ကျွန်မရည်းစား သူများလင်

ကိုယ်ချစ်တဲ့သူအပေါ် နားလည်မှုတွေ ပေးနိုင်ဖို့နဲ့ နွေးထွေးချစ်ခင်တဲ့ ပျော်စရာ ဘဝလေး ဖန်တီးနိုင်ဖို့

နောက်မီးလင်းတယ်။ ခြေရှုပ်တယ်။ နှစ်ပင်လိမ်တယ်ဆိုတာတွေကို ပတ်ဝန်းကျင်မှာ မြင်ဖူးကြားဖူးကြပြီးသား ဖြစ်မှာပါ။ ဘယ်လိုပဲ ဝိသေသတွေ တပ်တပ် အဓိက ကတော့ ဖောက်ပြန်တာပါပဲ။

ဟုတ်ပါတယ်။ ကျွန်မရည်းစားက သူများလင်ပါ။ ဒါပေမယ့် ကျွန်မ ဖြတ်ခုတ်ထားတာ မဟုတ်သလို သူများအိမ်ထောင်ရေး ပြိုကွဲသွားအောင် လုပ်ခဲ့တာလည်း မဟုတ်ပါဘူး။

သူနဲ့ကျွန်မ စတွေ့ကာစကပေါ့။
သူက ရည်းစားရှိပါတယ်။ ဒါကို ကျွန်မမသိပါဘူး။ အဲ့ဒီရည်းစားကိုလည်း တွဲသွားတွဲလာ မလုပ်သလို သူရည်းစားရှိပါတယ် ဆိုတာကိုလည်း သူဖုံးဖိထားပါတယ်။ ဘယ်လို အမြော်အမြင်ကြီးသလဲတော့ မသိပါ။
သူထင်တာကတော့ သူရည်းစားရှိတာကို ကျွန်မဘယ်တော့မှ သိလာမှာမဟုတ်ဘူးလို့ ထင်နေတာပါပဲ။
ဒါပေမယ့် အဲ့ဒီကောင်မလေးနဲ့ တွဲလာတာ နှစ်နဲ့ချီနေပါပြီ။ ကျွန်မကတော့ နောက်မှ ပေါက်တဲ့ ရွှေနှင်းဆီပေါ့။ (ကျွန်မက ကြာပန်းမကြိုက်ဘူး။)

ကျွန်မသူ့ကို မေးပါတယ်။ ချစ်သူရှိလားဆိုတာကို အပွင့်လင်းဆုံးမေးတာပါ။
သူကိုယ်တိုင် မရှိပါဘူးလို့ ဖြေခဲ့တယ်။ သက်သေအထောက်အထားအရလည်း သူ့ရည်းစားပုံရယ်လို့ သူတို့ဘယ်သွားတာရယ်လို့ မကြားဖူး မမြင်ဖူးတော့ ကျွန်မလည်း သူ့ကို လူလွတ်ပဲ ထင်မိတာပေါ့။
သူက ကျွန်မကို အချစ်ဆုံးပါတဲ့။ လက်ထပ်ပြီး ဘယ်လိုဘယ်ညာ သူ့စိတ်ကူးတွေပေါ့။ ကျွန်မ မယုံသေးသလို ဘာမှလည်း မတုံ့ပြန်ခဲ့ပါဘူး။ သူ့စိတ်ကူးတွေ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာတော့ ကျွန်မသိတယ်။

ဒါပေမယ့် တွဲပြီး တစ်လတောင် မပြည့်သေးပါဘူး။ သူ မသိတာက ကျွန်မကိုလည်း သူတို့နှစ်ယောက်အကြောင်း လာပြန်ပြောပြတဲ့သူ ရှိတယ်ဆိုတာပါပဲ။ ကျွန်မ မယုံတဲ့ အတိုင်း ဖြစ်လာတာကို ကျွန်မ မအံ့သြပါဘူး။
သူ့ကို ထပ်မေးပါတယ်။ ရည်းစားရှိလား ဆိုတာကို။ သူက မရှိပါဘူး ချည်းပဲ ဖြေပါတယ်။
ကျွန်မ နာမည်ပါတပ်မေးလိုက်ပါတယ်။ အဲ့ဒီတော့မှ ဘယ်လို သိသွားတာလဲတဲ့။
သူ့မှာ ရည်းစားရှိမှန်း ကျွန်မ မသိခဲ့ဘူး။ သတိမထားမိခဲ့ဘူး။ ဟုတ်တယ် ဒါကျွန်မ အပြစ် ကျွန်မညံ့တာ။
ခုလို လက်ပူးလက်ကြပ်မိတာတောင် သူဗြောင်လိမ်သေးတာတော့ ကျွန်မ စဉ်းစားလို့မရဘူး။
သူ ဟိုကာင်မလေးကို တကယ်မချစ်တာလား။ ချစ်တယ်ဆိုရင်ကော သူ ကျွန်မကို နောက်တစ်ယောက် အနေနဲ့ ထပ်တွဲမလား။ ဟိုကောင်မလေးကို မချစ်ဘူး။ ဟုတ်ပြီ ဒါဆို ဘာလို့ မချစ်ဘဲတွဲလဲ။ ကျွန်မကိုလည်း မချစ်ဘူး။ ရတယ်။ မချစ်တာများ ဘာလို့ နှစ်ယောက်ပြိုင်ပြီး အလုပ်ရှုပ်ခံလဲ။

တကယ်တမ်း ဦးနှောက်ရှိတဲ့သူဆို ကိုယ့်အချိန်ကို မဖြုန်းပါဘူး။ ဒါ ကျွန်မအမြင်ပေါ့။
အဲ့ဒါနဲ့ အပြတ်ပြောတယ်ပေါ့နော်။ ရည်းစားကလည်း ရှိပြီးသား။ သူ့ကို မချစ်ဘူးလား။ သူ့ကိုမချစ်တောင် အဲ့လိုတော့ မလုပ်သင့်ဘူး။ ကျွန်မလည်း လက်မခံဘူး။ ပြတ်တယ်။ ရှင်းရှင်းလေးပါပဲ။ ပြိုင်တော့ မလုဘူးလေ။ လုစရာအကြောင်းလည်း မရှိဘူး။ သူက ခြံခုန်တဲ့ နွားတောင် မဟုတ်ဘူး။ အိုလံပစ်မှာတောင် အမြင့်ခုန်ဝင်ပြိုင်မယ့်နွားဆိုတော့။ အဲ့လို နွားနဲ့ တွေ့ခဲ့ရတယ်ဆိုတော့ ကိုယ်ကံနိမ့်နေတယ် ပြောရမှာပဲ။

ဒီနေရာမှာ ကျွန်မ ပြန်စဉ်းစားပါတယ်။ ယောက်ျားလေးတွေ ဘာလို့ ဖောက်ပြန်ရလဲ။
ချုပ်ချယ်လို့ အရမ်းနိုမ်လို့ နားပူနားဆာ လုပ်လွန်းလို့ တစ်ဖက်တည်းပဲ ကြည့်တတ်လို့ဘာလို့ ညာလို့ စသဖြင့်ပေါ့။
အကြောင်းပြချက်တွေ အများကြီး ထွက်လာမှာပဲ။ ဒါပေမယ့် ကျွန်မချုံ့ပြမယ်။ တစ်ချက်ပဲ။ဘာလို့လဲဆိုတော့ အဓိကက respect လေးစားမှု ပါ။  ဟုတ်တယ်လေ။ တစ်ယောက်နဲ့ တစ်ယောက်မှ respect မရှိရင် ဘာသွားလုပ်မတုန်း။
နမူနာတစ်ခုပြမယ်။ ကောင်လေးက သူ့ကောင်မလေးကို အရမ်းချစ်တယ်။ ကောင်မလေးကလည်း ချစ်မှန်းသိတော့ အနိုင်လိုချင်တယ်။ ဟိုဟာလုပ်ပေး ဒီဟာလုပ်ပေး။ ဒါက တော်ရုံသဖြင့်ပဲ ကောင်းတယ်။ ကြာလာတော့ ကိုယ့်ကို ချစ်ပါတယ် ဆိုတဲ့သူလည်း ရံဖန်ရံခါတော့ ထွက်ပေါက်ရှာတတ်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ အလိုက်သိတတ်တဲ့ သူလေးတစ်ယောက်များ မတွေ့လိုက်နဲ့။ အောင်မလေး ရေစက်သာချလိုက်တော့။ ပါသွားဖို့က ကျိန်းသေပဲ။ ပြောချင်တာက ယောက်ျားလေးဆိုတာ အရမ်းကြီး လိုက်ထိန်းချုပ်လို့မရပါဘူး။ ဘော်ဒါတွေနဲ့ အပြင်သွားမယ်ဆိုလည်း တစ်ခါတစ်လေ ခွင့်ပြုပေးတာမျိုးတော့ ကိုယ့်ဘက်က လိုက်လျောသင့်တယ်။ ကိုယ်ပဲချစ်တယ်ဆို။ အလိုတော့ လိုက်ရမှာပေါ့။

နောက်တစ်ခုက မိန်းကလေးက ပိုတော်နေတဲ့ အခါမျိုးမှာပါ။ မိန်းကလေးက အလုပ်မှာ ရာထူးပိုကြီးတယ်။ ဝင်ငွေပိုရှာနိုင်တယ်။ ပိုပြီးတော့ လူတောတိုးတယ်။ ပိုပညာတတ်တယ် စတာမျိုးတွေမှာ ယောက်ျားလေးတွေဘက်က သိမ်ငယ်လာနိုင်ပါတယ်။ ဘယ်လိုယောက်ျားမျိုးပဲ ဖြစ်ပါစေ။ ကိုယ့်ချစ်သူ အားကိုးတာ ခံချင်ကြတာချည်းပါ။
(မိန်းမထမီနားခိုစားသော လက်ကြောမတင်းများကို မဆိုလိုပါ။) အဲ့ဒီအချိန်မှာ ကိုယ့်ရည်းစားက super power နဲ့ဖိဟောက် ကိုယ်က အနှိမ်ခံရ အဲ့ဒါနဲ့ တခြားမှာ ကိုရီး ကိုရီးနဲ့ အားကိုးချင်သူလေးကိုတွေ့။ အဲ့ဒါပါပဲ။
အဓိကကတော့ respect ပါ။ ယောက်ျားလေးများကလည်း ကိုယ့်ချစ်သူအပေါ် respect ထားသင့်သလို မိန်းကလေးတွေလည်း ထိုနည်း၎င်းပါ။ ကိုယ့်ကို ချစ်တိုင်း အနိုင်မကျင့်ပါနဲ့။

ကိုယ်ချစ်တဲ့သူကို ကိုယ့်နားမှာပဲ ရှိစေချင်ရင် လေးစားမှုရှိပါစေ။ သူထွက်သွားမှ လိုက်ဆွဲလည်း အလကားပါပဲ။
ဒါဟာ ၉၀% သော စုံတွဲများအတွက် ထိရောက်ပါတယ်။ နဂိုဗီဇကိုက ဖောက်ပြန်ချင်နေသူဆိုရင်တော့ ကြိုးနဲ့တုပ်ထားတောင် မရပါဘူး။ ခွေးမြီးကောက်ကို ကျည်တောက်စွပ်ပေးရင် ကျည်တောက်ပါ ကောက်သွားမယ့် ခွေးမြီးလိုမျိုး။

နောက်ဆုံးအချက်ပါ။ ဒါက မိန်းကလေးတွေ စဉ်းစားဖို့။

* ကိုယ်တွဲနေတဲ့သူဟာ အရှုပ်အရှင်းကင်းရဲ့လား။

သူ့ဟာသူ ပိုင်ဆိုင်သူ နံပါတ်ဝမ်းကြီး ရှိနေလား။ ကိုယ့်ကို ဘာသဘောနဲ့ လာတွဲတာလဲ။ သေချာစွာစဉ်းစားဆုံးဖြတ်ပါ။ အဖြေမပေးရသေးရင်တော့ ပိုလို့ ကောင်းပါတယ်။ အပြန်ပြန်အလှန်လှန် စဉ်းစားလို့အချိန်ရတာပေါ့။ အကယ်၍များ ကိုယ်တွဲနေတဲ့သူမှာ နဂို ဥစ္စာစောင့်ကြီး ရှိနေခဲ့ရင် …
တစ်ခုပဲ ပြောချင်ပါတယ်။ ပြိုင်မလုပါနဲ့။ သေချာပြန်စဉ်းစား။ ကိုယ်က ယောက်ျားလေးတွေကို လုရတဲ့သူ ဖြစ်ချင်လား။
ယောက်ျားလေးတွေက ကိုယ့်ကို လိုချင်လွန်းလို့ အလုခံရတဲ့သူအဖြစ် နေချင်လား။ ဟင့်အင်း မရဘူး။ ကျွန်မကချစ်တယ်။ နင်ရည်းစားရှိရှိ မရှိရှိပါကွယ်။ ငါကချစ်မှာပဲ ဆိုတဲ့ ညီမလေးများ။ လုလိုက်လို့ သူက ကိုယ့်ဆီရောက်လာပါပြီတဲ့။ ကိုယ့်ဆီကနေ နောက်တစ်ယောက်နောက် ပါမသွားဘူးဆိုတာ အာမခံရဲရဲ့လားကွယ်။ သေချာရင်တော့ လုပေါ့။ ညီမလေးတို့သဘော။ 🙂

*ဒါက ပိုင်ဆိုင်သူတို့အတွက်
ကိုယ့်ရည်းစားက နောက်ကွယ်မှာ ဘာတွေလုပ်နေလဲ။ သူငါ့ကိုချစ်တာပဲ မလုပ်လောက်ဘူး ဆိုပြီး မလွှတ်ထားပါနဲ့။ ဒါဟာလည်း သံသယတွေနဲ့ အမြဲတမ်း လိုက်စစ်ဆေးနေဖို့ မဟုတ်ဘူး။ ကိုယ့်ကိုချစ်လား မေးပါ။ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးကို တည်ဆောက်ပါ။ အချိန်ပေးပြီး ချစ်စခင်စတုန်းကလို ကလူကျီစယ်ပါ။ ကိုယ့်ဘက်က ဘာလုပ်ပေးရမလဲ။ သူဘာဖြစ်ချင်လဲ မကြာခဏမေးပေးပါ။ သူ့အတွက် လွတ်လပ်မှုသီးသန့်ပေးပါ။ ဘောလုံးပွဲကြည့်တာ သူငယ်ချင်းတွေနဲ့ တစ်ခွက်တစ်ဖလား မော့တာမျိုးတွေကို ရံဖန်ရံခါ ခွင့်ပြုပေးပါ။ အဲ့ဒါတောင်မှ သူ့ဘက်က မူမမှန်ဘူး။ ဖောက်ပြန်တဲ့ အရိပ်အယောင် သဲလွန်စကို ကိုယ့်ဘက်က သတိထားမိပြီဆိုလည်း သွေးမဆူပါနဲ့။ လွယ်လွယ်ကူကူ တိုင်တိုင်ပင်ပင် ဖြေရှင်းပါ။ ဘယ်လိုမှ ညှိမရတဲ့ အဆုံးမှာတောင် အော်ကြီးဟစ်ကျယ် ရန်ဖြစ်ပြီး ပြတ်စဲသွားတာထက် ကိုယ့်ဘက်က သာသာယာယာ လမ်းခွဲပေးလိုက်တာဟာ တစ်ချိန်မှာ သူ့ကို နောင်တအကြီးအကျယ် ရစေမှာပါ။

အဲ ပြောစရာရှိပါတယ်။ သိပ္ပံနည်းကျ စစ်တမ်းတွေအရ လူဘယ်နှစ်ယောက်ကို ဘာလုပ်လိုက်တဲ့အခါမှာ မိန်းမတွေက ဖောက်ပြန်တာကို ပိုတွေ့ရတယ်။ ဘယ်နိုင်ငံမှာ ဘယ်လို။ ဘယ်မှာကတော့ ဘာဖြစ်တာ ဆိုပြီး အကိုးအကားတွေ စာမျက်နှာတွေလှန်ပြီး သက်သေပြကြမယ့် သစ္စာရှင် ယောက်ျားထုကြီးကို ကျွန်မ စိတ်မဝင်စားပါဘူး။ မိန်းမတွေ ပိုဖောက်ပြန်တာဆိုတာ ပြောချင်လည်း သက်သက် counter ပြန်ရေးကြပါ။ okay? 😛

ဒါက ကျွန်မမြင်ဖူးတဲ့ ကျွန်မတို့ပတ်ဝန်းကျင်မှာ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်မျိုးကို ပြောပြတာ။ ယောက်ျားတိုင်း မကောင်းပါဘူး။ ပြောချင်တာက ယောက်ျားတွေအကုန်လုံးမကောင်းဘူး ပြောတာမဟုတ်ပါဘူး။ ကောင်းတဲ့ယောက်ျားတွေ အများကြီးပါပဲ။ သို့ပေသိ ငါးခုံးထီးတွေလည်း ရှိတယ်။ ဒါကြောင့် ယောက်ျားတိုင်းမကောင်းဘူး။ တချို့တလေပဲ ကောင်းတယ်။

ပြောကြဦးမယ်။ ယောက်ျားတွေ မကောင်းဘူး ပြောသေး။ ဘာကိစ္စ ယောက်ျားယူကြတုန်းဆိုသူများ။ ကောင်းမယ်ထင်လို့ ယူတာပေါ့နော်။ မိန်းမတွေ မကောင်းဘူး အော်နေပြီး မိန်းမယူနေတဲ့သူတွေလည်း ရှိတာပါပဲ။ အကြောင်းသိလို့ မကောင်းမှန်း သတိထားမိတော့လည်း ကွာကြရှင်းကြ ဖြစ်ကုန်ကြတာပဲ။ မြန်မာ့ဓလေ့ထုံးတမ်းအရ တစ်ခုလပ် တစ်လင်ကွာ ဆိုတာမျိုးကို မိန်းကလေးတွေက တော်ရုံ အဖြစ်မခံပါဘူး။ မဖြစ်မနေမှသာ ပြတ်စဲတတ်ကြပါတယ်။
မိန်းမတွေ ကြိတ်မှိတ်မျိုသိပ်ပြီး အထိန်းအသိမ်းတော်လို့ မြဲနေသေးတဲ့ အိမ်ထောင်တွေလည်း ရှိနေပါတယ်။ ဒါကြောင့်မို့ မယူခင် စဉ်းစားကြပါ။ ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း ကမ္ဘာကို ဘယ်သူမှ ဝင်စွက်ဖက်လို့ မရအောင်လည်း အချစ်တွေနဲ့ ကာကွယ်ကြရင်းနဲ့ပေါ့။

Verte (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.