“သူငယ်ချင်းတွေ ရည်းစားရသွားတဲ့အခါ”

သူငယ်ချင်းတွေအားလုံး အတွဲကိုယ်စီဖြစ်နေချိန်မှာ ကိုယ်တစ်ယောက်တည်း တစ်ကိုယ်တည်းသမားဖြစ်နေလို့ စိတ်ညစ်နေရလား။ ဒါဆိုရင်တော့ ဒီစာလေးဆုံးအောင် ဖတ်လိုက်နော်။

ကျွန်မမှာ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းသုံးယောက်ရှိတယ်။ ပထမနှစ်မှာတော့ လေးယောက်စလုံး ဆင်ဂယ်လေးတွေပေါ့။ တစ်နေ့တစ်နေ့ မခွဲအတူ အတူသွားအတူလာ အတူပေါခဲ့ကြတာပေါ့လေ။ အဲ ဒုတိယနှစ်လည်း ရောက်ရော တစ်ယောက်က ဗွေဖောက်လာပါရော။ သူ့ငယ်သူငယ်ချင်းကောင်လေးတစ်ယောက်နဲ့ ငြိသွားတယ်လေ။ အဲ့မှာတင် အပြင်သွားမယ်ဆိုရင် သူ့ကို ခေါ်မရတော့ဘူး။ လိုက်လာပြန်ရင်လည်း သူ့ဘဲဘဲကြီးက တစ်ချိန်လုံး တဂွမ်ဂွမ် ဖုန်းဆက်လေရဲ့။ ကိုယ်တွေမှာ သူနဲ့အပြင်သွားရတာ ဖီးလ်ကျဲလာရော။ အဲ့ဒါနဲ့ပဲ နောက်ပိုင်းအပြင်သွားရင် သူ့ကို မခေါ်ဖြစ်တော့ဘူးပေါ့။ အဲ့တုန်းက သိပ်မသိသာသေးဘူးပေါ့။

အဲ ဒုတိယနှစ် နှစ်ဝက်ရောက်တော့ နောက်တစ်ယောက်က ထပ်ဖောက်လာပြန်ရော။ သူ့အကိုရဲ့ သူငယ်ချင်းနဲ့ ငြိသွားလေရဲ့လေ။ သူ့ဘဲကျတော့ တစ်မျိုး။ ပထမ တစ်ယောက်ရဲ့ဘဲလို တစ်ချိန်လုံး တဂွမ်ဂွမ် မခေါ်ဘူး။ သူကိုယ်တိုင် လိုက်လိုက်လာတာ။ ကျွန်မတို့ကလည်း သူငယ်ချင်းတွေတွေ့ရင် ပေါ့ပေါ့ပါးပါး ငပေါမလိုပဲနေချင်တာလေ။ သူက လိုက်လိုက်လာတော့ ကျွန်မတို့မှာ အနေရအထိုင်ရကျပ်လို့။ ဒီကြားထဲ ကိုယ်တော်ချောက ဟိုကမကို ကြင်နာယုယပြနေလိုက်တာ ကျွန်မတို့လို ဆင်ဂယ်လေး နှစ်ယောက်ကိုမှ အားမနာ လျှာမကျိုးလေ။ ကိုယ်တွေမှာ အားတွေကျကျသွားလို့ Power Bank ပဲ ဆောင်ထားရတော့မလိုလို ဘာလိုလို ဖြစ်ခဲ့ရသေး။ ဒါပေမယ့် သိတယ်မလား “အော် ဘာဖြစ်ဖြစ် ငါ့ဘေးမှာ တစ်ယောက်တော့ ကျန်သေးတာပဲ” ဆိုတဲ့ စိတ်လေးနဲ့ အားတင်းကျော်ဖြတ်ခဲ့တာပေါ့။ ဒီလိုနဲ့ပဲ ရည်းစားရသွားတဲ့ ဟိုနှစ်ယောက်ကို ခေါက်ပြီး ဆင်ဂနယ် နှစ်ယောက်တည်း ဆက်လှိမ့်ခဲ့တာပေါ့လေ။ အတန်းတွေဖျက်ပြီး သူများ ကျောင်းတွေလည်း သွားလည်ခဲ့ကြသေးတာပေါ့။

တစ်နေ့ ကျွန်မ မောင်လေးတက်နေတဲ့ ဆေးကျောင်းကို သွားလည်တာပေါ့။ အဲ့မှာ ပြဿနာအကြီးအကျယ်စတာ။ အဲ့သကောင့်သားက ကျွန်မရဲ့ တစ်ဦးတည်းကျန်တဲ့ ဟိုငတိမကို သဘောကျတယ်တဲ့လေ။ အဖော်ခေါ်သွားမိတဲ့ ကျွန်မကိုယ်တိုင်က အမှား။ အပြောကြွယ်တဲ့ သကောင့်သားရဲ့ တော်ကီတွေအောက်မှာ ကျွန်မသူငယ်ချင်းငတိမ နစ်မြောသွားလေရဲ့။ ဘယ်လို ဆွဲထုတ်ထုတ် ထုတ်မရဘူး။ ဒါနဲ့ပဲ နောက်ဆုံးတစ်ယောက်လည်း ပါသွားရောဆိုပါတော့။ ဒီလိုနဲ့ပဲ ကျွန်မတစ်ယောက်တည်း ငိုင်ငိုင်နဲ့ပေါ့။

ကျွန်မမောင်လေးနဲ့ ကြိုက်တဲ့ ငတိမကတော့ ကျွန်မကို သူတို့သွားလေရာတော့ခေါ်ပါရဲ့။ ဒါပေမယ့် ကျွန်မ မောင်ကိုယ်တော်ချောက ကျွန်မကို အကြောင်းပြချက်လှလှတွေနဲ့ အမြဲ ကန်ထုတ်တယ်လေ။ ကြာလာတော့ သူတို့ အတွဲကြားလည်းမနေနိုင်တော့ဘူးလေ။ သူတို့ကို ကြည့်ရင်း ကိုယ့်စင်ဂနယ် ဘဝကို စိတ်တွေတို၊ ဒေါသတွေထွက်မိတာကိုး။ နောက်ပိုင်း သူတို့ကြား ဝင်မရှုပ်တော့ဘူး။ သူတို့ချိန်းတိုင်းလည်း အကြောင်းအမျိုးမျိုးပြပြီးတော့ပဲ ရှောင်နေလိုက်တော့တယ်။

ပထမတော့ ဝမ်းလည်းနည်းတယ်၊ အထီးလည်းကျန်၊ ဒေါသလည်းထွက်၊ အားလည်းငယ်မိတာပေါ့။ တဖြည်းဖြည်း ကြာလာတော့ ကျွန်မ နေသားကျလာတယ်။ သူတို့နဲ့ တူတူသွားခဲ့တဲ့ နေရာတွေ တစ်ယောက်တည်းလည်း သွားတယ်။ တစ်ယောက်တည်း သွားရလာရတာ အဆင်ပြေလာတယ်။ သင်တန်းတွေလည်း တစ်ယောက်တည်းတက်တယ်။ တွေ့သမျှလူတွေနဲ့ တည့်အောင်ပေါင်းတယ်။ ပျော်ပျော်နေတတ်တဲ့ ကျွန်မကို သင်တန်းက သူငယ်ချင်းတွေကလည်း ခင်တယ်။ အဲ့ဒါနဲ့ပဲ နောက်ပိုင်း သင်တန်းကလူတွေနဲ့ပဲ အပြင်တွေသွားလိုက်၊ စားလိုက်၊ လာလိုက်နဲ့ အချိန်တွေလည်း ဘယ်လိုကုန်မှန်းမသိ ကုန်သွားတယ်။ အထီးကျန်တယ်ဆိုတာ ဘာဆိုမှန်းတောင်မသိတော့ဘူး။

နောက်ပိုင်း တွေ့တဲ့လူတွေနဲ့ တည့်အောင်ပေါင်းတော့ ကျွန်မမှာ အပေါင်းသင်းဆိုတာ တစ်နေ့တခြား များလာတယ်။ တစ်ယောက်မအားရင် နောက်တစ်ယောက်နဲ့သွားတယ်။ ဟုတ်နေတာပဲ သူ့ဟာနဲ့သူတော့။ ပြောချင်တာကလေ သူငယ်ချင်းတွေ ခင်တာကခင်မှာပဲ။ ကိုယ်နဲ့ခင်နေလို့ သူတို့ကို ရည်းစားမထားနဲ့ ပြောလည်း မရဘူးလေ။ သူတို့ရည်းစားရသွားရင်လည်း လွှတ်ပေးထားလိုက်တာ အကောင်းဆုံးပါပဲ။ သူတို့ကို ဆွဲထားတော့ သူတို့မှာ ကိုယ်နဲ့ သူ့ရည်းစားကြား ဗျာများရတာပေါ့။ သူတို့ကို လွှတ်ပေးလိုက်ပြီး ကိုယ်ကလည်း ကိုယ့်ပျော်ရွှင်မှုကို ရှာတတ်ဖို့ အရေးကြီးပါတယ်နော်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.