ငယ်ဘဝနိုင်ငံတော်

ငယ်ဘဝဟာ ကောင်းကင်မှာပျံ့ကြဲ  ဂိမ်းဆိုင်ရဲ့ ပိုက်ဆံပုံးမှာ ကျွန်တော့်ရဲ့ အကြွေလေးတွေ ခဏခဏ အိမ်ပြောင်းရတယ်။
ရီမုဒ် က သတ်မှတ်လိုက်တဲ့ အချိန်အတွင်းမှာ သဲသဲမဲမဲ ကျုံးရ ချရ ဆရာမတွေက သတ်မှတ်လိုက်တဲ့ အချိန်အတွင်းမှာ
ဖင်ကုတ်ရ ခေါင်းကုတ်ရနဲ့  တစ်နှစ်တစ်တန်း ဟာ ဘယ်လို မြင့်တက်သွားမှန်းကို မသိခဲ့တာပဲ။

ဂေါ်လီခေတ် မှာ ဒူးတွေ တံတောင်တွေ စထောက်ခဲ့ရပါပြီ။ အိုလံပစ်အပြေးသမားတွေဖြစ်မှန်းမသိ ဖြစ်လာကြပါပြီ။
ဂေါ်လီ ဘူး တဂေါက်ဂေါက်နဲ့  ခေါင်မှန်းပစ်ခဲ့တာ။ အလှဒိုးတွေ ရ ရင် အိမ်မက်ထဲထိ လက်ဝါးလေးထဲဆုပ်ထားခဲ့တာတွေဟာ
ဘဝရဲ့ အကိုင်းအခက်တွေထဲက စိမ်းလန်းမှုလေးတွေဖြစ်နိုင်ပါတယ်။

ပိုကီမွန်ခေတ် မှာ အရေအတွက်ဝါဒကြီးစိုးတယ်။ များများကိုင်ထားနိုင်သူက များများအာဏာရှိတယ်။
သူဟာ ကုန်သွားတဲ့ ကလေးတွေ နောက်က ဆက်ထပ်ပြီး နိုင်ခဲ့ရင် လိုသလောက်  သိမ်းကျုံးယူသွားနိုင်တဲ့ဘူဇွာဖြစ်ပါတယ်။

ပုံခေတ် မှာ တော့ပါဝါရိမ်းဂျားနဲ့ ကိုရီးယား မင်းသားတွေ ကြီးစိုးပါတယ်။ ထောင့်ဆုံးက ဂဏန်းတွေဟာ ကျွန်တော်တို့ 
အသက်ဘဝတွေဖြစ်ပြီး အုံထူရင်ထူသလောက် တစ်ဖက်လူ ဂဏန်းတူခဲ့ရင် ရူးသွပ်သွားစေနိုင်ပါတယ်။

မြောင်းကြားတွေက ဖားတစ်ပိုင်းငါးတစ်ပိုင်းလေးတွေနဲ့ တစ်ခေါက်ပြန်ဆုံချင်ပါသေးတယ်။ ရေသန့် ဘူးခွံ တစ်ဝက်ပြတ်ထဲကို
မွန်းကျပ်မှုတွေများလာတဲ့အခါ ကျွန်တော် ပြန်ဝင်ထိုင်ကြည့်ချင်လာပါတယ်။

လေသေနတ်တွေနဲ့ တိုက်ပွဲတွေ ဆိုက်က္ကားနောက်ခုံ ခြေနင်းက ခိုးလိုက်ရတာတွေ ဖိနပ်ပစ်လိုက်ရာမှ ထိသွားတဲ့ ပုံ အုပ်တွေ ဟာ
ကျနော့် ဘဝအပေါ်မှာ တစ်စစ လွင့်ပျံသွားပါတယ်။

နှစ်တွေကြာလာတဲ့အခါမှာ ကျွန်တော်နေတဲ့ရပ်ကွက်လေးဟာ ညနေတိုင်းမှာ ငြိမ်သက်တိတ်ဆိတ်လျက်ရှိပါတယ်။
တံခါးခေါက်သံကြားလို့  ထဖွင့်တဲ့အခါမှာ တော့ ဘေးအိမ်ကကလေးဟာ Zapya နဲ့  Coc Update ကို Share ဖို့ 
အသင့်ဖြစ်နေပါပြီ။
လူညိုယဉ်(ဥပဒေ)

Credit #KaungGonHtin

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.