယ်။ လမ်းရောက်မှ သတိရတယ်။ မနက်က ဟင်းချက်ရင်း ကြက်သွန်နွှာတော့ လက်ကို ဓားထိသွားတာပဲ။ ဒဏ်ရာကတော်တော်နက်တာပဲ။ ရေပဲဆေးလာမိတယ်။ ဆေးမထည့်ရသေးပါလား။ ဆေးရုံရောက်မှပဲ ပလာစတာလေး ကပ်လိုက်ပါမယ်လေ။

ဟင် ဆေးရုံဝမှ လူတွေရုတ်ရုတ်သဲသဲနဲ့ပါလား။
မြန်မြန်လေးပြေးသွားမိတယ်။ ဟယ် ဆောက်လုပ်ရေးက အလုပ်သမားတစ်ယောက် ဆောက်လက်စတိုက်ပေါ်က ပြုတ်ကျလို့တဲ့။
အော် ဆေးရုံထဲမရောက်သေးဘူး လူနာက ကိုယ့်ကိုကြိုနှင့်နေတယ်။
ကိုယ်ကလည်း ဆရာဝန်နှစ်ယောက်ပဲရှိတဲ့ ဒီဆေးရုံရဲ့ တစ်ဦးတည်းသော သူနာပြုလေ။
လူနာက မြင်မကောင်းလောက်အောင် သွေးတွေထွက်နေပြီး ညာဖက်ခြေထောက်ကလည်း အရိုးပေါ်တဲ့အထိ အပေါ်ယံအရေပြားတွေစုတ်နေပါတယ်။ ပြုတ်ကျတဲ့အရှိန် အတော်ပြင်းတာပဲ။
လူနာကို အဆင်ပြေပြေဖြစ်အောင် နေရာချထားပေး ပြင်စရာရှိတာပြင်ပေးပြီး ဆရာဝန်တွေစောင့်နေတဲ့ အခန်းထဲ ပို့ပေးခဲ့လိုက်တယ်။

” ဆရာမလေးက တော်လိုက်တာ။ ငယ်ငယ်ချောချောလေးနဲ့ လုပ်တတ်ကိုင်တတ်တာလည်း မြန်လိုက်တာ။ အားကိုးရပါပေတယ်။ စေတနာကလည်း အပြည့်ပဲ ”

လူနာနဲ့ပါလာတဲ့သူတချို့ရဲ့ ချီးမွမ်းသံတွေပေါ့။ ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုတော့ စေတနာလေးထည့်လုပ်ပေးတာပေါ့လေ။ လူနာတွေအဆင်ပြေဖို့ပြီးတာပါပဲ။
ဟူးး ကိုယ့်တာဝန်တော့ပြီးပြီ။ လူနာရဲ့သွေးတွေက ကိုယ့်လက်မှာတောင် ပေလို့။ မြန်မြန်လုပ်ပေးလိုက်ရတော့ သတိမထားမိလိုက်ဘူး။ ထမင်းချိုင့်လေး ပြန်ကောက်ဆွဲပြီး ကိုယ့်နေရာမှာ ထိုင်နေလိုက်တယ်။ လူနာပြန်ထွက်လာမှ လိုအပ်တဲ့ဆေး ပေးရမယ်။ ခုတော့ ငါ့အနာလေး ပလာစတာ ကပ်ဦးမှ။

**********
ကောင်မလေးရဲ့ အလောင်းကို တာဝန်ရှိသူတွေက ယူလာပါတယ်။
ကောင်လေးဟာ သူ့မျက်စိရှေ့မှာရှိနေတဲ့ မတုန်မလှုပ်ငြိမ်သက်နေတဲ့ သူ့ကောင်မလေးကို တွေ့ရတော့မှ သေပြီဆိုတာကို မယုံချင်ပေမယ့် ယုံရမလိုဖြစ်သွားပါတယ်။
စာတွေသင် ပညာတွေသင်ပေးနေတဲ့ ကျောင်းဆရာကောင်လေးဟာ အနိစ္စ ဒုက္ခ အနတ္တ သဘောတရားကို နားလည်ပေမယ့် ကိုယ့်ချစ်သူဆုံးရှုံးရမှုအပေါ် အသုဘတရား မရှုနိုင်ပါဘူး။
ဘာလို့လဲ။ ဘာလို့သေရတာလဲ။
ကောင်မလေးရဲ့ရုပ်အလောင်းဟာ မီးသဂြိုဟ်စက်ထဲ တရွေ့ရွေ့ဝင်သွားပြီး ခေါင်းတိုင်ကနေ မီးခိုးငွေ့ တလူလူလိမ့်တက်လာပါတော့တယ်။
ကောင်မလေးကတော့ အရင်သွားနှင့်ပါပြီ။
ကျန်ရစ်သူမိသားစုကတော့ မျက်ရည်လည်ရွဲနဲ့ပါပဲ။

**********
” xxx မင်းကို သတိရရင် xxx လျှောက်လည်ဖူးတဲ့ နေရာတွေမှာ xxx ကိုယ်မင်းကို တွေ့နေပါတယ် အနားမှာမရှိလည်း xxx ”

ကောင်လေးဟာ ဘေးကဖြတ်သွားတဲ့ ထီလှည်းကို အငေါ်တူးသလို လှမ်းကြည့်မိတယ်။
အဲ့အကြည့်ကို နားလည်တဲ့ ထီသည်လေးက ခပ်သုတ်သုတ်လေးထွက်သွားတယ်။
ကောင်လေးရဲ့ခြေလှမ်းတွေကတော့ သူ့ကောင်မလေးရဲ့ မိဘတွေအိမ်ဆီကိုပေါ့။
သူတို့ခမျာ တစ်ဦးတည်းသော သမီးလေး ဆုံးသွားရှာတာ။ ဘယ်လောက်တောင် အားငယ်နေရှာမလဲ။ ငါ့ချစ်သူမရှိပေမယ့် ငါတတ်နိုင်သလောက်တော့ ငါ့မိဘနှစ်ပါးကိုကော ဒီမိဘနှစ်ပါးကိုပါ ပြုစုရမှာပဲ။
ဟော ကောင်မလေး အိမ်တောင်ရောက်ပြီ။

” သား လာတာ အန်တီတို့ဝမ်းသာပါတယ်ကွယ်။ သမီးလေးကိုလည်း သတိရမိသား ”

ကောင်မလေးအမေက ပြောရင်း မျက်ရည်စို့လာတယ်။

” သမီးလေး မရှိတော့ဘူးဆိုတော့ သားသိသင့်တာလေး အန်တီတို့ ပြောပြလို့ရပါပြီ ”

” ဘာကိစ္စများလဲ အန်တီ ”

” သမီးလေးဟာ တကယ်တော့ HIV ပိုးရှိနေခဲ့တယ်ကွယ်။ ဒါကြောင့်သမီးလေး ဒီလိုဖြစ်ရတာ ”

” ဟာာ မဖြစ်နိုင်ပါဘူး အန်တီရယ် ”

” ဟုတ်တယ်သား ။ တစ်ရက်မှာ သူ့လက်က ဒဏ်ရာက လူနာရဲ့သွေးနဲ့ထိပြီး ရောဂါပိုး ကူးစက်ခဲ့တာပဲ ”

ကောင်လေး ဘာမှကို ပြန်မပြောနိုင်တော့ပါဘူး။

” သမီးလေးက သားသိမှာစိုးလို့ဆိုပြီး မပြောဘဲ နေခဲ့တာပါ ”

ကောင်လေး လုံးဝငြိမ်သက်သွားပါပြီ။
ခဏအကြာမှာတော့

” အန်တီ ကျွန်တော့ကို ပြန်ခွင့်ပြုပါဦး ”

**********
အခန်းတံခါးကို ပိတ်လိုက်တယ်။
ငါ့ဘေးမှာ ဘယ်သူမှမရှိတော့ဘူး။
ငါအချစ်ရဆုံးသူ ငါ့နားက ထွက်သွားပြီ။
လက်ထပ်ဖို့ထိရည်ရွယ်ထားတဲ့သူက ခုအပြီးအပိုင်ထွက်ခွာသွားပြီ။
ကို့ကို တစ်ယောက်တည်း စိတ်ချလက်ချ ထားပြီး ထွက်သွားရက်တယ်ပေါ့ မေရယ်။
အခန်းထောင့်လေးမှာ ငြိမ်ငြိမ်လေးထိုင်နေမိတယ်။

” xxx အထီးကျန် xxx သိမ်ငယ်မှုများစွာရယ် xxx မင်းမရှိတဲ့နေ့တွေရယ် xxx ငါတစ်ယောက်တည်း အားတွေငယ် xxx ”

ဘယ်ကမှန်းမသိတဲ့သီချင်းသံလေး ပျံ့လာတော့ ကောင်လေး ငိုချလိုက်ပါတယ်။
ပေါ့သွားတာပေါ့ကွာ။ လွမ်းတာရော သတိရတာရော ပေါင်းပြီး ငိုမိလိုက်တယ်။
ဒီသေသောသူကိုတော့ ကြာရင်ကော မေ့နိုင်ပါ့မလား မေ။ ကောင်မလေးက ရှေ့ကနေပဲ လာပြီး ပြုံးပြနေသလိုလို။

” ဒေါက် ဒေါက် ဒေါက် ”

တံခါးလာခေါက်နေတာပဲ။ ဖေဖေလား မေမေလားမသိဘူး။ ထမဖွင့်ချင်ဘူး။

” ဒေါက် ဒေါက် ဒေါက် ”

ဖွင့်ပေးလိုက်တာပဲ ကောင်းပါတယ်လေ။
ကောင်လေးဟာ အခန်းထောင့်မှာ ထိုင်နေရာကနေ အားယူပြီး ထလိုက်တယ်။
တံခါးနားရောက်တော့ ဖွင့်ပေးလိုက်တယ်။

” ကျွီ … ”

ဟင် အပြင်မှာ ဘယ်သူမှလည်း မရှိပါလား။
ပြန်ပိတ်။ ဂျက်ချ ။ ဒီဘက်ပြန်လှည့်တုန်းရှိသေး … ။

ငါ့မျက်စိများမှားသလား။ ကောင်လေးဟာ သူ့မျက်လုံးတွေကို ပြန်ပွတ်လိုက်တယ်။
သေချာပြန်ကြည့်လိုက်တယ်။
သူ့ကောင်မလေးမှ သူ့ကောင်မလေးအစစ်။
လှလိုက်တာမှ နတ်သမီးလေးလား မှတ်ရတယ်။

” ကို ”

ကောင်မလေးဆီက ခေါ်သံလေးတစ်ခုထွက်လာတယ်။

” မေ … မေ ကို့ဆီပြန်လာတယ်နော်။ ဝမ်းသာလိုက်တာမေရယ် ”

ကောင်လေးဟာ ပျော်လွန်းပြီး ကောင်မလေးရဲ့လက်ကို ဖမ်းဆုပ်လိုက်ပါတယ်။
ဒါပေမယ့် သူ့လက်ထဲမှာ ကျန်ခဲ့တာက မီးခိုးငွေ့တွေ။
အော် ငါ့ကောင်မလေးက ငါ့ဆီကို လူအဖြစ် ပြန်ရောက်လာတာမှ မဟုတ်တာပဲ
ဒါဆို …… ။
ဟာာ တညဲ တညဲ အဲလေ ကြောက်ပြီး စကားတွေမှားကုန်ပြီ။ သရဲ သရဲ။
ဟင် ဒါလည်း မဖြစ်နိုင်သေးဘူး။ ရုပ်ရှင်တွေထဲမှာဆို သရဲ မျက်ကွင်းကြီးတွေ မဲ ဆံပင်ဖားလျားချပြီး ဝတ်ရုံဖြူကြီးနဲ့ပါ။
ဒီကြားထဲ သူတို့လာရင် ပုပ်အဲ့အဲ့ အနံ့တွေရတယ်ဆိုပဲ။

မှန်းစမ်း။ သူ့ကောင်မလေးကို သေချာပြန်ကြည့်တယ်။
ပန်းနုရောင် ဝတ်ရုံလေးနဲ့ မျက်နှာလေးကလည်း ဝင်းမွတ်တောက်ပနေလိုက်တာ ဆံပင်လေးတွေက ပျော့ပြောင်းဖြောင့်စင်းနေတာပဲ
သူ့ကိုယ်က နှင်းဆီပန်းရေမွှေးနံ့လေးတောင် ရသလိုလို။

” မေ ကိုယ့်ဆီကို ပြန်လာတာမဟုတ်လား ”

” ခဏလာတွေ့တာပါ။ ကို့ကို သတိရလွန်းလို့။ ကိုက နယ်သွားနေတာလည်း တစ်နှစ်လောက်ကြာနေပြီလေ။ မေ့ရဲ့ နောက်ဆုံး အချိန်လေးမှာတောင် ကို့ကို မတွေ့လိုက်ရလို့ အခုလာတွေ့တာ ”

” မေက ကိုနဲ့ ဘယ်လောက်ကြာကြာနေမှာလဲ ”

” ကိုနဲ့ မေနဲ့က ဘဝခြားနေပြီလေ။ကိုလည်းသိသားနဲ့ ”

” ဒါနဲ့ ကို တစ်ခုလောက်မေးချင်လို့ ”

” အင်း မေးလေ ”

” မေတို့က ဝိဥာဉ်ဘဝမှာကော ဒီလို လှလှပပနေလို့ရလို့လား ”

” မေက တခြားသရဲမတွေနဲ့ မတူဘူးလေ။ ဘာလို့လဲ သိလား။ လူ့ဘဝတုန်းကFor Her Myanmar က အလှအပဆောင်းပါးတွေ ဖတ်သွားလို့ သရဲဘဝမှာလည်း လှလှပပလေး နေနိုင်တာ။ ခုတောင် ဟိုက သရဲမတွေကလည်း လှချင်တယ် ဆိုလို့ ဖုန်းလာပြန်ယူတာ။ ဟိုရောက်ရင် သူတို့ကို For Her Myanmar page ကို see first ထားခိုင်းရမယ်။ နောက်ဘဝမှ ဆုံကြစို့နော် ကို။ တာ့တာ အာမွ ”

သူနာပြုကောင်မလေး အနှီသရဲမသည်ကား ဖုန်းလေးယူကာ ကော့ပက်ကော့ပက်နှင့် လွင့်ပြယ်ပျောက်ကွယ်သွား၍ ကောင်လေးမှာ ငိုင်လျက်သာကျန်ခဲ့လေတော့သည်။
မိမိကောင်မလေး သရဲမခမျာတော့ ဘော်ဒါသရဲမများနှင့် နှုတ်ခမ်းနီဆိုးနေလောက်ပေပြီ။
အော် For Her Myanmar ရဲ့ အမာခံပရိတ်သတ် သရဲမပေကား … ။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.