ဖေဖေ့ဒိုင်ယာရီ

ကိုယ့်ဘဝဟာ အချည်းနှီးလို့ ခံစားမိရင် ဒီစာလေးဖတ်ပါ။
မိဘတွေကိုပါ သတိရပေးပါ။

ဖေဖော်ဝါရီ ၈, ၁၉၉၂ – ဒီနေ့ သမီးလေးကို မွေးတယ်။ ပျော်လိုက်တာ ဆိုတာလေ။ သမီးလေး အမေလည်း ပင်ပန်းရှာတယ်။ ယောက်ျားဖောင်စီး မိန်းမမီးနေဆိုသကိုး။ ခမျာလည်း အသက်နဲ့ရင်းပြီး မွေးခဲ့ရတာ။ ငါတို့လင်မယားတော့ မိဘအရာ ရောက်ခဲ့ပြီ။

မတ် ၁၈, ၁၉၉၂ – သမီးလေးတောင် တစ်လကျော်နေပြီ။ သမီးလေးကို နာမည်လည်း ပေးပြီးပြီ။ နာမည်ဆိုတာ သားသမီးတွေ ငြင်းခွင့်မရှိတဲ့ မိဘတွေပေးတဲ့ ပထမဆုံးအမွေလေ။ ငါတို့ရဲ့ အဖိုးတန်ရတနာလေး။ သမီးလေးဟာ ကံကောင်းခြင်းတွေကို ယူဆောင်လာတယ်။ ဒါပေမယ့် သမီးလေးရယ် ဖေဖေနဲ့ မေမေ ဆင်းရဲတာကတော့ သမီးလေးကုသိုလ်ကံပေါ့။ သမီးလေးကို ဖေဖေတို့က လိုလေသေးမရှိအောင်တော့ ထားမယ်ဆိုတာ ယုံလိုက်ပါ ကလေးရယ်။

သြဂုတ် ၁, ၁၉၉၇ – သမီးလေးတောင် ကျောင်းတက်နေပြီ။ သမီးလေးက စာတော်တယ်။ ငါတို့မှာ ဆင်းရဲတော့ ပညာအမွေပဲ ပေးလို့ရမှာပဲ။ ငါ့သမီးလေး ပညာတတ်ဖို့ကတော့ ငါအစွမ်းကုန်ကြိုးစားရမယ်။ ဘာပဲ လုပ်ရလုပ်ရကွာ။

ဧပြီ ၁၈, ၂၀၀၂ – တော်လိုက်တဲ့ ငါ့သမီးလေး။ တစ်ကျောင်းလုံးမှာ ပထမရတယ်။ သမီးလေးကို ဘာလိုချင်လဲမေးတော့ ဝက်ဝံရုပ် အကြီးကြီးဆိုပဲ။ ငါဝယ်ပေးမှပါလေ။ ငါ့သမီးလေး တော်တော်ပျော်သွားမှာ။ ငါကြိုးစားရမယ်။

ဧပြီ ၂၀, ၂၀၀၂ – ဝက်ဝံရုပ်ကြီးကိုလည်း တွေ့ရောလေ။ ငါ့သမီးလေး ပျော်နေတာဆိုတာ။ သမီးလေးပျော်တော့ ဖေကြီးလည်း ပျော်တာပေါ့။ ဖေကြီးစုထားတဲ့ ပိုက်ဆံလေးလေ ဝက်ဝံရုပ်ဝယ်ဖို့က ဘယ်လောက်မလဲ။ အကြံရလို့ တော်သေးတာပေါ့။ ဆေးရုံတွေကို တစ်ရုံဝင် တစ်ရုံထွက် သွေးလိုက်ရောင်းခဲ့တာ။ ဆေးရုံတစ်ရုံကတော့ ငါ့သွေးတစ်ပုလင်း ဝယ်လိုက်တယ်။ အဲ့ဒါကြောင့် သမီးလေး လိုချင်တာ ဝယ်ပေးလို့ရသွားတယ်။ ဘုရားမတာပါပဲ။ မေကြီးကိုတော့ မပြောတော့ပါဘူးလေ။

ဇွန် ၁၆, ၂၀၀၈ – ငါ့သမီးလေး အောင်တယ်။ ငါ့သမီးလေး စာမေးပွဲအောင်တယ်။ အောင်တာမှ ဂုဏ်ထူး ငါးဘာသာတောင်။ တော်လိုက်တဲ့ သမီးလေး။ ငါ့သမီးလေး ဘွဲ့ရဖို့ ငါဒီထက် ပိုကြိုးစားရမယ်။

ဇူလိုင် ၁၄, ၂၀၀၈ – သမီးလေးက ဆရာဝန်ဖြစ်ချင်တယ်တဲ့။ ဆေးတက္ကသိုလ် ပို့ပေးရမှာပေါ့။ ဆရာဝန်ဖြစ်ဖို့က ပညာသင်စရိတ် အရမ်းကုန်တယ်ဆိုပဲ။ ငါ့သမီးလေး အတွက်ပဲ။ ငါရအောင် ထားပေးမယ်။ ငါ့သမီးလေးဟာ တစ်ချိန်မှာ ဆရာဝန်မကြီး ဖြစ်ကိုဖြစ်ရမယ်။

အောက်တိုဘာ ၅, ၂၀၀၈ – ငါ့သမီးလေးကို ဆေးကျောင်းထားဖို့ ပိုက်ဆံတွေငါရှာနိုင်ခဲ့ပြီ။
လောလောဆယ်တော့ ငါကျောက်ကပ်တစ်ခြမ်း ထုတ်ရောင်းခဲ့လိုက်ပြီ။ သမီးလေး ကျောင်းစရိတ်တော့ လတ်တလော လောက်နေဦးမှာပါလေ။ ဒါလည်း ငါ့မိန်းမ သိလို့မဖြစ်ဘူး။ ဒီကျောက်ကပ်လှူဖို့ကို ချီတုံချတုံ ဖြစ်နေပေမယ့် ငါ့သမီးလေးအတွက်လို့ စဉ်းစားမိလိုက်တာနဲ့ ဖေကြီးမဆိုင်းမတွ ထုတ်ရောင်းနိုင်ခဲ့တယ်။
ငါ့သမီးလေး ပညာသင်စရိတ်လိုတိုင်း သွေးထုတ်ရောင်းလိုက်ရင် အဆင်ပြေတာပဲ။ ငါ့သမီးလေးဟာ ဆရာဝန်ကြီး ဖြစ်ကိုဖြစ်ရမယ်။

စက်တင်ဘာ ၃၀, ၂၀၁၅ – ငါ့သမီးလေး ဘွဲ့ရပြီ။ ဆရာဝန်မကြီး ဖြစ်ပြီကွ။ ဖေကြီးနဲ့ မေကြီးတို့ အားထားရတဲ့ ဆရာဝန်မကြီး ဖြစ်လာပြီပေါ့။
ခုတောင် အလှပြင်ဆိုင်မှာ သွားပြင်နေပြီ။ ဖေကြီးနဲ့ မေကြီးက အဝတ်အစားလဲပြီး စောင့်နေမယ်လေ။ ပြန်လာရင် သားမိသားဖ သုံးယောက် ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ သမီးလေးအတွက် လက်ခုပ်တီးပေးရဦးမယ်လေ။ ဖေကြီး အပျော်ဆုံးနေ့ဟာ ဒီနေ့မှ မဟုတ်ရင် ဘယ်နေ့ဖြစ်မလဲ သမီးလေးရယ်။

အောက်တိုဘာ ၇, ၂၀၁၅ – ဖေကြီး ဝမ်းအနည်းဆုံးနေ့ဟာ ဒီနေ့မှ မဟုတ်ရင် ဘယ်နေ့များ ဖြစ်ဦးမှာလဲ သမီးလေးရယ်။ ဒီနေ့က သမီးလေးရဲ့ ရက်လည်လေ။
ဖေကြီးထင်ထားတာကလေ သမီးလေးက လူနာတွေကို ဆေးကုမယ်။ ဖေကြီးနဲ့ မေကြီးက အိမ်မှာပဲ အနားယူတော့မယ်။ မိသားစုတွေ စုံစုံညီညီ ထမင်းဝိုင်းလေး ဖြစ်ရမယ်။ အားလပ်ရက်တွေမှာ ခရီးလေး ဘာလေးထွက်မယ်လေ သမီးရဲ့။
သမီးလေးက ဘာလို့ ဖေကြီးတို့ကို ထားခဲ့ရတာတုန်း။ ဖေကြီးတို့နဲ့ မနေချင်တော့လို့လား။ သမီးလေးကိုလေ ဘွဲ့ယူတဲ့နေ့က အလှပြင်ဆိုင်က ပြန်အလာကို ဖေကြီးတို့ စောင့်နေခဲ့တာ။ မိသားစု သုံးယောက် သမီးလေးဘွဲ့ယူတာ အတူတူသွားမယ်လေ။ မဟုတ်ဘူးလား။ ဖေကြီးက အဲ့လိုထင်တာ သမီးရဲ့။ ဖေကြီးထင်ထားတာက … ဖေကြီးထင်ထားတာက အလှတွေပြင်ပြီး ချိတ်ထမီလေးနဲ့ အလှကြီးလှပြီးဆင်းလာမယ့် ဖေ့သမီး ဆရာဝန်မလေးလေ။ ဘာဖြစ်လို့ လူတစ်ယောက်က သမီးလေး အလောင်းကို ပွေ့ချီလာတာလဲ။ ဖေကြီးရော မေကြီးရော အရမ်းတုန်လှုပ်သွားခဲ့တာ သမီးလေးသိလား။
သမီးအလောင်းကို ပွေ့လာတဲ့သူကလေ ဖေကြီးကိုပြောတယ် သမီးရဲ့။ ငါ့သမီးလေး အလှပြင်နေတုန်း သမီးရဲ့ ကောင်လေးဆီက ဖုန်းလာတယ်တဲ့။ သမီးတို့ချင်း စကားများပြီး ဖုန်းချလိုက်ပြီးတော့ ဘေးမှာရှိတဲ့ ဆံပင်ညှပ်ကတ်ကြေးနဲ့ သမီးလေး ကိုယ့်ကိုယ်ကို သတ်သေခဲ့တယ်လေ။ ဖေဖေနှမျောလိုက်တာ သမီးရယ်။ ဟုတ်ပါတယ်။ ဖေကြီးတို့က ဆင်းရဲပါတယ်။ ဒါပေမယ့် ငါ့သမီးလေး မျက်နှာငယ်ခဲ့ရဖူးလားကွယ်။ သမီးလေးရဲ့ မေကြီးဆိုရင်လည်း သူ့အသက်နဲ့ရင်းပြီး သမီးလေးကို မွေးခဲ့ရတာလေကွယ်။ ဖေကြီးကရော ငါ့သမီးလေးလိုသမျှ ဖေကြီးအသွေးနဲ့အသားနဲ့ ရင်းပြီး ရအောင်လုပ်ပေးခဲ့တယ်မဟုတ်ဘူးလား။
ငါ့သမီးလေးက လူဆင်းရဲပေမယ့် စိတ်မဆင်းရဲရအောင် ဖေကြီးတို့ ထားပေးခဲ့ပါတယ်ကွယ်။ သမီးလေးဟာ ဘွဲ့ဝတ်ရုံလေးနဲ့လှနေရမှာလေ။ ဖေကြီးတို့မြင်ချင်တာ သွေးတွေနဲ့ မဟုတ်ဘူး။ သမီးလေးရဲ့ သွေးတွေအစား ဖေကြီးရဲ့ သွေးတွေသာ ဖြစ်လိုက်ပါတော့လား။ ဖေကြီးနဲ့မေကြီးတို့ အသက်ထက်ပိုချစ်ရတဲ့ သမီးလေးက တခြားသူ တစ်ယောက်အတွက်နဲ့ အသေခံသွားသတဲ့လား။ ဒီအတွက် ဖေကြီး စိတ်မကောင်းဖြစ်ရင် ဖေကြီး တရားမလွန်ပါဘူးနော် သမီးလေးရယ်။ ငါ့သမီးလေး လူ့လောကက မြန်မြန်ဆန်ဆန်ထွက်ခွာသွားတာကို ဖေကြီးတို့မတားလိုက်နိုင်ခဲ့ဘူး။
ငါ့သမီးလေး ကောင်းရာ မွန်ရာ ရောက်ဖို့ ဖေကြီး သွေးထုတ်ရောင်းပြီး သမီးလေးအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးနေဦးမှာပါ။

သမီးလေးကို ချစ်တဲ့ ဖေကြီး
××××××

သားသမီးကို မချစ်တဲ့မိဘရယ်လို့ မရှိပါဘူး ပြောရင် တချို့သော မိသားစုပြိုကွဲနေသူများ မိဘမေတ္တာ အပြည့်အဝမရသူများက ငြင်းကြလိမ့်မယ်ထင်ပါတယ်။
ဒီလိုမိဘမျိုးကလည်း အနည်းစုပါပဲ။
များသောအားဖြင့် မိဘတိုင်းက သားသမီးကို ချစ်ပါတယ်။ ချစ်ပုံချစ်နည်းချင်းပဲ မတူကြတာပါ။ အဲ့ဒီအချိန်မှာ သားသမီးတွေကလည်း ငါတို့မိဘတွေက ငါတို့ကို မချစ်ဘူးလို့ ထင်ကြမှာပါပဲ။

ကျွန်မ အပေါ်က ရေးခဲ့တာက ဖြစ်ရပ်မှန်ပါ။
(မိသားစုအကြောင်းကတော့ အကြမ်းဖျင်းပါ။ ဒိုင်ယာရီပုံစံမျိုးက ကိုယ့်ဘာသာ ပြန်ရေးထားခြင်းဖြစ်ပါတယ်။)
အဲ့မိဘနှစ်ပါးဟာ သူတို့သမီးလေးကို ချစ်လွန်းရှာပါတယ်။ သူတို့တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ သူတို့မေတ္တာကို ပြသတယ်။ သမီးလေးသိလားဆိုတော့ မသိသွားပါဘူး။ မိဘတွေပေးဆပ်ထားတာက အသွေးနဲ့ အသားနဲ့ပါ ရင်းထားခဲ့ရတာပါ။
မိဘက မြတ်နိုးတန်ဖိုးထားလွန်းရတဲ့ သားသမီးတွေဟာ မိဘက ပြောတဲ့စကားကို နားထောင်ချင်မှ နားထောင်ပါလိမ့်မယ်။
ရည်းစားနဲ့ အဆင်မပြေရင်ဘဲ လက်ကို ဓားနဲ့မွှန်းတာမျိုး အိပ်ဆေးတွေ သောက်တာမျိုး ကိုယ့်ကိုယ်ကို သေကြောင်းကြံတာမျိုးတွေပေါ့။
ကိုယ်ဟာ အချစ်သူရဲကောင်းကြီးပါ။ အချစ်အတွက် အသက်ပင်သေသေပေါ့။
သေတာအကြောင်းမဟုတ်ပါဘူး။ ကိုယ့်ကို မွေးထားရတဲ့ မိဘနှစ်ပါးအနေနဲ့ကရော။
ကိုယ့်ကို သေစေချင်တယ်ဆိုရင် သူတို့အစတည်းက မွေးထားပါ့မလား။

ကိုယ်လုပ်တဲ့အရာတိုင်းက မိဘကို ရောင်ပြန်ဟပ်ပါတယ်။ ဘာလို့လဲဆိုတော့ သားသမီးမကောင်း မိဘခေါင်း မဟုတ်လား။
ကိုယ်က သေသွားမှ အေးမှာဆိုပြီး သေလိုက်ပါပြီတဲ့။ သေပစ်လိုက်ပါ။ မိဘတွေကို ဂရုမစိုက်ဘူးဆိုရင်ပေါ့။ အလေးအနက်မထားဘူး ဆိုရင်ပေါ့။ မချစ်ဘူးဆိုရင်ပေါ့။

ဘာအတွက်ကြောင့်မှ ကိုယ့်ကိုယ်ကို အထိခိုက်မခံပါနဲ့။ ထပ်ပြောချင်ပါတယ်။
ဘာအတွက်ကြောင့်နဲ့မှ ကိုယ့်ကိုယ်ကို အထိခိုက်မခံပါနဲ့။ ကိုယ့်ထက်တန်ဖိုးရှိတဲ့အရာ မိဘကလွဲရင် ဘာမှမရှိဘူးလို့မှတ်ထားပါ။ မိဘက ကိုယ့်အပေါ်မကောင်းဘူးဆိုရင်တောင်မှ သူတို့မွေးလို့ လူဖြစ်လာတာလေး တစ်ခုနဲ့တင် ပြန်လေးစားပါ။ ကိုယ့်ဘက်က သားသမီးဝတ္တရားကျေရင် ဘယ်တော့မှ ဆင်းရဲဒုက္ခ မရောက်ပါဘူး။

စိတ်ညစ်တိုင်းလည်း မိမိကိုယ်ကို ရန်ရှာတာ အသားနာအောင်လုပ်တာထက် အာရုံလွှဲပါ။ စာဖတ်နေကြည့်ပါ။ သီချင်းနားထောင်ပါ။ တစ်ခုခုလုပ်နေပါ။
ကိုယ့်ကိုယ်ကို ကံဆိုးတယ် ထင်ရင် ခုနေ လူ့လောကမှာ မရှိတော့တဲ့သူတွေကို သတိရပါ။
ကိုယ့်မှာ စားစရာမရှိရင် ဒုက္ခသည်တွေရှိသေးတာကို သတိရပါ။
ကိုယ်ဟာ သူငယ်ချင်းကောင်းမရှိဘူးဆိုရင် တခြားသူတွေကို ကူညီဖို့သတိရပါ။
သတိရပြီးတိုင်းလည်း ကိုယ်ဟာ အားကိုးနိုင်လောက်တဲ့လူတစ်ယောက် အဖြစ် ပြန်လည်တည်ဆောက်ပါ။

အသက်ကို ရန်ရှာမယ့်အစား မိဘကို သတိရပေးပါ။ သင်သေသွားလို့ သင့်အတွက် အေးမယ်ထင်ပေမယ့် ကျန်ခဲ့တဲ့ မိဘတွေအတွက် စာနာပါ။
လောကမှာ ကိုယ်ဟာ ကံအဆိုးဆုံးလို့ ဘယ်တော့မှ မတွေးပါနဲ့။ ကိုယ့်ထက် ကံဆိုးတဲ့ သူရှိတတ်ပါတယ်။ တကယ်လို့များ ကံအဆိုးတကာ့ အဆိုးဆုံးလူသားဆိုရင်ကော။ မပူပါနဲ့။ သူကံဆိုးတာကို သူသိလို့ သူကိုယ်တိုင် ပြောင်းလဲပြင်ဆင်နေလောက်ပါပြီ။ သူတောင်မှ ကြိုးစားနိုင်သေးတာ။ သင်ဟာလည်း မနက်ဖြန်တိုင်းအတွက် ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်အဖြစ် တည်ဆောက်ပြလိုက်ပါ။
စိတ်ညစ်စရာဆိုတာ ကိုယ့်ဘဝမှာ မမြင်ဖူးတဲ့ တစ္ဆေသရဲလို အရာမျိုးအနေနဲ့ပေါ့။

Verte (For Her Myanmar)

No Comments Yet

Leave a Reply

Your email address will not be published.

ပျိုမေတို့အတွက် စိတ်ဝင်စားဖွယ် အကြောင်းရာများကို မြန်မာဘာသာနဲ့ နေ့စဉ်ယူဆောင်လာပေးမှာပါ။

FOLLOW US ON

About For Her Myanmar
For Her Myanmar is online media company.