သူ

“သူ” ဆိုတာ ဒီနေ့ ကားပေါ်မှာတွေ့ခဲ့တဲ့ ကောင်လေးကို ပြောတာပေါ့။ သူ့ကို ကျွန်မ စတွေ့တာ BRT ပေါ်မှာပေါ့။ သူ ကားပေါ် စတက်လာတည်းက သူ့ကို သတိထားမိခဲ့တယ်။ သူ့ပုံစံက ကျွန်မ သဘောကျတဲ့ယောက်ျားလေးပုံစံနဲ့ တစ်ထပ်တည်းကျနေတယ်လေ။ ကျွန်မ တော်တော်တောင် အံ့သြမိသွားတာ။ ရင်တွေပါဖိုလို့။ ယောက်ျားပီပီသသဆံပင်ပုံစံကို ဂျယ်လ်လေးနဲ့သေချာပုံသွင်းထားတဲ့ သူ့ပုံစံလေး၊ အရပ်က ရှည်ရှည်၊ မပိန်မဝခန္ဓာကိုယ်လေးနဲ့ အသားကခပ်ဖြူဖြူ၊ သူ့ရဲ့ လမ်းလျှောက်တဲ့ဟန်လေးရယ်က ကျွန်မ စံသတ်မှတ်ထားတဲ့ အနာဂါတ်ကောင်လေးရဲ့ ပုံစံနဲ့ တစ်ထေရာတည်းပဲ။ ပြီးတော့ ဝတ်ထားတာကလည်း ဖရီးစတိုင်လေး။ အဲ့တာ လုံးဝ ကျွန်မကြိုက်တဲ့ ကောင်လေးပုံစံမျိုးပဲ။ (ကျွန်မ အဲ့လိုကောင်လေး ပုံစံမျိုးကို စောင့်ရင်းနဲ့ “ဆင်ဂနယ်” ဖြစ်လာတာ သူငယ်ချင်းတွေဆို ကလေးနှစ်ယောက်ရနေတဲ့သူကရ၊ လက်ထပ်တဲ့သူက လက်ထပ်နဲ့။ ကျွန်မကသာ ဇွဲမလျှော့ဘဲ ကျွန်မရဲ့ စံချိန်စံညွှန်းမီတဲ့ ကောင်လေးကို စောင့်နေခဲ့တာ ခုဆို အပျိုကြီး ဘွဲ့တောင်ရလို့) အာ့ကြောင့်ကျွန်မ သတိတောင်မထားမိလိုက်ဘဲ သွားရည်တစ်ပေါက် “ပေါက်ခနဲ” ကျမိ အဲဟုတ်ပေါင် ငေးခနဲဖြစ်သွားမိ။ သတိဝင်လာတော့မှ အမလေး မိန်းကလေးသိက္ခာကျတော့မှာပဲဆိုတဲ့ အသိနဲ့ သွားရည်လေးသုတ် ဟုတ်ပေါင် ဣနြေ္ဒလေး ကမန်းကတည်း ပြန်ဆည်။

အဲ့အချိန် ကျွန်မရှေ့ထိုင်ခုံလေး တစ်ခုံရယ်၊ ကျွန်မ ဘေးမှာ တစ်ခုံရယ်၊ ကျွန်မ နောက်က ခုံတစ်ခုံရယ် လွတ်နေတယ်။ ဖြစ်ချင်တော့ ကျွန်မရှေ့တည့်တည့်မှာ သူ လာထိုင်တယ်။ ဘယ်လို ပျော်သွားမှန်းမသိတာလေ။ ဘာလို့ဆို သူ နောက်ခုံမှာ ထိုင်ရင် တမင်ကို နောက်လှည့်ကြည့်ရမှာဆိုတော့ မိန်းကလေး သိက္ခာကျနိုင်တယ်လေ။ L ဘေးခုံမှာ ထိုင်ပြန်ရင်လည်း ရင်ခုန်သံတွေ ဗလောင်ဆူပြီး ကျွန်မ အကျင့်တိုင်း ပျာယာတွေခတ်ပြီး ဗြောင်းဆန်ကုန်ဦးမှာ။ ရှေ့ခုံမှာဆိုတော့ ခပ်တည်တည်ပဲ ငမ်းလို့ရ အဲ ငေးလို့ရတာပေါ့။ သူ့နောက်မှာ ထိုင်နေတဲ့ ကျွန်မ သူ့ဆီက ရေမွှေးနံ့ သင်းသင်းလေး ရတယ်။ ကျွန်မအရမ်းကြိုက်တဲ့ ရေမွှေးနံ့လေး။ ကျွန်မ ရေမွှေးနံ့နဲ့တူတူပဲ။ အဲ ငါနဲ့ အကြိုက်တူတယ်ပေါ့ ဘာညာပေါ့နဲ့ အတွေးတွေ နယ်ချဲ့။ နယ်ချဲ့နေတုန်း သူ ဖုန်းထုတ်ပြီး ဖေ့ဘွတ်ခ်သုံးတော့ သူ့အကောင့်လေး မြင်လိုမြင်ငြား ခိုးကြည့်တာပေါ့။ ဖြစ်ချင်တော့ ကံမကောင်းတာလားပဲ စီးလာတဲ့ကားက BRT ဆိုတော့ ဟိုဘတ်စ်ကားတွေလို ထိုင်ခုံတွေက ဒူးကျပ် ပေါင်ကျပ် မဟုတ်ဘူးလေ။ အဲ့မှာ BRT ကိုတောင် မသိမသာ ကျိန်ဆဲမိလိုက်သေး။ 😛 ခုံတွေက နည်းနည်းခြားနေတော့ သူ့အကောင့်ကို မမြင်လိုက်ရဘူး။ L အဲ့တာနဲ့ ဘယ်သူမှမသိအောင် သူ့ကို နောက်ကနေ ဓာတ်ပုံလေးခိုးရိုက်ခဲ့တယ်။ အကြံကတော့ သူ့ပုံလေးကို ဖေ့ဘွတ်ခ်မှာ တင်ပြီး ဖူးစာရှင်ပျောက် ရှာမယ်ပေါ့လေ။ အတွေးနဲ့တင်ကြည်နူးနေတာပေါ့။ အံမယ် စိတ်ကူးထဲမှာ ရည်းစားတောင် ဖြစ်လိုက်သေး။ အဆင့်တွေ ကျော်တာ ကျော်တာ ဆိုတာလေ။ ဟီးဟီး 😛 ဒါပေမယ့် သိတယ်မလား မိန်းကလေးဆိုတာ ကိုယ်က စပြောခွင့် မရှိတဲ့ သူတွေ၊ စိတ်ကူးလေးနဲ့ပဲ ကျေနပ်ရတဲ့သူတွေလေ။ L ကိုယ် စိတ်ကူးအယဉ်ကောင်းတုန်း ဖုန်းသံဝင်လာတယ်။ နီနီခင်ဇော်ရဲ့ ဂယ်ပဲ ဂယ်ပဲ ဆိုတဲ့ သီချင်း။ ဘယ်သူ့ဆီကလည်းဆိုတော့ သူ့ဆီက။ “အယ် သူ့အသံလေး ကြားရတော့မယ်” ပေါ့ဆိုပြီး ကိုယ့်မှာ နှလုံးပီတိ ဂွမ်းဆီထိနေတာ။ အမလေး သူ့အသံထွက်လာမှ ကိုယ့်မှာ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ပါးစပ်ကလည်း အဟောင်းသား? အဲ့အချိန် ယင်ကောင်မရှိလို့ ရှိရင် ကိုယ့်ပါးစပ်ထဲ ဝင်မှာ အသေချာပဲ။ သူ့အသံ ကြားကြားချင်း ရှက်ရှက်နဲ့ နီးစပ်ရာမှတ်တိုင် ပြေးဆင်းမိသွားတယ်။ ရှက်လွန်းလို့ မျက်နှာတောင် ဘယ်နားထားရမှန်းမသိဘူး။ ကိုယ့်အကြောင်း ဘယ်သူမှ မသိလိုက်ပေမယ့် ကိုယ်တစ်ယောက်တည်း မျက်နှာတွေပူ ချွေးတွေပြန်နဲ့၊ ဘတ်စ်ကားဂိတ်မယ် ကြောင်တောင်တောင်ဖြစ်လို့။ ဖြစ်မှာပေါ့ သူ့ဆီက လုံးဝမထင်ထားတာမျိုး ကြားလိုက်ရတယ်လေ။ “ဟဲ့ ကမ နင်ဘယ်လို ပြောလိုက်တယ် အဲ့ကောင်မကို ပြောလိုက်ပါလား ငံပြာရည်ဇော်တွေ သိပ်နံတယ်လို့၊

ပြောလိုက်စမ်းပါ ငါတို့ကို လာပြီး ဂဠုန်တွေလာမဆန်နေနဲ့လို့၊ အဲ့ကောင်မက ငါတို့ကို ဘာ အောက်မေ့နေလဲ သူ့ဆိုင်ရှေ့သွားပြီး ဝုန်းပစ်လိုက်ရ ……….. ”
ဒီလို ကိုယ့်စံနဲ့ ညီတဲ့ကောင်လေးမျိုးနဲ့ ဆုံဖို့ နှစ်ချီစောင့်ခဲ့ရတာ မတန်ပါဘူးရှင်။

Jasmine (Forhermyanmar)

Jasmine

I am a girl, who is dynamic and really enthusiastic to share my knowledge, experiences with all the girl. I am really fond of makeups and keep learning how to do perfect makeup.

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.