ပတ်ဝန်းကျင်မှာ ကိုယ် နာမည်ကောင်းရစေဖို့

 အားမနာတတ်မှုနဲ့ ကိုယ်ချင်းမစာတတ်မှု တွေဟာ ကိုယ့်ကို ကောင်းကျိုး မပေးနိုင်ပါဘူး”

လူတိုင်းဟာ ကိုယ်ချင်းစာစိတ်မရှိကြပါဘူး။ ကိုယ့်ဘက်ကသာ အသာစီးလိုချင်ကြတယ်။ ကိုယ့်ဘက်က ရဖို့ပဲကြည့်တယ်။ ကိုယ်က ပြန်ပေးရရင် သိပ်မကြည်ဖြူချင်ကြတော့ဘူး။ အဓိက ကတော့ အားမနာတတ်တာလို့ ထင်ပါတယ်။  ဒါကို ကျွန်မ သတိထားမိတယ်။ ဘယ်ကနေစပြီး သတိထားမိလဲဆိုတော့ ဒီလို။

ကျွန်မ သူငယ်ချင်းတစ်ယောက်နဲ့ ရန်ဖြစ်ပါတယ်။ ဖြစ်တာက ကြီးကြီးမားမားမဟုတ်ပေမယ့် နည်းနည်းတော့ ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ စကားလုံးတိုက်ပွဲပေါ့။ ဖြစ်ရတဲ့ကိစ္စက ကျွန်မစိုက်ထားပေးတဲ့ ပိုက်ဆံကို သူ့ဆီက ပြန်တောင်းတာ နေ့ရွှေ့ညရွှေ့လုပ်နေလို့ပါ။
ပြန်မတောင်းဘဲထားလို့ရလောက်တဲ့ ငွေပမာဏဆိုရင် ကျွန်မ မတောင်းဘဲ ထားလိုက်မိမှာပါ။ ကိုယ်အခက်အခဲဖြစ်နေတဲ့ အချိန်ကျတော့ လိုအပ်တော့ တောင်းလိုက်ပါတယ်။

သူက သူလည်း အကုန်အကျများလို့ မပေးနိုင်ဘူး ပြောပါတယ်။ ကျွန်မက တစ်ခါတည်း မပေးနိုင်ရင် ခွဲပြီး ပေးဖို့ ညှိကြည့်ပါတယ်။ အဆင်မပြေပြန်ပါဘူး။ ကျွန်မလည်း စိတ်တိုလို့ သူ့ကို တစ်ခွန်းမေးလိုက်ပါတယ်။
နင်သူများနဲ့ဆိုရင်ကော အဲ့လို လုပ်လို့ရမလား လို့။ တခြားသူဆိုရင်တော့ ပြန်တောင်းရင် နင်ပေးရမှာပဲလေ လို့။

သူကလည်း ပြန်ပြောရှာပါတယ်။ တခြားသူဆိုရင်တော့ လုပ်မလား။ နင်တို့မို့လို့ လုပ်တာပေါ့။ လုပ်လို့ရတဲ့သူမို့လုပ်တာ။ တခြားသူပိုက်ဆံသာဆို မပေးဘဲနေလို့မရဘူးတဲ့။

အဖြေက ရှင်းသွားပါပြီ။ သူဟာ မပေးနိုင်တာ မဟုတ်ဘဲ မပေးလည်းရတယ် ဆိုပြီး တမင်မပေးတာပါ။
ကျွန်မသူငယ်ချင်း ကျွန်မအပေါ်ဒီလို လုပ်ရလေခြင်းဆိုပြီး ကျွန်မ စိတ်ထဲမရှိပါဘူး။
ကျွန်မစိတ်ထဲ ရှိနေခဲ့တာက … ။

ဟုတ်တယ်။ သူပြောသွားတာ။

” လုပ်လို့ရတဲ့သူ မို့လို့ လုပ်တာ ”

ဟုတ်ပါတယ်။ ဒီစကားလေးအတွက် ကျွန်မ သူ့ကို ကျေးဇူးတင်မိတယ်။ ကျွန်မတို့ သတိမထားမိတဲ့အချက်ကို သူထောက်ပြသွားလို့ပဲ။ အဓိကက ငွေရေးကြေးရေး ပြဿနာမှမဟုတ်ပါဘူး။ တခြား အကူအညီမှန်သမျှကိုလည်း သူ့ဘက်ကိုယ့်ဘက် ကြည့်တတ်ဖို့ပါ။

ကျွန်မတို့လည်း လူမှုပတ်ဝန်းကျင်မှာ ပတ်သက်နေရသမျှထဲမှာမှ လုပ်လို့ရတဲ့သူမို့လို့ အားမနာလည်း ရပါတယ်လေ ဆိုပြီး ဦးစားမပေးတဲ့သူတွေ ရှိပါတယ်။ သူကတော့ ဘယ်လိုရင်းနှီးတာ သူ့ကိုတော့ ထည့်မတွေးလဲရတယ် ဆိုတာမျိုး ကျွန်မတို့ နေ့စဉ်ဘဝမှာ ရှိနေနိုင်ပါတယ်။

တကယ်လို့ ကိုယ်ကသာ အဲ့ဒီလို လုပ်လို့ရတဲ့သူမို့လို့ လုပ်လိုက်ပါပြီတဲ့။ ခံရတဲ့သူ ဘက်ကရော ဘယ်လိုနေမလဲ။
သင်ကိုယ်တိုင် အဲ့လိုမျိုး အပြောခံ အပြုမူခံရတဲ့သူ ဆိုရင်ရော သင်ဘယ်လိုတုံ့ပြန်မလဲ။
သင့်ဘက်က အားမနာတတ်ဘူး။ ကိုယ်ချင်းမစာတတ်ဘူး။ ဟုတ်ပြီ။
သင့်အပေါ် အားမနာတတ်သူ ကိုယ်ချင်းမစာတတ်သူတွေ ကြုံလာခဲ့ရင်ရော သင်သူတို့ကို အပြစ်တင်မလား။ သူများအပေါ် ကိုယ် အားမနာတတ်ခဲ့ ကိုယ်ချင်းမစာတတ်ခဲ့တာတွေကို ပြန်တွေးပြီး ဆင်ခြင်နိုင်မလား။
ဒါအရေးကြီးပါတယ်။ ကျွန်မတို့က လူ့အသိုင်းအဝိုင်းကြားမှာ နေတော့ လူပေါင်းစုံနဲ့ ကြုံတွေ့ရမှာ ကျိန်းသေပါပဲ။

ဘယ်အချိန်မှာ အားနာရမလဲ။
ကိုယ့်ကြောင့် သူတစ်ပါးဒုက္ခရောက်ရမယ်။ အဆင်မပြေဖြစ်သွားမယ်ဆိုရင် အားနာတတ်ပါ။

ဘယ်အချိန်မှာ အားမနာသင့်ဘူးလဲ။
သူတောင်းတဲ့ အကူအညီက ကိုယ့်အတွက်အဆင်မပြေဘူး။ ဘယ်လိုမှမဖြစ်နိုင်ဘူး။ လတ်တလောတော့ ဖြေရှင်းပေးနိုင်မယ်။ နောက်ကြာလာရင် တာဝန်မယူနိုင်ဘူးဆိုရင် စောစောစီးစီးခေါင်းရှောင်ပါ။ ပြတ်သားစွာငြင်းပယ်ပါ။

ဒါပေမယ့် ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခရောက်ရတာမျိုး ကိုယ်ပဲ ပြေလည်သွားတာမျိုး တစ်ဖက်ပဲ ကြည့်မယ်ဆိုရင်တော့ သတိထားပါ။ လတ်တလော အခြေအနေကောင်းမွန်နိုင်ပေမယ့်
ကြာလာရင် ကိုယ့်သတင်းဟာ မပျံ့ဘဲမနေပါဘူး။ ဟာာ သူကတော့ ဒီလိုအကျင့်ရှိတယ်။ ဟယ် ဟုတ်လား ဝေးဝေးကရှောင်မှ ဆိုတာမျိုးတွေ ကိုယ့်အပေါ် ဖြစ်လာခဲ့ရင် ဘယ်လိုမှ မကောင်းနိုင်ပါဘူး။

ဒါကြောင့် ကိုယ်လုပ်မယ့်ကိစ္စ တစ်ခုကို ရေရှည်စဉ်းစားပြီးမှ ဆုံးဖြတ်ပြောဆို လုပ်ကိုင်ကြမယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ်ဟာ လူတော်လူကောင်းအဖြစ်ရပ်တည်နိုင်မှာ မလွဲမသွေပါပဲရှင်။

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.