ချစ်သူနဲ့ ကိုယ့်အလုပ်နဲ့ယှဉ်လာရင် ဒုတိယ တစ်ခုကို ကျွန်မဦးစားပေးမယ်

 လူတစ်ယောက်ကို ဒီလူဟာ ဘာလဲ။ ဘယ်လောက် တန်ဖိုးရှိလဲ။ အရေးပါသလဲ ဆိုတာကို အလုပ်က တန်ဖိုးဖြတ်ပေးတယ် ဆိုတာ သင်မယုံရင် ဒီစာလေးကို ဖတ်ကြည့်ပါ။

အချစ်ဟာ ဘဝရဲ့တစ်စိတ်တစ်ပိုင်းသာ ဖြစ်တယ်ဆိုတာ သင်ယုံပါသလား။
အလုပ်ဟာ ဘဝတစ်ခုလုံးဆိုတာရော သင်ယုံပါသလား။

အချစ်ဟာ မိန်းကလေးတွေရဲ့ ဘဝမှာ ရာနှုန်းပြည့် ဖြစ်ပေမယ့် ယောက်ျားလေးတွေ ဘဝမှာတော့ ရာနှုန်းအနည်းငယ်သာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
မိန်းကလေးတွေ အလုပ်လုပ်စရာ လိုသလားလို့ မေးလာရင်ကော။ လုံးဝကို လိုတာပေါ့။ လူတစ်ယောက်ရဲ့ အလုပ်ဟာ အဲ့လူတစ်ယောက် ဘာလဲဆိုတာကို သူ့ရဲ့အလုပ်က ဆုံးဖြတ်ပေးတာပါပဲ။
ဒီအတွက် ကျွန်မတို့ အပိုင်းတွေခွဲပါမယ်။

1. ဘာလုပ်သင့်လဲ။

မိန်းကလေးတွေဟာ အလုပ်လုပ်သင့်ပါတယ်။
ဒီနေရာမှာ မေးစရာရှိလာပြန်ရော။
ဟင် ကျွန်မတို့က ဘာအလုပ် လုပ်ရမှာလဲ။
ဒီနိုင်ငံက အတိုင်းအတာနဲ့ ကျွန်မပြောပြပါ့မယ်။
ပျိုမေတို့သိကြတဲ့ အတိုင်းပေါ့နော်။
အလုပ်တော်တော်များများက ဘွဲ့ရ လုပ်ငန်းအတွေ့အကြုံရှိ ဆိုတာမျိုးတွေပဲ ခေါ်တာ တွေ့ရမှာပါ။

အဲ့ဒါကို နှစ်မျိုးထပ်ခွဲပါမယ်။ ဘွဲ့ရတွေနဲ့ ဘွဲ့မရသေးသူတွေပေါ့။ ဘွဲ့ရပြီး လုပ်ငန်း အတွေ့အကြုံမရှိဘူး။ ရတယ် ကိုယ်လိုချင်တဲ့ အလုပ်နေရာ ခေါ်ထားရင် ဝင်သာလျှောက်ပါ။ အလုပ်ရှင် တော်တော်များများက အတွေ့အကြုံရှိပြီးသားကို ခေါ်ပေမယ့် မရှိသေးရင်လည်း သူတို့သဘောကျတဲ့ အရည်အချင်းမျိုး ရှိနေရင် ခန့်တတ်ကြပါတယ်။
နောက်တစ်ဆင့် ကိုယ်ဟာ လိုချင်တဲ့ရာထူးကို ရသွားပြီဆိုပါစို့။ အလုပ်မှာ မြဲသင့်မမြဲသင့်။
ဒီအလုပ်ဟာ ကိုယ့်ရဲ့ပထမဆုံးအလုပ်ဆိုရင် အနည်းဆုံး တစ်နှစ်လုပ်သင့်ပါတယ်။ ဒါမှ တခြား အလုပ်ကို ပြောင်းခဲ့သည်ရှိသော် ကိုယ့်လုပ်ငန်း အတွေ့အကြုံက သူများထက် သာနေမှာပါ။
မပြောင်းချင်ဘူး။ ဒီအလုပ်မှာ ပျော်တယ်။ အဆင်လည်း ပြေတယ်ဆိုရင်တော့ ဒီရာထူးကနေ နောက်တစ်ဆင့် တက်နိုင်အောင် ကြိုးစားပါ။ ကိုယ်အလုပ်က ထွက်မယ်ဆိုရင် အလုပ်ရှင်က မထွက်ပါနဲ့လို့ တောင်းပန်ရမယ့် အခြေအနေမျိုးထိ မိမိကိုယ်ကို ထူးချွန်နေအောင် အစဉ်အမြဲကြိုးစားနေပါ။

နောက်တစ်ခါ ဘွဲ့မရသေးသူတွေပေါ့။ ကိုယ်ပိုင်အလုပ်ကို စဉ်းစားစေချင်ပါတယ်။
ကျောင်းတစ်ဖက်တက်နေတယ် ဆိုရင် အချိန်ပိုင်း အလုပ်လေးတွေ လုပ်စေချင်တယ်။ အလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီး နောက်ပိုင်းမှာ တိုးတက်လာပြီဆိုတော့ part time လို့ခေါ်တဲ့ အချိန်ပိုင်းအလုပ်လေးတွေ လုပ်လို့ရနေပါပြီ။

2. ဘယ်လိုလုပ်ရမလဲ။

ဟာာ သူများလက်အောက်မှာ မလုပ်ချင်ပါဘူး။
ကိုယ့်ဘာသာ အားကိုးမယ်။ ကိုယ်ပိုင်အလုပ်ပဲ လုပ်ချင်တယ်ဆိုတဲ့သူတွေကိုတော့ ကျွန်မ ဒီနေရာက ချီးကျူးပါရစေ။ ဒီလိုမျိုး ကိုယ်ထူးကိုယ်ချွန် အမျိုးသမီးများကိုတော့ ကိုယ်ပိုင်လုပ်ငန်းရှင်လို့ ကျွန်မ နာမည်တပ်ချင်ပါတယ်။ ကိုယ်ပိုင်အလုပ်တော့ လုပ်ချင်တယ်။ ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတဲ့ သူများကို အကြံပေးချင်ပါတယ်။ မိမိဝါသနာပါရာ တစ်ခုခုကို ဦးစားပေးစဉ်းစားပါ။ အချက်အပြုတ်မှာ ဝါသနာပါသူများက ကိုယ့်ရဲ့ ကျွမ်းကျင်စွာချက်ပြုတ်နိုင်တဲ့ ဟင်းလျာ စားစရာအမျိုးအစားကို သေချာစွာ ပြင်ဆင်ပြီး ရောင်းနိုင်ပါတယ်။ ခုနောက်ပိုင်းမှာ လှည်းနဲ့ဖြစ်စေ ကားနဲ့ဖြစ်စေ တနိုင်တပိုင် စီးပွားဖြစ်လုပ်လာနိုင်တာ တွေ့ရမှာပါ။
ကိုယ့်အိမ်သာ မြေညီထပ်ဖြစ်နေရင် ဆိုင်သာ ဖွင့်လိုက်ပါ။ တွေဝေမနေပါနဲ့တော့။

ကျွန်မက ဟင်းမချက်တတ်ဘူး။ အချုပ်အလုပ်တော့ ဝါသနာပါသား။ ဒါဆိုရင် ဘာထိုင်လုပ်နေမှာလဲ။ အင်္ကျီချုပ်တတ်ရင် ကိုယ်ပိုင် ဒီဇိုင်းဆန်းလေးတွေ ထွင်။ ကိုယ်ဟာ အခြေခံကောင်းကောင်းမွန်မွန် တတ်မြောက်ထားတယ် ဆိုရင်လည်း အခြေခံစက်ချုပ်သင်တန်းလေး ဖွင့်နိုင်ပါတယ်။
တစ်လလုံးနေလို့ တစ်ပြားမှမဝင်တဲ့ အခြေအနေမှာ ဝင်ငွေလေး ရှိလာတော့ ပိုကောင်းပါတယ်နော်။

3. ဘယ်အတိုင်းအတာထိ လုပ်သင့်တာလဲ။

ဘွဲ့ရပြီးသည်ဖြစ်စေ မရသေးသည်ဖြစ်စေ
အရေးကြီးတာတွေက ဘာလဲဆိုရင်

– ကိုယ်ဘာဝါသနာပါလဲ။ ဘာလုပ်ချင်လဲဆိုတာကို အရင်စဉ်းစားပါ။
– ကိုယ်ဘယ်အတိုင်းအတာထိ လုပ်နိုင်လဲ ဆိုတာကိုလည်း သေချာတွက်ချက်ပါ။ နောက်မှ ကိုယ်ခွန်အားစိုက်ရင် စိုက်နိုင်သလို အလုပ်ကို ပိုကြိုးစားပါ။
– စလုပ်ကာစမှာ ပွဲဦးထွက်လှပါစေ။ ကိုယ့်လက်ရာ ကိုယ့်ရဲ့အလုပ်ဟာ သူများတွေအတွက် လှလိုက်တာ ကောင်းလိုက်တာ ဆိုတာမျိုးပဲ ဖြစ်အောင် အဓိကထားပါ။
– ကိုယ်မလုပ်ချင်ဘူးလို့ စိတ်က ဆုံးဖြတ်ထားပြီးရင် ချီတုံချတုံမဖြစ်ပါနဲ့။
မဖြစ်မနေလုပ်ရပြီဆိုရင် စေတနာထားပြီး လုပ်ပါ။

4. အလုပ်နဲ့ အချစ်က ဘာဆိုင်လို့လဲ။

ဒီဆောင်းပါးရဲ့ အဓိကအကြောင်းအရာပါ။
အလုပ်လုပ်နေရတာနဲ့ပဲ ကျွန်မချစ်သူကို ပစ်လိုက်ရတော့မှာလား။
ဆိုလိုချင်တာက အဲ့လိုမဟုတ်ပါဘူး။
အလုပ်က ကိုယ့်ဘဝကို ဦးဆောင်နိုင်ပါတယ်။
ယောက်ျားယူပြီး သူ့လုပ်စာထိုင်စားမယ်လေ ဆိုသူများကို ကျွန်မ မရည်ညွှန်းပါ။
စာဖတ်ပရိတ်သတ်တွေဖြစ်တဲ့ ပျိုမေတို့ တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် အရည်အချင်းတွေရှိတယ် ဆိုတာကို ကျွန်မတို့က ဖော်ထုတ်ပြတာပါ။
အဲ့ဒီအရည်အချင်းတွေကို အလဟဿ မဖြစ်စေရအောင်ပါ။

အလုပ်ကောင်းရင် ကံကောင်းပါတယ်။
အလုပ်နဲ့အချစ်မှာ အလုပ်ကို ဘာလို့ဦးစားပေးသင့်လဲဆိုတော့

ယေဘူယျအားဖြင့် ဥပမာလေးတစ်ခုပေါ့။
ဆယ်တန်းကျောင်းသူလေးတစ်ယောက်ဟာ ဆယ်တန်းအရွယ်မှာပဲ ရည်းစားထားမယ်ဆိုရင် သူ့ရည်းစားဟာ ဆယ်တန်းကျောင်းသားပဲ ဖြစ်နိုင်ချေ ၇၅% ရှိပါတယ်။
ဆေးကျောင်းသူတစ်ယောက် ရည်းစားထားရင် သူ့ချစ်သူကောင်လေးဟာ ဆေးကျောင်းသား ဖြစ်နိုင်ချေများပါတယ်။
ပဲပြုတ်သည်ကို ကုမ္ပဏီပိုင်ရှင်က လက်ထပ်ခွင့်တောင်းတာတို့ အရမ်းချမ်းသာတဲ့သူဌေးသမီးက ဆိုက်ကားသမားနဲ့ယူသွားတာတို့ဆိုတာ ဇာတ်လမ်းထဲမှာပဲ ရှိပါတယ်။ တစ်ရာမှာ တစ်ယောက် ဖြစ်နိုင်ဖို့ဆိုတာတောင် ခဲယဉ်းပါတယ်။
ချမ်းသာတဲ့သူဟာ ချမ်းသာတဲ့သူနဲ့ပဲ လက်ထပ်ကြတာ တွေ့ဖူးကြမှာပဲလေ။
ပြောချင်တာက ကိုယ့်အခြေအနေသာ မြင့်နေရင် ကိုယ့်ချစ်သူ ကိုယ့်ခင်ပွန်းလောင်းဖြစ်လာမယ့် သူဟာလည်း အခြေအနေနိမ့်တဲ့သူ မဖြစ်နိုင်ဘူး ဆိုတာကိုပါပဲ။
ကိုယ့်ရာထူး ကိုယ့်အခြေအနေမြင့်လာလေလေ ကိုယ်နဲ့ အဆင့်အတန်းတူတဲ့ ယောက်ျားမျိုး ပိုတွေ့နိုင်ဖို့ အခွင့်အလမ်းများလေလေပါပဲ။

ပျိုမေတို့ကို ထူးချွန်စေလိုတဲ့ ဆန္ဒနဲ့မို့လို့ ကိုယ်ကျွမ်းကျင်ရာကို လုပ်စေလိုပါတယ်။
ကိုယ့်ချစ်သူကို မချစ်ပါနဲ့လို့ ဆိုလိုချင်တာ မဟုတ်ဘဲ ချစ်သူနဲ့ အလုပ်ယှဉ်လာရင် အလုပ်ကို ပိုဦးစားပေးကြဖို့နဲ့ ကိုယ့်ချစ်သူကိုပါ အလုပ်ကြိုးစားဖို့ တိုက်တွန်းမယ် ဆိုရင်လည်း ရှေ့သွားနောက်လိုက်ညီပြီး အောင်မြင်တဲ့စုံတွဲ ဖြစ်လာမှာ မလွဲမသွေပေါ့နော့် ။

2 Comments

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.