ကျွန်မရဲ့ လူကြီးဘဝတစ်ပတ်တာ (၁)

မေမေနဲ့ ကျွန်မရဲ့ ကလေးဘဝ
ပထမဆုံး မေမေက ကျွန်မဘဝမှာ ဘယ်လိုပါဝင်နေလဲဆိုတာ ပြောပြချင်တယ်။
မေမေဟာ ကျွန်မဘဝမှာ မရှိမဖြစ်လို ခံစားခဲ့ရတယ်။ ကြည့်လေ ကျွန်မ ရုံးသွားတော့မယ်ဆိုရင် နေ့လည်စာ ထမင်းဘူးက အဆင့်သင့်။ ကျွန်မ ကြိုက်တတ်တဲ့ဟင်းတွေဆိုတာ ဖွင့်မကြည့်ဘဲလည်း သေချာသိပြီးသား။
နောက်တစ်ချက် ရုံးသွားဖို့ အဝတ်အစားတွေကိုလည်း အမြဲ ကော့နေအောင် တိုက်ထားပေးတတ်တယ်။
ဝတ်ပြီးသား အဝတ်အစားတွေဆိုရင်လည်း လျှော်ပြီးသားဖြစ်နေတတ်တယ်။ မေမေနဲ့ တစ်အိမ်တည်းမှာ
တူတူနေတုန်းက ဒါတွေကို သိပ်ပြီး သတိမထားမိခဲ့ဘူး။ တန်ဖိုးလည်း မထားမိခဲ့ဘူးပေါ့လေ။ 
ပြီးတော့ အလုပ်မှာ စိတ်ညစ်စရာတွေ စိတ်ဖိစီးမှုတွေနဲ့ ကြုံလာရတိုင်း ကျွန်မရဲ့ ပွစိပွစိပြောသံကို
မငြီးမငြူနားထောင်ပေးတတ်တာလည်း မေမေပဲလေ။

15492233_724894764326339_4465336024057890816_n

ကလေးဘဝကနေ ရုန်းထွက်ခြင်း
ခုဆိုရင် မေမေရဲ့ အကူအညီမပါဘဲ နေခဲ့တာ တစ်ပါတ်တောင် ပြည့်သွားခဲ့ပြီ။ အခု ကျွန်မ သူငယ်ချင်းတွေနဲ့တူတူ စုပြီး တိုက်ခန်းငှားနေတယ်။ ပထမဆုံးအကြိမ် မိဘနဲ့ခွဲပြီးနေရခြင်းပေါ့လေ။
ဒီလိုနေဖို့ မေမေ့ဆီက ခွင့်တောင်းတာ တစ်နှစ်တောင်ကြာခဲ့တယ်။ မေမေက ကျွန်မကို သူ့မျက်စိအောက်က အပျောက်မခံထားချင်သူတစ်ယောက်လေ။ ခုဆို ကျွန်မ အသက် နှစ်ဆယ့်တစ်နှစ်ပြည့်လို့ နှစ်ဆယ့်နှစ်တောင်ဖြစ်တော့မယ်။ အလုပ်မှာဆိုလည်း အထိုက်အလျောက် ရာထူးရနေပြီ။

ဒါပေမယ့် အပြင်မှာ ကျွန်မ ဘယ်လို အရွယ်ရောက်ရောက် မေမေ့မျက်လုံးထဲမှာ ကျွန်မက ကလေးလေးအဆင့်ကနေ မတက်ဘူး။ ကျွန်မလုပ်တဲ့အရာအားလုံးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတတ်တာ။ မိတကွဲဖတကွဲဖြစ်နေတဲ့ ကျွန်မတို့ညီအစ်မကို လုံခြုံမှုအပြည့်ပေးချင်တဲ့ မေမေ့စေတနာကို နားလည်မိပေမယ့် အမှန်တိုင်းပြောရရင် အရမ်းမွန်းကျပ်လာမိတယ်။ ကိုယ့်ကိုယ်ကို မရင့်ကျက်ဘူးလို့ ခံစားလာရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လိုအပ်တာအားလုံးကို လိုက်ဖြည့်ဆည်းပေးတတ်တဲ့ မေမေ့ကြောင့် ဘဝအပူအပင်ဆိုတာ ဘာမှန်းနားမလည်ခဲ့ဘူး။ ကိုယ့်ကိုယ်ကိုထက် မေမေ့ကို အားကိုးမိခဲ့တယ်။ ဒါ့ကြောင့် တစ်နေ့မှာ ဒီအကြောင်းအရာတွေကို မေမေ့ကို ပြောပြရင်း အပြင်မှာ နေခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်။ လွယ်လွယ်နဲ့တော့ ခွင့်မပြုဘူးပေါ့။ ဒါပေမယ့် ကျွန်မအလုပ်က အိမ်ကနေ အရမ်းဝေးတယ်လေ။ ဟိုလိုဒီလိုအကြောင်းပြချက်တွေနဲ့ ကျွန်မ သူငယ်ချင်းတွေနဲ့ စနေဖြစ်ခဲ့ရင်း ကလေးဘဝကနေ ရုန်းထွက်ဖြစ်တယ်။

15350620_724894767659672_2941339429056886041_n

မေမေမပါတဲ့ ကျွန်မရဲ့ လူကြီးဘဝ
အခုဆိုရင် ကျွန်မ ရုံးမသွားခင် တစ်နာရီလောက်ကတည်းက ကြိုထ၊ ထမင်းအိုးတည်၊ ဟင်းချက်၊
ရုံးကအပြန်ဆိုရင် ဈေးက ဝယ်ရသေးတယ်။ အံ့သြမိတာတစ်ခုက ကန်စွန်းရွက် တစ်စည်း ၃၀၀ကျပ် ဖြစ်နေတာ ကျွန်မ မသိခဲ့တာပဲ။ ဈေးစစကြားတော့ လန့်တောင်သွားခဲ့တာ။ မေမေ ထမင်းဘူးထည့်ပေးတုန်းကဆို
အသားဟင်း မပါသလောက်ပဲ။ ခုဆို အရွက်ကြော် ဘဲဥကြော်က ကိုယ့်အတွက် နတ်သုဒ္ဓါလိုကို ဖြစ်နေတော့တာ။ လွမ်းမိတယ် မေမေ့ရဲ့ လက်ရာလေးကို 🙁 ရုံးက ပြန်ရောက်ပြီဆိုတာနဲ့ အိမ်မှာလို နားရမလား မှတ်တယ်။ မနားရသေးဘူး တစ်နေ့ဝတ်တစ်နေ့လျှော်ရတာလည်း အမော။ အရင်က အမေ အဆင်သင့် လျှော်ပေးထား၊ တိုက်ပေးထားတဲ့ ဝတ်စုံလေးတွေကို ကော့ကော့လေးဝတ်ပြီး ရုံးသွားခဲ့တုန်းက ဒါတွေကို မသိခဲ့မိဘူး။ အိမ်ပြန်နောက်ကျတိုင်း ဖုန်းတဂွမ်ဂွမ်ဆက်တတ်တဲ့ မေမေ့ရဲ့ အသံတွေကိုလည်း လွမ်းမိတယ်။ ကျွန်မခြေရှည်ပြီးမှ အိမ်ပြန်ရောက်တိုင်း စိုးရိမ်တကြီးနဲ့ ပွစိပွစိဆူတတ်တဲ့ မေမေ့အသံလေးကို ကြားယောင်မိတယ်။ ခုဆို မေမေနဲ့ ဝေးရာမှာ နေရတော့ ဒီလိုပြောမယ့်သံတွေလည်း မကြားရတော့ဘူး။ အရင်က အိမ်မှာ ဘာမှမလုပ်ခဲ့ရသမျှ ခု မေမေနဲ့ဝေးရာမှာ နေဖြစ်တော့မှပဲ ဟင်းချက်လည်း ကိုယ်၊ အဝတ်လျှော်လည်းကိုယ်၊ အရာအားလုံးကို ကိုယ်တိုင်လုပ်နေရတော့တယ်။

ပွစိပွစိအမေ့ကို လွမ်းလားဆိုတော့ အမှန်ဆိုရင် မေမေ့ကို လွမ်းတယ်။ အလုပ်ကြောင့် စိတ်အားငယ်ရတိုင်း မေမေနဲ့ ရင်ဖွင့်ခဲ့ရတာတွေလည်း သတိရတယ်။ အဆောင်မှာ သူငယ်ချင်းတွေနဲ့ တူတူနေပေမယ့် သူငယ်ချင်းဆိုတာ အမေ မဟုတ်ဘူးလေ။
မေမေချက်ကျွေးတဲ့ အိမ်ထမင်း အိမ်ဟင်းကိုလည်း လွမ်းမိတယ်။ မေမေ့ရဲ့ ကြင်နာနွေးထွေးမှု၊ စိုးရိမ်တဲ့စကားတွေ၊ ပွစိပွစိပြောသံတွေကို အတိုင်းအဆမရှိ လွမ်းမိတယ်။

15327361_724894770993005_4759682978189349103_n

ဘာတွေ ပြောင်းလဲသွားလဲ?
ဒီလိုခံစားချက်တွေကြားက ကျွန်မ အကျိုးတစ်ခုတော့ ရလိုက်တယ်။ အဲ့ဒါကတော့ ကျွန်မ ကိုယ့်ကိုယ်ကို အားကိုးတတ်လာတာပဲ။ အရင်က ပိုက်ဆံဆို လက်လွတ်စပယ် သုံးခဲ့တဲ့ ကျွန်မ ခုဆို စရိတ်လောက်အောင်
တစ်နေ့တာ အသုံးစရိတ်ကို စာရင်းလေးလုပ်ထားတတ်နေပြီ။ (ယောက်ျားကို ပြဖို့မဟုတ်ဘူးနော် ကွကိုယ်ကြည့်ဖို့) ထမင်းဟင်းဆိုလည်း အရသာ အဆင်ပြေအောင် ချက်တတ်လာပြီ။ (အရသာရှိတယ်လို့ မဆိုလိုဘူးနော် 😛) တစ်နေ့တာအဝတ် နေ့စဉ်လျှော်မှ အလျဉ်မီမှာဆိုတဲ့ တာဝန်သိစိတ်မျိုး ထားတတ်လာပြီ။
ရင်ဖွင့်စရာ ရင်ခွင်မရှိတော့ ခံစားချက်တွေ ပင်ပန်းမှုတွေကို ရင်ထဲမှာ ထားတတ်နေပြီ။ ကျွန်မ လူကြီးဖြစ်အောင် တစ်ပါတ်လောက်ကြိုးစားပြီးတဲ့အခါမှာတော့ ကျွန်မ လူကြီးဖြစ်လာပြီလို့ ခံစားရမိတယ်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.